စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

“ရခိုင်ပြည်နယ်ရဲ့ ဒီနေ့သွားနေတဲ့ နိုင်ငံရေးဟာ နိုင်ငံရေးပါတီဆိုတာထက် သူတို့တွေရဲ့ ခံစားချက်က နိုင်ငံရေးအဆင့်ကိုကျော်ပြီးတော့ ကိုယ်စားလှယ်တွေနဲ့ အခုလိုသွားနေလို့ ခရီးမရောက်ဆိုပြီးတော့ အယူအဆဖက်ကိုသွားနေတယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 9.4k

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်

(အိမ်စိုးဖြူ မေးမြန်းတင်ပြသည်)

နိရဥ္စရာ၊ ဇူလိုင် ၁၆/၂ဝ၂ဝ (အင်တာဗျူး) 

မေး- လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆရာတို့ပါတီက ဆောင်ရွက်နေတဲ့ အခြေအနေကို သိချင်ပါတယ်။

ဖြေ-ရွေးကောက်ပွဲ အတွက်ကတော့ မြို့နယ်တွေကို စာပို့ပေးထားတယ်။ ဘာဖြစ်လို့လည်းဆိုရင် ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲဖြစ်မယ်လို့ ကော်မရှင်ကတော့ ကြေငြာထားတယ်လေ။ သို့သော် ရခိုင်ပြည်နယ်အနေနဲ့ ကိုယ့်ရွာ၊ ကို်ယ့်ဒေသ၊ ကိုယ့်လူမျိုး အကြောင်းကို ကိုယ်အသိဆုံးပါ။ ဘယ်လို လုပ်နိုင်မလဲ ဆိုပြီးတော့ ပါတီဗဟိုအနေနဲ့ဆိုရင် စိုးရိမ်တယ်။ ဒီလိုမြို့နယ်မှာရှိတဲ့ ကိုယ့်ပါတီဝင်တွေကိုတော့ မေးထားတယ်။ ရွေးကောက်ပွဲကို ဝင်နိုင်ခြေရှိ/ မရှိဆိုတာကို။ မြို့နယ်တွေကို စာကမ်းထားတယ်။ အဲဒီတော့ မြို့နယ်တွေက သူတို့ ဝင်နိုင်မဝင်နိုင်အကြောင်းပြန်ရမယ်။ ပထမအချက်အနေနဲ့ပေါ့။ နောက်ဒုတိယအချက် အနေနဲ့ ရွေးကောက်ပွဲဟာ နိုဝင်ဘာမှာ သေချာမယ်ဆိုတော့ ပါတီဗဟိုအနေနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရွေးချယ်ရေး ကော်မတီ (ဗဟို) ဆိုပြီးတော့ လူခုနစ်ဦးပါတဲ့ ကော်မတီကို ဖွဲ့ထားပါတယ်။ မြို့နယ်တွေမှာလည်း မြို့နယ် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီကို မြို့နယ်မှာ နေထိုင်သော ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ၊ မြို့နယ်ဥက္ကဌ ၊ အတွင်းရေးမှူး သို့မဟုတ် တာဝန်ရှိသူနဲ့ မိမိ ပါတီကို ထောက်ခံတဲ့ သူထဲကနေပြီးတော့ အများလေးစားတဲ့ ပုဂ္ဂိုလ်၊ ၅ ဦး (သို့မဟုတ် ၇ ဦးနဲ့ ဖွဲ့စည်း နိုင်တယ် ဆိုပြီးတော့ မြို့နယ်တွေကိုလည်း ညွှန်ကြားထားတယ်။ ပြီးတော့ မြို့နယ်တွေက ကိုယ်စားလှယ် လောင်းတွေ စာရင်းကိုလည်း တောင်းခိုင်းထားတယ်။ တောင်းခိုင်းထားပြီးတော့ ကိုယ်စားလှယ်လောင်းတွေ စာရင်းတွေ တက်လာတဲ့အခါမှာ ဒီလမကုန်ခင်ပေါ့နော်၊ အဲဒီစာရင်းတွေကို သက်ဆိုင်ရာ ဗဟိုရုံးသို့ ပို့ဖို့  ညွှန်ကြားထားတယ်။၂၅ ရက်နေ့ နောက်ဆုံးထားပြီးပေါ့။


 မေး- ဆရာတို့ ALD ကနေပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်နှနေရာလောက် ဝင်ပြိုင်ဖို့ လျာထားတာရှိပါလဲ။

ဖြေ- ဒီလိုတော့ မရှိသေးဘူး။ ဒီဟာတွေက မြို့နယ်တွေက လုပ်ရမယ့်ဟာဖြစ်တယ်။ အခုအချိန်မှာ မြို့နယ် တွေမှာ ရခိုင်ပြည်အနေအထားနဲ့ ရခိုင်သားတွေရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနဲ့ ဒေသလုံခြုံရေးအပေါ်အချက်အလက်တွေကို မှုတည်ပြီး ယင်းဒေသမှာ ရှိတဲ့ ကိုယ့်ပါတီရဲဘော်တွေ၊ ခေါင်းဆောင်တွေက ဒီနေရာမှာတော့ ကျွန်တော်တို့ ဝင်ပြိုင်မယ်လို့ပြောလာမှ ဖြစ်မယ့်အနေအထားပါ။ ဘယ်နှစ်နေရာ ဝင်ပြိုင်မလဲဆိုတော့ ကိန်းဂဏန်းတွေ သူတို့ဆီက တက်လာမှ ဖြစ်မှာပါ။ ဖြစ်မဖြစ်ဆိုတာက ပြသနာက ရှိနေတဲ့ကြားမှာ အရေအတွက်ကို ပြောရဖို့ အခက်အခဲဖြစ်မယ်။


 မေး- ဒီစာရင်းတွေ တက်လာရင်ကော ဆရာတို့ပါတီကနေ မြို့နယ်အားလုံးမှာ ဝင်ပြိုင်နိုင်ခြေရှိပါလား။

ဖြေ- ရွေးကောက်ပွဲဖြစ်ရင် မြို့နယ် အားလုံး မဟုတ်တောင် အများစု ပြိုင်နိုင်ဖို့ လိုမယ်ထင်တယ်။ ALDနဲ့ တချို့ မြို့နယ်တွေမှာ မဖွဲ့ဘဲ ရှိနေသေးတယ်။ ၂ဝ၁၇ မှာ ALD ကပြန်ပြီး မှတ်ပုံတင်လာတဲ့ အတွက် တချို့မြို့နယ် တွေဟာ ဖွဲ့စည်းမှု မတွေ့သေးပေါ့နော်။ အဲဒါကြောင့် အားလုံး မဟုတ်ရင်လည်း အများစုတော့ ဝင်နိုင်ဖို့ ပြောလို့ရတယ်။


မေး-တချို့ပါတီတွေထဲက ချင်းပြည်နယ် ပလက်ဝဘက်တွေ၊ ဧရာဝတီဘက်တွေမှာ ဝင်ပြိုင်ဖို့ အခြေနေတွေ ကြားနေရတာရှိပါတယ်။ ဆရာတို့ ပါတီအနေနဲ့ကရော။

ဖြေ- ဧရာဝတီတို့ ရန်ကုန်တို့ကတော့ ပြိုင်မယ်ဆိုပြီး ပြင်ဆင်နေတယ်ပေါ့နော်။ ပလက်ဝတို့ ကတော့ နိုင်ငံရေး အခြေအနေတွေနဲ့ အခုအချိန်ထိတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီမှာ ရုံးဖွင့်ထားတာမရှိဘူး။ ပလက်ဝ ဘက်မှာ ဝင်ပြိုင်ဖို့တော့ အခက်အခဲဖြစ်မယ်လို့ထင်တယ်။ အခုအချိန်ထိတော့ မမျှော်သေးဘူး။


မေး- ဘယ်ပါတီတွေက ဆရာတို့ ပါတီနဲ့ ရွေးကောက်ပွဲမှာ ပြိုင်ဖက် ပါတီတွေ ဖြစ်လာမယ်လို့ ထင်ပါလဲ။

ဖြေ- ရခိုင်ပြည်မှာတော့ ရခိုင်ပါတီတွေအချင်းချင်းပြိုင်ရမယ်။ ဘာလို့လည်း ဆိုင်ရင် ပြည်မပါတီတွေအနေနဲ့ ရမယ်မထင်ဘူး။ သို့သော်လည်း တချို့နယ်မြေတွေကတော့ ပြောလို့မရဘူး။ အထူးသဖြင့် သံတွဲခရိုင်တို့လို နေရာမျိုး၊ မောင်တောခရိုင်တွေလိုနေရာမျိုးတွေ၊ နောက်အမ်းတို့ကျရင်တော့ ပြည်မက ပါတီတွေ အားကောင်းနိုင်တယ်လေ။ အဲဒီနေရာတွေမှာတော့ ပြည်မက ပါတီတွေနဲ့ ပြိုင်ရမယ်ထင်တယ်။ ကျန်တဲ့ နေရာတွေမှာတော့ ရခိုင်ပါတီအချင်းချင်း ပြိုင်ရမယ်ထင်ပါတယ်။


မေး- မဲဆွယ်စည်းရုံးတာတွေရော စလို့ လုပ်ဆောင်နေကြပါပြီလား။

ဖြေ- မဲဆွယ်စည်းရုံးဖို့က အခုအနေအထားအရ အနိုင်ရပါတီကလွှဲရင် ကျန်တဲ့ပါတီက မဲဆွယ်စည်းရုံးဖို့ အခက်အခဲဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားစာမှာ အခုအချိန်မှာ ပါတီတွေ စည်းရုံးရေး ၊ ဆိုင်းဘုတ်တင်တာတွေ၊ အစည်းအဝေးလုပ်တာတွေတောင်မှ ဒီကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ ဝန်ကြီးကနေပြီးတော့ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်တွေကို လိုက်နာပြီးလုပ်ရမယ်ဆိုတဲ့ အနေအထားဖြစ်နေတယ်။ အဲဒါကြောင့် မဲဆွယ်စည်းရုံးဖို့က အတော်လေး အခက်အခဲဖြစ်မယ်လို့ထင်ပါတယ်။

 

မေး-  ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးက ဘယ်လိုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါသလဲ။

ဖြေ- မဲဆွယ်စည်းရုံးရေးမှာ အခက်အခဲကတော့ အားလုံးပါတီကြုံရမှာပါ။ အထူးသဖြင့် အခုအခါမှာ ကိုဗစ်-၁၉  ရှိနေတဲ့ဟာ ရောဂါမကူးနိုင်အောင် အကာအကွယ်၊ အတားအဆီးတွေ၊ နီးနီးကပ်ကပ်ပြောလို့မရတာတွေ၊ လူစုလူဝေး မဲဆွယ်ဖို့ အခြေအနေ မရတဲ့ဟာတွေလိုမျိုးဖြစ်ဖို့ထင်တယ်။ နောက်တစ်ခု အခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထပ်ပြီးတော့ အရင်တုန်းက လုပ်လို့ရနေတဲ့အရာ မဲဆွယ်စည်းရုံးတဲ့အခါမှာ ဘာသာရေးနဲ့ ဆိုင်တဲ့ အဆောက်အအုံတွေကို အသုံးပြုခွင့်ကို ပိတ်ပစ်လိုက်တယ်။ ဆိုတဲ့အခါ ရခိုင်မှာပဲဖြစ်ဖြစ် အခြားဒေသမှာပဲဖြစ်ဖြစ် ရပ်ကျေးတွေမှာ နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဘုန်းကြီးကျောင်းတို့လို့ ