သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တိုက်ပွဲတွေဖြစ်နေတဲ့ မင်းပြားမြို့နယ်မှာ စစ်ဘေးရှောင်စခန်းက ၈ခု၊ လူဦးရေ ၂၂ဝဝ ကျော်ရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၃/ ၂ဝ၁၉ (အင်တာဗျူး)

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေတဲ့ အတွက် ကျေးရွာ အတော်များများက လူတွေဟာ အိမ်တွေကို စွန့်ခွာထွက်ပြေးနေကြရပါတယ်။ အခုထိ စစ်ရေးအရှိန်က မြင့်နေတဲ့ အတွက် အိမ်မပြန်နိုင်ကြသေးဘဲအများအပြား ရှိနေကြပါတယ်။ မင်းပြားမြို့နယ်က စစ်ဘေးရှောင်တွေ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ရရှိထားသူ လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့်အနစ်နာခံဆောင်ရွက်နေတဲ့  သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးနဲ့ ဆက်သွယ်ပြီး မေးမြန်းတင်ပြလိုက်ပါတယ်။


မေး- ဆရာနာမည်နဲ့ ရာထူးကို  မိတ်ဆက်ပေးပါဦးဆရာ။
ဖြေ- ဟုတ်ကဲ့။ ကျွန်တော့နာမည်က ကိုအမ်းသားကြီးလို့ ခေါ်ပါတယ်။ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မေး- မင်းပြားမြို့နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ဘေးရှောင်ဦးရေက ဘယ်လောက်ရှိပါသလဲ။ စစ်ဘေးရှောင်စခန်းကကော ဘယ်နှစ်ခုရှိပါလဲဆရာ။
ဖြေ- မင်းပြားမြို့ပေါ်မှာရော၊ နယ်ဘက်တွေမှာရော စစ်ရှောင်ဦးရေက ၂၂ဝဝ  ကျော်လောက်ရှိပါတယ်။ စစ်ရှောင်စခန်းကကျတော့ ၈ ခု ရှိပါတယ်။ စစ်ဘေးရှောင် စခန်းတွေကတော့ အမ်းသားရွာ၊ သေကန်၊ နရမ်းရွာကြီး၊ နရမ်းရွာငယ် ၊ မင်းပြားမြို့ပေါ် ဦးစိုးတင့်ဘုန်းကြီးကျောင်း၊ သောမဘုန်းကြီးကျောင်း၊ နော်နာ၊ ပုညာရာမဘုန်းကြီးကျောင်း နဲ့ ရတနာမွန် စစ်ဘေးရှောင် စခန်းတို့ဖြစ်ပါတယ်။

မေး- ထွက်ပြေးလာကြတဲ့ သူတွေက ဘယ်ရွာတွေကပါလဲ။
ဖြေ- သလူချောင်း၊ ဒုံးသား၊ လက်ခုပ်၊ တင်းခွန်တိုင်၊ ကုလားမတောင်၊ ဖုံသာ၊ စိတ္တရ စတဲ့ ရွာတွေဖြစ်ကြပါတယ်။ တစ်ခြား ရွာတွေက ထွက်ပြေးတာတွေလည်းရှိပါတယ်။ အများအပြားထွက်ပြေးလာကြတဲ့ ကျေးရွာတွေစာရင်း ဖြစ်ပါတယ်။

မေး- အဲဒီထဲမှာ ကလေးအရေအတွက်နဲ့ လူကြီးအရေအတွက်က ဘယ်လောက်ရှိပါသလဲ။
ဖြေ- ကလေးအရေအတွက် ခန့်မှန်းရသလောက်ပြောရမယ်ဆိုရင်၊ ၈ဝဝ ကျော်လောက်ရှိပါတယ်။ ကျန်တဲ့ဦးရေက လူကြီးပေါ့။

မေး- ဒီကလေး ၈ဝဝ ကျော်ထဲမှာ စာမသင်ရဘဲဖြစ်နေတဲ့ ကျောင်းသား၊ သူဦးရေကကော ဘယ်လောက်ရှိ ပါသလဲ။
ဖြေ- ဟုတ်။ စစ်ရှောင်တွေထဲမှာ ကလေးတွေက ကျောင်းမတက်ရတာတော့ မရှိပါဘူး။ နီးစပ်ရာ ကျောင်းတွေမှာ ကျောင်းတက်နေကြရပါတယ်။ ကျောင်းသုံးပစ္စည်းတွေကို ဆရာတို့အဖွဲ့အနေနဲ့ ထောက်ပံ့တာတွေရှိသလို ကျောင်းဆရာတွေက ထောက်ပံ့ပေးတာကိုလည်း တွေ့ရပါတယ်။

မေး- ဒီရခိုင်ပြည်အတွင်းက တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် မင်းပြားမှာ ပိတ်ထားရတဲ့ ကျောင်းအရေအတွက်က ဘယ်လောက်ရှိပါလဲ။  ဘယ်ရွာတွေက ဖြစ်ပါသလဲ။
ဖြေ- သလူချောင်းရွာ၊ ကုလားမတောင်ရွာ၊  တင်းခွန်တိုင်ရွာ၊ စိတ္တရရွာ၊ လက်ခုပ်ရွာတို့မှာ လူကသိပ်မရှိတော့ ကျောင်းက ပိတ်ထားရမယ်ထင်ပါတယ်။ အဲဒီရွာတွေမှာက လူတွေက ထွက်ပြေးလာကြလို့ လူသိပ်မရှိဘူးလေ။ ၇  ရွာ ၈ ရွာလောက်က ကျောင်းတွေ  ပိတ်ထားရမယ် ထင်ပါတယ်။  ကျွန်တော်လည်း ဒါကို အတိကျတော့ မပြောနိုင်သေးဘူး။

မေး- ဟုတ်ကဲ့။ ဒီစစ်ရှောင်တွေ  အကုန်လုံးက ဘယ်လိုစားသောက်နေထိုင်ကြတာလဲ။ စားဝတ်နေရေး အတွက် လုံလောက်မှုကော ရှိရဲ့လား။
ဖြေ- စစ်ရှောင်အနေနဲ့  စားဝတ်နေရေးက လုံလောက်တယ်လို့တော့ မရှိပါဘူး။ စားရေးသောက်ရေးက ပြည်သူတွေလာလှူတာနဲ့က အဆင်မပြေဘူး။ လူဦးရေက တအားများလွန်းနေတယ်။ ဘုန်းကြီးကျောင်း တွေမှာ စစ်ရှောင်စခန်းတွေမှာ စုပြီးနေကြရတာဆိုတော့ လုံးဝအဆင်မပြေတဲ့ အနေအထားမှာ ရှိပါတယ်။

မေး- ဒီစစ်ရှောင်တွေကို ဆရာတို့အဖွဲ့အနေနဲ့ ဘယ်အထိကူညီပါဝင်ဆောင်ရွက်ပေးတာရှိပါသလဲ။
ဖြေ- ကျွန်တော်တို့အဖွဲ့အနေနဲ့ကျတော့ ကျွန်တော်ဦးဆောင်ပြီး ဒီက အမ်းသားရွာနဲ့ သေကန်ရွာကို အကုန်အဆင်ပြေအောင် အပြည့်အဝတာဝန်ယူစီစဉ်ပေးထားပါတယ်။ တခြား ပရဟိတ အဖွဲ့အစည်း တွေကလည်း လာလှူကြတာရှိပါတယ်။ အမ်းသားရွာနဲ့  သေကန်ရွာမှာက စစ်ရှောင်ဦးရေ စုစုပေါင်း ၁၄၇ဝ လောက်ရှိ ပါတယ်။

မေး- အစိုးရအဖွဲ့တွေကရော ဘယ်လောက်ထိ ကူညီပါဝင်ဆောင်ရွက်ပေးနေတာ ရှိပါသလဲ။
ဖြေ- အစိုးရအဖွဲ့တွေကတော့ ကူညီပေးတာတွေရှိပါတယ်။ ငွေအားဖြင့် တစ်ယောက်ကို ၃ဝဝ  ကျပ်စီ ထောက်ပံ့တာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅  ရက်နေ့ကလည်း ဒီမင်းပြားမှာ မြို့ပေါ်ရော၊ နယ်ဘက် ရော စစ်ရှောင်တွေရှိတဲ့နေရာတွေကို ငွေလာလှူခဲ့ပါတယ်။ တစ်ယောက်ကို ၃ဝဝ ကျပ်စီ လူဦးရေအလိုက် လာလှူတာဖြစ်ပါတယ်။

မေး- ဒီစစ်ရှောင်ထဲမှာ အမျိုးသမီးတွေပါတဲ့ထဲ  သူတို့ရဲ့ လုံခြုံမှုအတွက် စိတ်ချရပါသလား။
ဖြေ- အမျိုးသမီးလုံခြုံမှုကတော့ စိတ်မချရတဲ့အပိုင်းတော့ အခုထိ မတွေ့ရ  မကြားရသေးပါဘူး။ ဘာလို့လဲဆိုတော့ ရခိုင်လူမျိုးအချင်းချင်း ကူညီဖေးမစောင့်ရှောက်နေကြတာလေ။ အဲဒါကြောင့် စိတ်မချရတဲ့ အပိုင်းတော့ မရှိပါဘူး။

မေး- ဟုတ်ကဲ့။ ဒီအမျိုးသမီးတွေအနေနဲ့ စစ်ရှောင်စခန်းမှာ နေရတာဆိုတော့ သူတို့အတွက် အခက်ခဲတွေက ဘာတွေများဖြစ်မလဲ ဆရာ့ရဲ့ ထင်မြင်ချက်လေးကို  ပြောပြပေးပါ။
ဖြေ- အခက်ခဲက အများကြီးရှိပါတယ်။ ပြောရမယ်ဆိုရင်  ကိုယ့်အိမ်နဲ့ကိုယ်နေတာမဟုတ်တော့ အဝတ်လဲတာတို့ကအစ အခက်ခဲတွေရှိပါတယ်။ အမျိုးသမီးဆိုတာက အိနြ္ဒေရှိရှိနေရတာလေ။ အဲဒီတော့ ရေချိုးရတာတို့၊ လျှော်ပြီးတဲ့ အဝတ်စားတွေကို အခြောက်ခံရတာကလည်း လူအများစုနဲ့ နေရတာ ဆိုတော့  မကောင်းဘူးလေ။ ကိုယ်ကအိနြ္ဒေရရနေဖို့အတွက် ပတ်ဝန်းကျင်ကို အားနာ နေရတာတွေ ရှိပါတယ်။ စစ်ရှောင်စခန်းမှာဆိုတော့ လူမြင်ကွင်းလိုပဲ နေရတာ။ အဲဒါတွေကလည်း အမျိုးသမီးတွေကို အခက်ခဲဖြစ်စေပါတယ်။

မေး- နောက်ပြီးလေ ဒီစစ်ရှောင်တွေရဲ့ ကျန်းမာရေးကို အစိုးရအနေနဲ့ ပါဝင်ကူညီဆောင်ရွက်တာက ဘယ်လောက်ထိရှိပါသလဲ။
ဖြေ- ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ မြို့နယ်ဆရာဝန်ကြီးတွေ၊ ကျန်းမာရေးဌာနက တာဝန် ရှိသူတွေလည်း လာလုပ်ပေးတာတွေတော့ ရှိပါတယ်။ အစိုးရအဖွဲ့တွေကလည်း နိုင်သလောက်တော့ ကျန်းမာရေးပိုင်းကို လာကူညီတာ ရှိပါတယ်။

မေး- နောက်ဆုံးမေးခွန်းအနေနဲ့ ဒီရခိုင်ပြည်မှာ စစ်ရှောင်စခန်းက ဘယ်နှစ်ခုရှိနေပြီလဲ။
ဖြေ- ရခိုင်တစ်ပြည်လုံးမှာ စစ်ရှောင်စခန်းက ၃ဝ ကျော်ရှိပါတယ်။ စစ်ရှောင်ဦးရေက ၆ဝဝဝဝ ကျော်တောင် ရှိနေပါပြီ။

(ပြီး)

ဆက်စပ် သတင်းများ