ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

“ ယဉ်ကျေးမှုအမွေအနှစ်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာမသိတဲ့ အစိုးရရဲ့လုပ်ရပ်တွေကြောင့် မြေပြင်ပေါ်မှာလည်း ယဉ်ကျေးမှု အမွေအနှစ်တွေ တစ်ရက်ထက်တစ်ရက် ပျက်စီးလာတယ်။”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k

(မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်း)

တွေ့ဆုံမေးမြန်းသူ-နောင်ခိုင်အောင်၊စိုးဇံအောင်
နိရဥ္စရာ- ဒီဇင်ဘာ၉/၂ဝ၁၉ ( ယဉ်ကျေးမှု အမွေအနှစ်)
 
အဖိုးမဖြတ်နိုင်သည့် သမိုင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် တည်ရှိပြီး ရခိုင်လူမျိုးတို့၏ နှလုံး သည်းပွတ်ဖြစ်သည့် ရှေးဟောင်းမြို့တော် မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေးအတွက် အဆိုပြုလွှာမူကြမ်း MRAUK-U Nomination Dosseir For Inscription On the World Heritage List(2019)ကို စက်တင် ဘာလ ၂၅ ရက်နေ့က ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ရုံး UNESCO World Heritage Centre ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မြောက်ဦး ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ် ဒေသထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းနဲ့ နိရဥ္စရာ သတင်းဌာနက တွေ့ဆုံးမေးမြန်း ခဲ့တာကို တင်ဆက်ပေးချင်ပါတယ်။

မေး- ဆရာမတို့ မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်း(UNESCO)ဝင်ဖို့ အတွက် အဆိုပြုလွှာမူကြမ်းကို တင်သွင်းလိုက်တယ်လို့ သိရပါတယ်။အဲဒါကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်နေရာကို တင်သွင်း ခဲ့တယ်ဆိုတာ သိပါရစေခင်ဗျာ။
ဖြေ- ကျွန်မတို့ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းဖို့အတွက် ကော်မတီ (၁၆) အရင်ဖွဲ့စည်းခဲ့တယ်။ ကော်မတီ ၁၆ ဖွဲ့ကနေပြီး မိမိတို့ သက်ဆိုင်ရာတာဝန်တွေနဲ့အတူ လုပ်ငန်းတွေကို ဆောင်ရွက်ကြရတယ်။ ဆိုတော့ ကော်မတီ ၁၆ ဖွဲ့ဟာ နှစ်နှစ် အချိန်ယူခဲ့ရတာပေါ့။ ဆိုတော့ ၂ နှစ်ဆောင် ရွက်ခဲ့တဲ့ အချိန်မှာ ကျွန်မတို့ လုပ်ငန်းတော်တော်များများ ပြီးဆုံးခဲ့တယ်လို့ ပြောရပါမယ်။ ပြီးရင် Inventory စာရင်းကောက်ယူတဲ့အချိန်မှာ စစ်ပွဲတွေ စပြီးဖြစ်တယ်။ စစ်ပွဲဖြစ်တဲ့ကြားကမှ ကျွန်မတို့ အားစိုက်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီမူကြမ်းဟာ ပြီးစီးခဲ့တယ်။ အဲဒီ အဆိုပြုလွှာမူကြမ်း MRAUK-U Nomination Dosseir For Inscription On the World Heritage List(2019)ကို ကျွန်မတို့မှန်းထားတဲ့ စက်တင်ဘာထဲ မှာပေါ့။ စက်တင် ဘာလ ၂၅ ရက်နေ့က အဲဒီမူကြမ်းကို  ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ရုံး UNESCO World Heritage Centre ကို တင်သွင်းခဲ့ပါတယ်။

