နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၅
တိဗက်အရေး တက်ကြွလှုပ်ရှားသူ လူငယ်အဆိုတော်တစ်ဦးကိုတရုတ်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယအခြေစိုက် တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့(Central Tibetan Administration/CTA)က ပြောကြားခဲ့သည်။
Tzukte (ခေါ်) အဆိုတော်အဖြစ် လူသိများသော Asangသည် တိဗက်ပြည်နှင်ဒဏ်ခံရသော တိဗက်ခေါင်းဆောင် ဒလိုင်းလားမားအား ချီးကျူးဂုဏ်ပြုသည့်သီချင်းကို သီဆိုပြီးနောက် ဇူလိုင်လအစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း CTA က စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။
တိဘက်လူမျိုးများ အုပ်ချုပ်ရေး ဗဟိုအဖွဲ့(Central Tibetan Administration/CTA)သည် ပြည်ပရောက် တိဗက်အစိုးရဖြစ်သော်လည်း မည်သည့်နိုင်ငံမှ တရားဝင် အသိအမှတ်မပြုဟု ဆိုသည်။
ယခုဖမ်းဆီးမှုသည် တိဗက်အသံများအထူးသဖြင့် တိဗက်အနုပညာရှင်များနှင့် စာရေးဆရာများကို ဘေဂျင်း၏ ပိုမိုကျယ်ပြန့်သော ဖိနှိပ်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း CTA က ပြောကြားခဲ့သည်။
တရုတ်တပ်များက ၁၉၅၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိဗက်လူထုအုံကြွမှုကို ဖြိုခွင်းချေမှုန်းပြီးနောက်တိဗက်ကို ခွဲထွက်၍မရသောတရုတ်၏နယ်မြေအစိတ်အပိုင်းအဖြစ် သတ်မှတ်ကတင်းကျပ်စွာဖိနှိပ်အုပ်ချုပ်ခဲ့သည်။
တိဗက်အရေးလှုပ်ရှားသူလူငယ်အဆိုတော်ကို ဖမ်းဆီးမှုအပေါ် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တရုတ်အာဏာပိုင်များက တုံ့ပြန်ခြင်းမရှိဟုAP က သတင်းဖော်ပြသည်။
“တရားစွဲမှု (သို့မဟုတ်) သူဘယ်မှာရှိတယ်ဆိုတာ သတင်းမပေးဘဲသူ့ကို ဖမ်းဆီး ချုပ်နှောင် ထားတယ်။ ဒီလိုချုပ်နှောင်ထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို ချိုးဖောက်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ယဉ်ကျေးမှုအခွင့်အရေးနဲ့ တိဗက်ဘာသာရေးယုံကြည်ချက်တွေကို တရုတ်နိုင်ငံရဲ့ ဆက်လက်တိုက်ခိုက်နေမှုကိုမီးမောင်းထိုးပြနေတာဖြစ်ပါတယ်” ဟု CTA မှ ပြောကြားခဲ့သည်။
အသက် နှစ်ဆယ်ကျော်ရှိ Asang သည် ၎င်း၏ဂီတအားဖြင့် တိဗက်အရေးကို ပံ့ပိုးပေးသည့် ထင်ရှားသော တိဗက်အဆိုတော်တစ်ဦးဖြစ်ပြီးGebe ၏ ကျောင်းသားတစ်ဦးလည်းဖြစ်သည်။
ယခုနှစ်အစောပိုင်းတွင် Asang သည် Sichuan ပြည်နယ် Ngawa ဒေသတွင် သူ၏နဖူးပေါ်တွင် 'တိဗက်' ဟူသော စကားလုံးကိုရေးထိုးပြီးလူမြင်ကွင်းတွင် ပေါ်လာခဲ့သည်။သူ၏ လှုပ်ရှားမှုအပေါ် ချီးကျူးမှုများ အွန်လိုင်းပေါ်တွင်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာပြီး တရုတ်တာဝန်ရှိသူများ၏ ပြင်းထန်သည့်စိစစ်မှုကိုခံခဲ့သည်ဟုဆိုသည်။
တိဗက်ရှိ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ဝိသေသလက္ခဏာများကို ဖျောက်ဖျက်ရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှုများအပေါ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက မကြာခဏသတိပေး ထုတ်ဖော် ပြောဆိုခဲ့ကြသည်။(Source: AP)