Preview

“ စစ်သားတွေ ရွာကိုရောက်တိုင်း ကူညီနေတဲ့သူကို သတ်လိုက်တဲ့အပေါ် ဘယ်လိုမှဖြေသိမ့်လို့ မရနိုင်ပါဘူး”

ဒီဇင်ဘာ ၁၆/ ၂၀၁၉ | ကြည့်ရှုသူ :8843
အင်တာဗျူး
မင်းပြားမြို့နယ် ဖုန်သာ၀ကျေးရွာအုပ်စု ကျောက်မော်ရွာတာဝန်ခံ ဦးကျော်အေးမောင်(ခ) မောင်မဲချေရဲ့ ဇနီးဖြစ်သူ ဒေါ်လှသန်းနုနဲ့ အင်တာဗျူး


၇ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုန်သာ၀ကျေးရွာအုပ်စု၊ ကျောက်မှော်ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့က စိတ္တရကျေးရွာအုပ်ချူပ်ရေးမှူး ဦးဥာဏ်သိန်းရဲ့ ဖိတ်ခေါ်ချက်အရ စိတ္တကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်မှာ ရောက်ရှိနေစဉ် တပ်မတော် စစ်ကြောင်း တစ်ခုက ဖမ်းဆီးခေါ်ယူတာကို ခံခဲ့၇ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ သူရဲ့ အလောင်းကို လည်ပင်းပြတ်ရှဒဏ်ရာအပါအဝင် သေနတ်ဒဏ်ရာတွေနဲ့  ဖုန်သားချောင်း တောစပ်တစ်နေရာမှာ တွေ့ရှိခဲ့ပါတယ်။ ဒီကျေးရွာတာဝန်ခံ သေဆုံးသွားမှုနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်လှသန်းနုကို မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

မေး- အခုမိသားစု ဘယ်ကို ရောက်နေပါသလဲ။
ဖြေ- မင်းပြားကို ရောက်နေပါတယ်။ ကျွန်မယောကျာ်း အဖမ်းခံရပြီး နောက်တစ်နေ့ကတည်းက ရောက်နေတာပါ။

မေး- ကိုကျော်အေးမောင်ရဲ့ အလောင်းကို ယူလို့၇ပြီလား။
ဖြေ- အလောင်းကို ဒီနေ့ (ဒီဇင်ဘာ ၁၅ ရက်) နေ့ ယူလာပြီး မင်းပြားမှာ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ပါတယ်။

မေး- ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်သွားလဲဆိုတာ ပြောပြလို့၇ပါလား။
ဖြေ- ပြောခွင့်ရှိရင်တော့ ပြောပြချင်ပါတယ်။ အကျွန် (ကျွန်မ) ရဲ့ ယောကျာ်းကို စိတ္တရ အုပ်ချုပ်ရေးမှူးက ဖုန်းခေါ်ပါတယ်။ ခေါ်တဲ့ အချိန်မှာ ကျွန်မရဲ့ အိမ်ရှင် (ယောကျာ်း)က အိမ်မှာ မရှိပါ။ သူတို့က အမြဲ တစ်ယောက်ကို တစ်ယောက် အလိုရှိရင် ခေါ်နေကျပါ။ အကျွန်က သူ့ဆီကို လိုက်သွားပြီး စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူးက ခေါ်နေတယ်။ ကျေးရွာ ဥက္ကဋ္ဌ တစ်ဦးနဲ့ ရွာတာဝန်ခံ တစ်ဦး တို့ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့် အမြဲတွေ့နေကြတဲ့ အတွက် မတွေ့လို့ မရဘူး။ အရေးကြီးတဲ့ ကိစ္စရှိလို့ ခေါ်တာ ဖြစ်မယ်။ သွားလိုက်အုံးမယ်ဆိုပြီး ကျွန်မယောကျာ်းက စိတ္တရရွာကို ထွက်သွားပါတယ်။ ညနေစာ မစားဘဲ သွားတာဖြစ်ပါတယ်။ အဲဒီရွာကို ရောက်တာနဲ့ ဖုန်းဆက်ပါတယ်။ သူက ပြောပါတယ်။ ငါမလာနိုင်သေးဘူး။ အုပ်ချုပ်ရေးမှူးရဲ့ အိမ်ရှင်မက ထမင်းချက်ထားတယ်။ ထမင်းစားပြီးမှ ပြန်လာမယ်လို့ ပြောပါတယ်။ ခါတိုင်းလားနေကျဆိုတော့ စားပြီးမှပဲလာပေါ့၊ တိုင်းပြည်လည်း အခြေအနေမကောင်းဘူး။ စောစောစီးလာလို့ ကျွန်မက ပြောလိုက်ပါတယ်။ ဖုန်းချသွားပြီး သိပ်မကြာခင်ပဲ သေနတ်ပစ်သံတွေကို ကျွန်မတို့ရွာက ကြားရပါတယ်။ သေနတ်ပစ်တယ်။ ဘယ်ကပစ်မှန်း မသိဘူး။ အဲသလို ရွာသားတွေ ပြောနေကြပြီး သိပ်မကြာခင်ဘဲ ရွာကို ဖုန်းတစ်လုံးဝင်လာပါတယ်။ စိတ္တရ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်သတ်လိုက်လို့ သေသွားပြီလို့ ပြောပါတယ်။ နောက်ဖုန်းထပ်ဝင်လာပါတယ်။ သိပ်မကြာခင်ပဲ ဖုန်းထပ်ဝင်လာပြီး ကျွန်မရဲ့ ယောကျာ်းကိုလည်း စစ်တပ်က ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။ သူ့ဆီမှာလည်း သေနတ်ဒဏ်ရာ ပါသွားတယ်လို့ ပြောပါတယ်။ အဲဒီအခါ ကျွန်မအိမ်ရှင် (ယောကျာ်း)က ပြောပါတယ်။ သူ့ကို ဆေးရုံ ပို့ပေးဖို့ ပြောတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့က ဆေးရုံကို မပို့ပေးဘူး။ သူ့ကို ကြိုးတွေတုတ်ပြီး ချည်ပြီး ယူသွားပါတယ်တဲ့။ ချည်ပြီး ယူသွားပြီး တောပြင်မှာ သတ်ပစ်ခဲ့ပါတယ်။ ကျွန်မယောကျာ်းကို။ သူတို့ဟာ အဲဒီနေ့ကတည်းက သတ်ပစ်လိုက်ပြီ ဖြစ်မှာပါ။ ကျွန်မတို့ ရွာသားတွေလည်း ကြောင့်ကြစိုးရိမ်ပြီး ဝိုင်းဝန်းရှာဖွေကြပါတယ်။ ရွာမှာ ဥက္ကဋ္ဌ (တာဝန်ခံ) မရှိရင်လည်း အဆင်မပြေနိုင်ဘူးဆိုပြီးတော့ ဝိုင်းဝန်းလိုက်ရှာကြပါတယ်။ မနေ့က (ဒီဇင်ဘာ ၁၄ ရက်) ညနေ ၃ နာရီလောက်မှာ တောစပ်အနီးမှာ အလောင်းကိုတွေ့ပါတယ်။ ကျွန်မကလည်း မွန်းကျပ်နေတော့ အချိန်ကိုလည်း အတိအကျ မသိတော့ဘူး။  အလောင်းကိုတွေ့တော့ ယူဖို့ အစီအစဉ်ချပါတယ်။ သေနေတဲ့ အလောင်းကို တောင် ယူခွင့်မရှိဘူး။ စစ်တပ်ကနေ အလောင်းကို သွားကောက်တဲ့လူတွေကို သေနတ်နဲ့ လိုက်ပစ်။ ကျွန်မရဲ့ ယောကျာ်း အလောင်းကို နှစ်ခေါက် သုံးခေါက်ကြိုးစားပြီးမှ အလောင်းကို ကောက်လို့ရခဲ့တယ်။ နောက်ဆုံး အလောင်းကို မင်းပြားသို့ ယူဆောင်ခဲ့ပါတယ်။ မြို့ကလူတွေရဲ့ အကူအညီနဲ့တော့ အုတ်ဂူသွင်းပြီး ဒီနေ့ (ဒီဇင်ဘာ ၁၅ ရက်) သင်္ဂြိုလ်နိုင်ခဲ့ပါတယ်။

မေး- စစ်တပ်နဲ့ တစ်စုံ ပြဿနာဖြစ်တာ၊ ဆက်ဆံရေး အဆင်မပြေတာတွေကော ရှိခဲ့တာများ ရှိခဲ့ဖူးလား။
ဖြေ-  သူတို့ မကြာခဏ ကျွန်မတို့ကို အမျိုးမျိုး ဒုက္ခပေးပါတယ်။ အဖွဲ့ပေါင်းလည်း မနည်းတော့ပါ ကျွန်မတို့ရွာကို ရောက်တာ။ ကျွန်မရဲ့ယောကျာ်းကိုတော့ ခိုင်စားကောင်းထမန်း မြင်တယ်။ အခု အရက်ဝယ်ပေး။ ရွာမှာ ရောင်းဖို့ မရှိရင်၊ မင်းပြားကို သွားပြီး ဝယ်ပေး။အဲသလို ခိုင်းပါတယ်။ မင်းပြားကို လိုင်းဘုတ်တွေနဲ့ မှာပြီး ဝယ်ပေးရပါတယ်။ ဆောင်းဘောက်တီးပြီး ရွာမှာ သောက်ဖို့ တောင်းပါတယ်။ ဘယ်လို လုပ်မလဲ။ ကျွန်မတို့ အိမ်ရှင်လည်း သူတို့အကြိုက်ကို လိုက်ပြီး လုပ်ပေးရပါတယ်။ အိမ်ပေါ်ထက်မှာ ဆောင်းဘောက်တီးပြီး အရက်သောက်တယ်။ ရမိရရာပါဘဲ။  အခုကြက်ဝယ်ပေး။ အခု လှေရှာပေးဆိုရင် ရှားပေးရပါတယ်။ ကိုယ်တိုင် ကူးတို့ တိုက်ပေးရပါတယ်။ ရွာကိုလာရင်လည်း ကျွန်မတို့ရွာမှာ တလင်း မသိမ်းရတဲ့ လူတွေ အများကြီးပါ။  စပါးရိတ်ဖို့သွားရင် သူတို့နဲ့တွေ့ရင် ရွာသားတွေကို ဖမ်းခေါ်သွားတယ်။ အရိုက်ခံရတယ်။ သေအောင်တော့ မရိုက်ပေမယ့် ရိုက်တာက မသေရုံတမယ်ပါ။ ကျွန်မတို့ရွာသားတွေ အမျိုးမျိုးခံနေကြရပါတယ်။ အခုတော့ ကျွန်မယောကျာ်းလည်း မရှိတော့ အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။ ကျွန်မ ယောကျာ်းက ပြောဝံ့ဆိုဝံ့ရှိတယ်။ ကိုယ်ကို အနစ်နာခံပြီး ရွာသားတွေအတွက် လုပ်ပေးနေသူပါ။

မေး- နောက်ထပ် ဖြည့်စွက် ပြောစရာများရှိပါသလား။
ဖြေ- ကျွန်မတို့အနေနဲ့ ဘာတစ်ခုလည်း မတတ်နိုင်ပါ။ သေတဲ့လူမှာတော့ အရှုံးပါဘဲ။
မတော်မတရား အသတ်ခံရတာ တော်တော်ရင်နာပါတယ်။ ဒီလောက် စိတ်ကောင်းနှလုံးကောင်းရှိတဲ့ လူတစ်ယောက်ကို ဒီလို ရက်ရက်စက်စက် လုပ်ပစ်ခဲ့တာကို တော်တော် ရင်နာပါတယ်။ တစ်ခုလည်း မလေ့လာ မဆန်းစစ်ဘဲနဲ့ ခဏလေးနဲ့ ခေါ်ယူသတ်ပစ်ခဲ့တယ်။ တစ်ခွန်းမှလည်း  မမေးဘဲနဲ့ သတ်ပစ်ခဲ့ပါတယ်။ သူတို့ လူတွေ ရွာကိုလာတိုင်း ကူညီနေသူကို ခုလို လုပ်ပစ်ခဲ့တာကို ဘယ်လိုမှ ဖြေသိမ့်လို့ မရနိုင်ပါဘူး။

(သေဆုံးသွားသူ ကျောက်မှော် ကျေးရွာတာဝန်ခံတွင် ဇနီးဖြစ်သူ ဒေါ်လှသန်းနု(၃၂) နှစ်၊ သမီးဖြစ်သူ မဆန်းအေးနု (၁၃) နှစ်၊ ရှစ်နှစ်အရွယ် လတ်ချေနှင့် ငယ်ချေဟု ခေါ်သည့် အမွှာပူး သမီးနှစ်ဦးကျန်ရှိခဲ့ကြောင်း သိရှိ၇ပါသည်။)

-----------------------

Unicode:










#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.