နိရဉ္စရာ၊ ဩဂုတ် ၂/ ၂၀၂၅
ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် သင့်လျော်သောဒေသများတွင် နျူကလီးယားရေငုပ်သင်္ဘောနှစ်စင်းကို နေရာချထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ် ၁ ရက်၌ အမိန့်ထုတ်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
"ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ရဲ့ ရန်စတဲ့ပြောဆိုချက်တွေကို အခြေခံပြီး သင့်လျော်တဲ့ ဒေသတွေမှာ နျူကလီးယား ရေငုပ်သင်္ဘော နှစ်စင်းကို နေရာချထားဖို့ ကျွန်တော် အမိန့်ပေးထားပါတယ်။ဒီလို မိုက်မဲပြီး ရမ်းကားတဲ့ ပြောဆိုချက်တွေအပေါ် ဒီထက်မက လုပ်ဆောင်ဖို့လိုအပ်နေပါတယ်" ဟုထရမ့်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
သမ္မတထရန့် "စကားလုံးတွေက အရမ်းအရေးကြီးပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေကို မကြာခဏ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါက အဲဒီဖြစ်ရပ်တွေထဲက တစ်ခုမဖြစ်ပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟုပြောသည်။
မည်သည့် အမျိုးအစား “နျူကလီးယား ရေငုပ်သင်္ဘောများ”ဖြစ်သည်ကိုသမ္မတထရန့်က မဖော်ပြခဲ့ပေ။ ၎င်းရေငုပ်သင်္ဘောနှစ်စင်းသည် နျူကလီးယားစွမ်းအင်သုံး သို့မဟုတ် နျူကလီးယားဒုံးကျည်များ တပ်ဆင်ထားနိုင်သည်ဟုရိုက်တာသတင်းတွင် ဖော်ပြထားသည်။
နျူကလီးယားတားဆီးရေးတွင် အရေးကြီးသော တာဝန်ပေးခံထားရသည့်အမေရိကန်စစ်တပ်သည် အမေရိကန်ရေငုပ်သင်္ဘောများ၏ နေရာချထားရေးနှင့် တည်နေရာကို ထုတ်ဖော်ပြောဆိုရန် အလွန်ရှားပါးသည်ဟုဆိုသည်။
အမေရိကန်ရေတပ်က အဆိုပါကိစ္စအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ပင်တဂွန်စစ်ဌာနချုပ်က ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ဟုရိုက်တာက ဆိုသည်။
ယနေ့မှ စ၍ ၁၀ ရက်အတွင်း ရုရှားသည် ယူကရိန်းနှင့် အပစ်ရပ်စဲရေးကို သဘောတူရန် (သို့မဟုတ်) ရေနံဝယ်ယူသူများနှင့် စည်းကြပ်ခွန်ကောက်ခံရန် သမ္မတ ထရန့် က အင်္ဂါနေ့က ပြောကြားပြီးနောက်ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌဖြစ်သည့် Medvedev နှင့် သမ္မတ ထရန့်တို့သည် မခံချိမခံသာအောင် ထိကပါး ရိကပါး အပြန်အလှန်ပြောဆိုခဲ့ကြသည်ဟုဆိုသည်။
မက်ဗီဒက်၏ "သူ့စကားကို စောင့်ကြည့်ရန်" သမ္မတ ထရန့်က ပြောကြားခဲ့ပြီးနောက် မော်စကိုတွင် ဆိုဗီယက်ခေတ်နျူကလီးယား တိုက်ခိုက်ရေးစွမ်းရည်များ ပိုင်ဆိုင်ထားကြောင်း ကြာသပတေးနေ့တွင် မက်ဗီဒက်က သတိရသင့်သည်ဟု ပြောကြားခဲ့သည်။
မော်စကိုသည် ယူကရိန်းငြိမ်းချမ်းရေးအတွက် ၎င်း၏ကိုယ်ပိုင်စည်းမျဉ်းများကို ချမှတ်ထားပြီး သမ္မတထရမ့်၏သြဂုတ်လ ၈ ရက် နောက်ဆုံးထားအချိန်ပေးထားမှုအပေါ် အရိပ်အမြွက်ဖော်ပြခြင်းမရှိဟုဆိုသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကသောကြာနေ့ကပြောကြားရာတွင် မော်စကိုသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပိုမိုပြုလုပ်ရန် မျှော်လင့်ထားသော်လည်း စစ်ပွဲမှာ ၎င်း၏ ဦးစားပေးဖြစ်ကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။