သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေး တကယ်ရချင်လို့ရှိရင် ငြိမ်းချမ်းရေး ရလောက်တဲ့ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တွေကိုပြုလုပ်ဖို့လိုတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.2k

နိရဥ္စရာ၊ သြဂုတ် ၁၇/၂ဝ၁၉ (အင်တာဗျူး)

ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာ ၅ ခု တိုက်ခိုက်ခံ ရမှုအတွင်း အရပ်သား၊ ရဲနဲ့ တပ်မတော်ဘက်က ၁၅ ဦး ကျဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သြဂုတ် ၁၆ ရက်နေ့က နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက နိုင်ငံတော် သမ္မတ အိမ်တော် သတင်းစာ ရှင်းလင်းပွဲမှာ တရားဝင်ပြောဆိုပါတယ်။  ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်ပြီး၊ မြောက်ပိုင်း ၄ ဖွဲ့နဲ့ နှစ်ဘက်သဘောတူ အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးဖို့ နေရာညှိုနှိုင်းနေချိန်မှာ အခုလို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာထိခိုက်စေတယ်လို့လည်း ဦးဇော်ဌေးက မှတ်ချက်ပေး ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို AA/TNLA/ MNDAA မဟာမိတ်သုံးဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့ ရက္ခိုင့်တပ်တော် (AA) လည်း ပါဝင်နေတာမို့ AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဆက်သွယ်ပြီး တိုက်ပွဲမှာ ပါဝင်ရတဲ့ အနေအထား၊ ရှေ့ငြိမ်းချမ်းရေး အလားအလာတွေကို မေးမြန်းတင်ပြပေးလိုက်ပါတယ်။

မေး- ရက္ခိုင့်တပ်တော် (AA) အနေနဲ့  ပြင်ဦးလွင် နည်းပညာတက္ကသိုလ် အပါအဝင် နောင်ချို တိုက်ခိုက်မှုတွေမှာ ဘာကြောင့် ပါဝင်ရတာပါလဲ။
ခိုင်သုခ- ကျွန်တော်တို့ညီနောင် မဟာမိတ်တွေနဲ့ ပါဝင်တာရှိပါတယ်။ အဓိက ကတော့ကျွန်တော်တို့ ညီနောင်မဟာမိတ်တွေရဲ့ နယ်မြေဒေသ အသီးသီးမှာ ဗမာစစ်တပ်ဘက်ကနေပြီးတော့ ထိုးစစ်တွေကို အပြင်းအထန်လုပ်နေတာရှိတယ်။ ကျွန်တော်တို့ဘက်က စတိတ်မန့် ကျေညာချက်တွေ  ထုတ်ပြီးတော့ အကြိမ်ကြိမ် မေတ္တာရပ်ခံပေမယ့်လည်း ဗမာစစ်တပ်ဘက်ကနေပြီးတော့ ရပ်တန့်တာမရှိဘူး။ နောက် သူတို့ အပစ်အခတ်ရပ်စဲရေး တစ်ဖက်သတ်ကြေငြာထားတယ်လို့ပြောပေမဲ့လို့ ညီနောင်မဟာမိတ်တွေရဲ့ ဒေသတွေမှာ သူတို့ဘက်ကနေပြီးတော့ စစ်ဆင်ရေးတွေထပ်ပြီးတော့လုပ်နေတာရှိတယ်။ အဲတာကြောင့်မို့လို့ ကျွန်တော်တို့ဘက်ကလည်း စစ်ရေးအရနေပြီးတော့ လိုအပ်တဲ့တုံ့ပြန်မှုတွေကို လုပ်ရတာဖြစ်တယ်။

မေး- ရခိုင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်စွာ ဖြစ်ပွားနေတာဆိုတော့ အခု ပြင်ဦးလွင်နဲ့ နောင်ချိုတိုက်ပွဲက ရခိုင်ရဲ့စစ်ပွဲရဲ့ အရှိန်ကိုလျော့ချလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ သဘောပါလား။
ဖြေ- ဒီဟာကတော့ အဲလိုအတိအကျပြောလို့မရတဲ့အနေအထားရှိတယ်။ ဘာဖြစ်လို့ဆိုလို့ရှိရင် ဗမာစစ်တပ်ဘက်က အခုဆိုလို့ရှိရင် ကျွန်တော်တို့ ညီနောင်မဟာမိတ်နယ်မြေတွေ အသီးသီးမှာ သူတို့ထိုးစစ်တွေ လုပ်နေတာရှိတယ်။ ဆိုတော့ အဲဒီထိုးစစ်တွေကို ကျွန်တော်တို့ဘက်က ညီညီညွတ်ညွတ်နဲ့ပြန်ပြီးတော့တုံ့ပြန်တဲ သဘောမျိုးပါ။

မေး- အခု ပြင်ဦးလွင်၊ ဂုတ်တွင်း အပါအဝင် နေရာ ၅ ခုကို တစ်ပြိုင်တည်းတိုက်ခိုက်တယ်ဆိုတော့  အရှေ့ဘက် စစ်မျက်နှာမှာ တိုက်ပွဲအရှိန်မြင့်တဲ့သဘောလား။ ဒီထက် တိုက်ပွဲတွေပြင်းထန်လာနိုင်သလား။
ဖြေ-ဒီဟာကတော့ အခြေအနေအပေါ်မှာ မူတည်တယ်။ ဗမာစစ်တပ်ဘက်ကနေပြီးတော့ ထိုးစစ်တွေထပ်ပြီးတော့ ပြင်းထန်နေဦးမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်းဘဲ ပြန်ပြီးတော့ အလားတူအရှိန်မြင့်ရမယ့် သဘောတော့ရှိတယ်။

မေး- မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ကို မိုင်းလားမှာ တွေ့ဆုံဖို့အတွက် အစိုးရဘက်က  ကမ်းလှမ်း ထားတာရှိပါတယ်။ အဲတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲက အလားအလာက ဘယ်လိုရှိပါသလဲ။
ဖြေ- အဲတာကတော့ ကျွန်တော်တို့ဆီကို တရားဝင်ကမ်းလှမ်းချက်တော့ အခုအချိန်ထိ ဘာမှကျွန်တော်တို့ လက်ခံရရှိတာ တော့မရှိဘူး။

မေး- အခု မိုင်းလားမှာတွေ့မယ်လို့ သတင်းတွေထွက်နေပါတယ်။  ဒီအပေါ်မှာ အမြင်လေး သိရပါရစေ။
ဖြေ- ဟုတ်တယ်။ ကျွန်တော်လည်းတွေ့တယ်လေ ဆိုရှယ်မီဒီယာမှာ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဆီကို တရားဝင်အကြောင်းကြားလာတာ အခုအချိန်ထိဘာမှမရှိသေးဘူး။

မေး- အဲတော့ ငြိမ်းချမ်းရေးအလားအလာက ဘယ်လိုရှိပါသလဲ။ ဒီအစိုးရနဲ့ တပ်မတော်ပိုင်းနဲ့ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် အလားအလာကဘယ်လိုရှိပါသလဲ။
ဖြေ-အခုလောလောဆယ်တော့ ဒီဆွေးနွေးပွဲတွေကတော့ ရပ်တန့်နေတယ်လို့ပြောလို့ရတာပေါ့။ အထူးသဖြင့် ဗမာစစ်တပ်ဘက်ကနေပြီးတော့ အမြစ်ပြတ်ချေမှုန်းရေးကြွေးကြော်ပြီးတော့ ကျွန်တော်တို့ ဘက်မှာ ထိုးစစ်တလျောက်လုံး လုပ်နေတာရှိတယ်။ ဆိုတော့ တစ်ဖက်မှာ ငြိမ်းချမ်းရေး စကား ပြောနေပြီးတော့ နောက်တစ်ဖက်မှာ မဟာမိတ်ညီနောင်အသီးသီးရဲ့နယ်မြေဒေသတွေမှာ ဗမာ စစ်တပ်ဘက်က ထိုးစစ်တွေကို ကြိုက်သလိုလုပ်နေတာတွေရှိတယ်။ တကယ်ငြိမ်းချမ်းရေးကို လိုလားလို့ရှိရင်တော့ အရင်ဆုံး သူတို့စစ်တပ်ဘက်က လုပ်နေတဲ့ထိုးစစ်တွေကိုရပ်တန့်ဖို့လိုတာပေါ့။ ပြီးမှဘဲ ဒီနှစ်ဖက်ကြားမှာ နှစ်ဖက်လက်ခံနိုင်တဲ့ ယုံကြည်မှုတွေကိုတည်ဆောက်ဖို့လိုတယ်။ ပြီးမှဘဲ ဒီငြိမ်းချမ်းရေး ကိစ္စတွေကို ဆက်သွားလို့ရမှာပေါ့။ အခုကတော့ ငြိမ်းချမ်းရေးစကားကို တစ်ဖက်က ပြောနေပေမယ့်လို့ တစ်ဖက်က ထိုးစစ်တွေဘဲ လုပ်နေတဲ့အခါကျတော့နော်။ နောက်တစ်ခုရှိတာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတာက နှစ်ဖက်မျှမျှတတ ဆွေးနွေးဖို့လိုတာပေါ့။ တစ်ဖက်သက် သူတို့လိုတဲ့ ပုံစံခွက်ထဲကို အတင်းအဓမ္မဆွဲသွင်းတဲ့ပုံစံမျိုးက တစ်ဖက်ကလက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ အဲတာကြောင့်မို့လို့ ကျွန်တော်တို့တစ်လျောက်လုံးပြောလာတာရှိပါတယ်။ ငြိမ်းချမ်းရေး တကယ်ရချင်လို့ရှိရင် ငြိမ်းချမ်းရေး ရလောက်တဲ့ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်တွေကို ဗမာစစ်တပ်နဲ့ဗမာအစိုးရဘက်က အရင်ဆုံးစလုပ်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ တလျောက်လုံးပြောလာတာရှိတယ်။ ကျွန်တော်တို့ ညီနောင်မဟာမိတ်တွေကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့အမြဲ ကျွန်တော်တို့ကြိုဆိုတယ်။ ဆွေးနွေးလာတာလည်းသူတို့ခေါ်တာကို အကြိမ်ကြိမ်သွားခဲ့တာရှိတယ်။ အခုလည်းဘဲ သူတို့ဘက်က တကယ်မျှမျှတတဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ရှိတယ်ပေါ့ဗျာ။
(ပြီး)

ဆက်စပ် သတင်းများ