မေး- အဲဒီ အဆိုပြုလွှာ မူကြမ်းတင်သွင်းတဲ့အခါပေါ့။ အဆင့်ဆင့်သွားရတာတွေရှိလား။ဘယ်လိုမျိုးလဲ သိပါရစေ။
ဖြေ- အဆင့်ဆင့် ဆိုတဲ့နေရာမှာ အခုတော့ ဒီ အဆိုပြုလွှာမူကြမ်းကတော့ အဆင့်လိုက် တင်သွင်းလို့ ပြီးသွားပြီ။သူတို့ ဒီ ဇန်နဝါရီလအကုန် ဖေဖော်ဝါရီလဆန်းပိုင်းအထိပေါ့။ အဲဒီအထိကို ကျွန်မတို့ တင်သွင်း လိုက်တဲ့ အဆိုပြုလွှာမူကြမ်းမှာ လိုအပ်ချက်တွေ ရှိနေရင် သူတို့တွေ ထပ်မံဖြည့်စွက်ခိုင်းတာတွေ ရှိမယ်။ နားမလည်တာတွေ ပြန်မေးတာမျိုးရှိမယ်။ အဲဒါတွေအတွက် ကျွန်မတို့ဘက်က အဆင်သင့် ထပ်မံပြင်ဆင် ထားရပါတယ်။သူတို့ ဇန်နဝါရီလအထိ မေးလို့ ပြီးသွားရင်ဆိုရင်၊ကျွန်မတို့ဘက်ကလည်း ပြီးစီးအောင် ဖြေလို့ပြီးသွားပြီ ဆိုလို့ရှိရင် သူတို့ ဒီအဆင်ပြေတဲ့ အချိန်တစ်ချိန်မှာ Torist တွေအနေနဲ့ လာပြီးတော့မှ လာကြည့်ပါမယ်။ လာကြည့်တဲ့ အချိန်မှာတော့ ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး။ ပြီးတော့ ၂ဝ၂ဝ သြဂုတ် မဟုတ်ရင်  စက်တင်ဘာလောက်မှာပေါ့။ သူတို့တွေ တရားဝင်လာပြီးတော့ စစ်ပါမယ်။တရားဝင် လာစစ်တဲ့ အချိန်ကျမှ သူတို့တွေ ပြည်သူလူထုကို တွေ့ဆုံပါမယ်။ ရဟန်း၊သံဃာတွေကို သူတို့ တွေ့ဆုံပါမယ်။နောက် CSO အဖွဲ့စည်း တွေ၊အာဏာပိုင်အဖွဲ့အစည်းတွေ၊လူထုအလွှာပေါင်းစုံကို သူတို့တွေ့ဆုံမှာဖြစ်ပါတယ်။ ပြီးတော့ ၂ဝ၂၁ ပေါ့။ ဇူလိုင်လလောက်မှာမှ တရုတ်နိုင်ငံမှာ ကျင်းပမယ့် ၄၄ ကြိမ်မြောက် ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် ညီလာခံမှာ မြောက်ဦးကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သင့်မတင်သင့် မဲခွဲပြီးတော့ သူတို့ ဆုံးဖြတ်ကြမှာပါ။အဲဒီအခါမှ ဝင်၊မဝင် သိရပါမယ်။

မေး- အဲဒီတင်သွင်းလိုက်တဲ့ အဆိုပြုလွှာမူကြမ်းမှာ သမိုင်းအမွေအနှစ် အရေအတွက်ပေါ့နော်။အဲဒါ ဘယ်နှစ်မျိုးလောက် ထည့်သွင်းထားပါသလဲ။
ဖြေ- ကျွန်မတို့ ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းတဲ့အခါ ဒီမြောက်ဦးမှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်ပေါင်းပေါ့နော်။ ခေါင်းစဉ်ပေါင်း ၂၅ ခုကို ထည့်သွင်းထားပါတယ်။ကျွန်မတို့ တင်ပြမယ်ဆိုရင် ဘုရားပုထိုးတွေ၊ ကျုံးတွေပါမယ်။တံတိုင်းတွေပါမယ်။ နန်းရာကုန်းပါမယ်။ တံခါးတွေပါတယ်။မြောက်ဦးခေတ်ထွန်းကားတုန်းက ဖောင်တော်တွေ၊ ဆိပ်ကမ်းတွေပါမယ်။ ဆိုတော့ ကျွန်မတို့ ယဉ်ကျေးမှုအမွေအနှစ် ခေါင်းစဉ်ပေါင်း ၂၅ မျိုးကို ကျွန်မတို့ စာရင်း တင်သွင်းခဲ့ပါတယ်။

မေး- ဆရာမတို့ မြောက်ဦးကို ယူနက်စ်ကို ဝင်ရေးအတွက် ၂ဝ၁၇ ကပဲ စတင်ကြိုးပမ်းလာကြတာပေါ့နော်။ အဲတော့ အခု အဆိုပြုလွှာမူကြမ်း မတင်သွင်းခင် ကြားကာလမှာ လုပ်ငန်းစဉ်အတွက် ဘယ်လို အခက်အခဲ မျိုးကြုံတွေ့ခဲ့ရပါသလဲ။
ဖြေ- ကြုံခဲ့ရတာကတော့ အများကြီးပေါ့။အခက်အခဲတွေက တော်တော်များခဲ့ပါတယ်။များခဲ့တယ်ဆိုတာက ကျွန်မတို့ ရခိုင်နဲ့ ပတ်သက်တဲ့ သမိုင်းအမွေအနှစ်တွေကို ရေးတော့မယ်ဆိုရင်၊ ရခိုင်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်း၊စာပေတွေက အရမ်းကို ရှားပါတယ်။ရှားပါးတော့ စာပေတွေကို ကိုးကားရမယ်လို့ ဆိုတဲ့အခါ နိုင်ငံခြားက ရေးထားတဲ့ စာရေးဆရာတွေပေါ့။ သူတို့တွေက သူတို့အမြင်တွေနဲ့ ရေးထားတဲ့ စာအုပ်တွေကို ကိုးကားတဲ့အခါ တကယ့်မြေပြင်နဲ့ ရခိုင့်ထုံးဓလေ့နဲ့ ကွာနေတာကို တွေ့ရတယ်။ နောက်ထပ် အခက်အခဲတွေက မြန်မာနိုင်ငံမှာ ရခိုင်သမိုင်းနဲ့ ပတ်သက်ပြီး သေသေချာချာ ပြုစုထားတဲ့ သမိုင်းကလည်း မရှိဘူး။ မြေပြင်နဲ့၊တကယ့်သမိုင်းက ဆိုတာနဲ့၊နိုင်ငံခြားသားတွေ အမြင်နဲ့ရေးထားတာက အများကြီး ကွာဟနေတယ်။ အဲဒါကြောင့် ဒါတွေကို အမှန်ကန် ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ရေးသားနိုင်ဖို့အတွက် အခက်အခဲအများကြီး တွေ့ခဲ့ရပါတယ်။

မေး- အဆိုပြုလွှာ တင်သွင်းထားတဲ့ကာလမှာပေါ့။ အခုက တိုက်ပွဲတွေလည်း ဖြစ်ပွားနေတယ်ဆိုတော့လေ။ တိုက်ပွဲကြောင့်ဖြစ်ဖြစ်၊သဘာဝဘေးအန္တရာယ်ကြောင့် ပဲဖြစ်ဖြစ်၊ အဲဒီ စာရင်းထဲက တစ်ခုခု ထိခိုက်ပျက်စီး သွားခဲ့ရင် သူတို့ လာစစ်ဆေးတဲ့ အခါကျ တစ်ခုခုလွဲနေတာမျိုးပေါ့။အဲဒါက ဒီယူနက်စ်ကို ဝင်ရေး လုပ်ငန်း စဉ်ကို ဘယ်လိုမျိုး အနှောင့်အယှက် ဖြစ်စေနိုင်ပါသလဲ။
ဖြေ- အဲဒါတွေကတော့ ဘာနဲ့ သက်ဆိုင်သလဲဆိုတော့ Management ပိုင်းနဲ့ သက်ဆိုင်တယ်ပေါ့။ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့အတွက် ကျွန်မတို့ကလည်း တစ်ဘက်က မြောက်ဦးနဲ့ ပတ်သက်တဲ့ မြေပုံတွေ၊ အထောက်အထားတွေ၊ နောက်တစ်ခါ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ရေးသား ပြုစုပြီးတော့မှ ခုနကပြောသလိုမျိုးပဲ ကျွန်မတို့မှာ တင်သွင်းထားတဲ့ သမိုင်းယဉ်ကျေးမှုအမွေအနှစ်စာရင်း ၂၅ ခုရှိပါတယ်။ အဲဒီ ထည့်သွင်းထားတာ တွေကို ဘယ်လို ထိန်းသိမ်းပြုပြင်မလဲဆိုတဲ့ Management Plan အပိုင်းပေါ့။အဲဒါတွေဟာ လည်းပဲ ကျွန်မတို့ ပြည်သူလူထုဟာ ဒီယဉ်ကျေးမှုအမွေအနှစ်တွေကို အမှန်တကယ် ထိန်းသိမ်းစောင့်ရှောက် ချင်တဲ့ ဆန္ဒပေါ့။ ဒေသဆိုင်ရာ အာဏာပို်င်တွေက ဒါတွေကို ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ ဆန္ဒ။အဲဒါတွေဟာ မိမိတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို မိမိတို့က တန်ဖိုးထားစောင့်ရှောက်တယ်ဆိုမှ ကမ္ဘာကလည်း စောင့်ရှောက် မှာပေါ့။

မေး- ဟုတ်ကဲ့။ဒီ ဒေသခံတွေအနေနဲ့ရော ဘယ်လို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်။ဆရာမတို့ လိုအဖွဲ့အစည်းတွေနဲ့ရော တခြားအဖွဲ့အစည်းတွေနဲ့ရော ဒီမြောက်ဦးဒေသကို ထိန်းသိမ်းသင့်သလဲ။ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်သလဲဆိုတာ သိပါရစေ။
ဖြေ- ဒီဒေသမှာ နေထိုင်နေတဲ့ ဒေသခံတွေကိုယ်တိုင်ကိုက မိမိတို့ဒေသမှာ ယဉ်ကျေးမှုဆိုင်ရာ၊ ဘယ်လို ရှိခဲ့တယ်။ ဘယ်လောက်ထိရှိခဲ့တယ်ဆိုတာ ပြည့်ပြည့်စုံစုံမသိကြဘူး။ ရခိုင်သမိုင်းကို ရခို်င်တွေက မသိတာပေါ့။ အဲဒါတွေနဲ့ပတ်သက်ပြီး ကျွန်မတို့က ဒီမြောက်ဦးမှာ နေထိုင်နေတဲ့ သူတွေကို ဒါတွေဟာ ထိန်းသိမ်း စောင့်ရှောက်သင့်တယ်ဆိုတာ အသိပညာပေးဖို့လုပ်နေပါတယ်။ အသိပညာပေးတဲ့အပြင် အခြား ယဉ်ကျေးမှုအမွေအနှစ်နဲ့ အမှိုက်စွန့်ပစ်မှုဟာလည်း ကျွန်မတို့တွေအတွက် အရမ်းအရေးကြီးပါတယ်။ဟိုက လာကြည့်ရှုတဲ့ အခါ ယဉ်ကျေးမှုအမွေအနှစ်ပဲတွေ့မလား။ အမှိုက်ပဲတွေ့မလားဆိုတာမျိုးပေါ့။ ဆိုတော့ အဲဒါ တွေက ကျွန်မတို့မှာ စိန်ခေါ်မှုတွေ ဖြစ်တယ်။နောက်တစ်ခုကတော့ ဒီဒေသအတွင်းမှာနေတဲ့ သူတွေသည် ယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်မြတ်နိုးပြီးတော့ ဘယ်လို အက်ဥပဒေနဲ့ နေထိုင်သင့်လဲဆိုတာ သူတို့ကို သိသင့်တယ်။ဆိုတော့ နံပါတ်တစ်က မိမိတို့ရဲ့ သမိုင်းကိုသိဖို့ပေါ့။နံပါတ်နှစ်က အဲဒီ ယဉ်ကျေးမှု သမိုင်းဆိုင်ရာ အမွေအနှစ်တွေကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။

မေး- မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုမြေကို ဒေသခံတွေအနေနဲ့  ဘာကြောင့် ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတာ ပြောပြပေးပါဦး။
ဖြေ- ကျွန်မတို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းကို ဘာကြောင့် တင်သွင်းရသလဲ။အဲဒါအရေးကြီးတယ်။ မြောက်ဦးမှာ အဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အများကြီးရှိတယ်။ဒါပေမယ့် ထိန်းသိမ်းစောင့် ရှောက်မှု အားနည်းတဲ့ အတွက်ကြောင့်မို့လို့ များပြားလှတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေသည် တစ်ရက်ထက် တစ်ရက် ဆိုးရွားစွာ ပျက်စီးလာတယ်။ ရာသီဥတုကြောင့် ပျက်စီးတာရှိသလို၊ဒေသမှာ နေထိုင်တဲ့ လူတွေရဲ့ ဖျက်ဆီးမှု ကြောင့် ပျက်စီးတာရှိတယ်။ ကျွဲနွားတိရစ္ဆာန်ကြောင့် ပျက်စီးတာရှိသလို၊သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီးသွားတာတွေရှိတယ်။ အဲဒီပျက်စီးလာတဲ့ အမွေအနှစ်တွေကို ကျွန်မတို့က ထိန်းသိမ်းစောင့် ရှောက်ပြီး နောင်လာနောင်သားတွေကို လက်ဆင့်ကမ်းဖို့အတွက် ဘယ်လို လုပ်ရမလဲဆိုတာ ကျွန်မတို့ဘက် ကစဉ်းစားပါတယ်။ ယူနက်စ်ကို ဝင်ခဲ့ရင် ကမ္ဘာလှည့် ခရီးသွားတွေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေလာရောက် လည်ပတ်တဲ့အခါ ဒေသခံတွေ စီးပွားရေးကောင်းမွန်လာမယ်။အဲဒီ သမိုင်းအမွေအနှစ်ကပဲ ပြည်သူလူထု အတွက် စီးပွားရေးအခွင့်အလမ်းရလာမယ်။ဒါကြောင့် ဒီယဉ်ကျေးမှု အမွေအနှစ်မြေကို ထိန်းသိမ်းဖို့ လိုအပ် တာပေါ့။

မေး- ဆရာမတို့ ယူနက်စ်ကို ဝင်ရေးကြိုးပမ်းနေတဲ့ ကာလမှာပေါ့။အဓိက အဟန့်အတားတွေက ဘာတွေဖြစ်မလဲ။
ဖြေ- အဟန့်အတားဖြစ်နေတာကတော့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရေး မူကြမ်း တင်သွင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အစိုးရချပေးလိုက်တဲ့ ဘတ်ဂျက်တွေနဲ့ ဒေသဆိုင်ရာ အာဏာပို်င်တွေဟာ မြောက်ဦးမြို့မှာ ကွန်ကရစ်လမ်းတွေ အများကြီးကို နေ့ချင်းညချင်း ဖော်ဆောင်လာ တယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်နဲ့ ကွန်ကရစ်လမ်းနဲ့က စိန်ခေါ်မှု တစ်ခု ဖြစ်တယ်။ နောက်ထပ်တစ်ခုက ဒီယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံဆိုတဲ့နေရာမှာ ဒီနန်းတော်ကုန်း ပါမယ်။ နန်းတော်ကုန်ပေါ်မှာ လည်း ကွန်ကရစ်လမ်းတွေ ခင်းပြီးမှ ဖော်ဆောင် လာတာဟာလည်း ဒါသည် ယဉ်ကျေးမှုဒေသနယ်မြေအတွင်းမှာ မလုပ်သင့်တဲ့ ကိစ္စဖြစ်လာတယ်။ ဒီရှေးဟောင်းယဉ်ကျေးမှု နယ်မြေနဲ့ ကွန်ကရစ်လမ်းက ဘယ်လိုမှမသင့်တော်ဘူး။ သဟဇာတ မဖြစ်ဘူးလို့ ကျွန်မတို့ မြင်တယ်။ ဆိုတော့ ယဉ်ကျေးမှုအမွေအနှစ်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ မသိတဲ့ အစိုးရရဲ့ လုပ်ရပ်တွေကြောင့် မြေပြင်ပေါ်မှာလည်း ယဉ်ကျေးမှု အမွေအနှစ်တွေ တစ်ရက်ထက် တစ်ရက် ပျက်စီးလာတယ်။


ဟုတ်ကဲ့၊အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

(ပြီး)

-------------------------------

Unicode:



 









(ပွီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး