သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

“ ဘူးသီးတောင် NLD ဥက္ကဋ္ဌသေဆုံးမှုအပါအဝင် ရခိုင်မှာ အရပ်သား ၁ဝဝ ကျော်သေဆုံးမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8k

(NLD ဗဟို၏ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်နှင့် ဆက်သွယ် မေးမြန်းတင်ပြသည်။)

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၇ / ၂ဝ၁၉
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲသိန်းသေဆုံးမှုအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှုတ်ချကြောင်း ယနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဦးရဲသိန်းသည် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် AA လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီး ၁၅ ရက်ခန့် အကြာတွင် ဆုံးပါသွားသည်ဟုကြားသိရသဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရသည်ဟု NLD ဗဟို၏ ဒီဇင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင်ဖော်ပြထားသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် အကြမ်းဖက်သည့် လုပ်ရပ်မှန်သမျှကို ပြင်းထန်စွာရှုတ်သည်ဟုလည်း ကြေညာချက်တွင် ဆိုထားသည်။
 
ဆက်လက်ပြီး အဆိုပါကြေညာချက်တွင် ဦးရဲသိန်း၏သေဆုံးမှုသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း၍မရကြောင်း သက်သေပြနေသည့်အပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏လုံခြုံရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မလိုလားသည့် အဖွဲ့အစည်းများရှိနေကြောင်း ထင်ရှားစေသည်ဟု ဖော်ပြထားသည်။
 
အကြမ်းဖက်နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာကိုဖြေရှင်းသည့်အစဉ်အလာသည် မြန်မာ့နိုင်ငံရေးလောကမှ ပျောက်ကွယ်သွားအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍ အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ဆိုထားသည်။

“ ကြေညာချက်ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး NLD ဗဟို၏ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကို နိရဥ္စရာသတင်းဌာနက ဆက်သွယ် မေးမြန်းခွင့်ရခဲ့ပါတယ်။” 

မေး- ကြေညာချက်ထုတ်ပြန်ရခြင်းရည်ရွယ်ချက်ကို သိပါရစေ။
 
ဒေါက်တာမျိုးညွန့်- "ဦးရဲသိန်းဟာ ကျနော်တို့ရဲ့မြို့နယ်ဥက္ကဋ္ဌတစ်ဦးဖြစ်ပါတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ICJ အရေးသွားရောက်ဖြေရှင်းမှုကို ထောက်ခံကြောင်းဆန္ဒထုတ်ဖော်ဖို့အတွက် စည်းရှုံးလှုံ့ဆော်လို့ ဖမ်းဆီး ခံထားရတာဖြစ်ပါတယ်။ သူဟာ တိုက်ပွဲနဲ့ လုံးဝမဆိုင်တဲ့ အရပ်သားတစ်ဦးပါ။ တရားဝင် နိုင်ငံရေးလုပ်ငန်း ဆောင်ရွက်တဲ့အချိန်မှာ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ထိန်းသိမ်းခံရလို့ အခုလို အသက် သေဆုံးခဲ့တဲ့ ဖြစ်ရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိကြောင်း၊ နောက်ပြီးတော့ ဒီပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ကျနော်တို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ပဲ ဆက်လက်ဖြေရှင်းဖို့၊ နို့မဟုတ်ရင် လက်နက်အင်အားနဲ့ ဖြေရှင်းလို့ ဒီလိုပြဿနာတွေ ဆက်လက်ဖြစ်မယ်ဆိုတာကို ကျနော်တို့ သဘောထားကို ပြည်သူတွေက သိဖို့ ထုတ်ပြန်တာ ဖြစ်ပါတယ်ခင်ဗျ။"
---------------------
မေး- ဦးရဲသိန်း သေဆုံးသွားတာ AA မှာ တာဝန်ရှိတယ်လို့ ဘာကြောင့် ပြောလိုပါသလဲ။
ဒေါက်တာမျိုးညွန့် - “ အဓိကအားဖြင့်တော့ အမှန်တကယ် ဘာဖြစ်တယ်ဆိုတာကို ကျနော်တို့ မသိနိုင်ပါဘူး။ ဘာပဲဖြစ်သည်ဖြစ်စေ ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုသင့်တဲ့ ပြည်သူတစ်ဦးကို ဖမ်းဆီးထားတယ်။ အန္တရာယ်ရှိတဲ့ နယ်မြေတွေမှာ ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းတဲ့ အဖွဲ့အစည်းမှာပဲ အဓိက တာဝန်ရှိပါတယ်ခင်ဗျ။” 
---------------------
မေး- ဦးရဲသိန်းသေဆုံးရသလိုဘဲ ရခိုင်မှာ အပြစ်မဲ့ အရပ်သားပြည်သူ ၁ဝဝ ကျော်သေကြေနေတာနဲ့ပတ်သက်ပြီး ဘယ်သူတွေမှာ တာဝန်ရှိပါသလဲခင်ဗျား။
ဒေါက်တာမျိုးညွန့် - “ ဒါကတော့ ကိစ္စတစ်ခုချင်းအလိုက်ကို တိတိကျကျ အချက်အလက်တွေရမှ ပြောနိုင်မှာပါခင်ဗျ။ ကျနော်တို့ လက်နက်ကိုင်ပဋိပက္ခရှိတဲ့နယ်မြေမှာရှိတဲ့ ပြည်သူအားလုံးဟာ ဒီလိုပဲ အသက်အိုးအိမ်စည်းစိမ်မှာ လုံခြုံမှုမရှိတဲ့ ပြဿနာ အမြဲတမ်းရှိနေတာပါပဲ။ ဒါကြောင့် ဒီပြဿနာကို အပြီးအပိုင်ဖြေရှင်းနိုင်ဖို့အတွက် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို တိုင်းရင်းသား အပေါင်း စုပေါင်းလုပ်ကြဖို့ ဒါ ကျနော်တို့ ထပ်မံပြီး နှိုးဆော်ပါတယ်ခင်ဗျ။”
---------------------
မေး- ဒီလို ဖမ်းဆီးမှုတွေ ပေါ်ပေါက်နေတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဒေါက်တာမျိုးညွန့် - “ အခုသေဆုံးသွားတဲ့ ဦးရဲသိန်းဟာ ရခိုင်အမျိုးသားတစ်ဦးပါ။ လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဦးဝှေ့တင်းဟာ ချင်းအမျိုးသားတစ်ဦးပါ။ ဒီလိုအရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအားဖြင့် ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေးအတွက် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုလျော့ပါးစေနိုင်မယ့် အန္တရာယ်ရှိပါတယ်။ ထိခိုက်စေနိုင်ပါတယ်။”

----------------------------------

မေး- ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မိသားစုတွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီးတော့ရော ဆရာတို့ က ဘယ်လို သဘောထားရှိပါသလဲ။

ဒေါက်တာမျိုးညွန့် - "ကျနော်တို့ကတော့ တည်ဆဲဥပဒေတွေအရ ဆောင်ရွက်တာ၊ ဆောင်ရွက်ရမှာပါ။ ဥပဒေနဲ့မညီဘူးဆိုရင် ထောက်ပြဝေဖန်လို့ ရပါတယ်။ ကျနော်တို့ ဒါ အကယ်၍ ဥပဒေနဲ့မညီတာရှိတယ်ဆိုရင်တော့ ဘယ်သူကဖြစ်စေ၊ အစိုးရပဲဖြစ်စေ၊ ဘယ်အဖွဲ့အစည်းဖြစ်စေ လုပ်ပိုင်ခွင့်မရှိပါဘူးခင်ဗျ"


(ပြီး)
---------------------------------

(Unicode)


 

 
 
 
 
 


 
 
---------------------
 
---------------------
 
---------------------

---------------------------
(ပွီး)

Photo by Mizzima


ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး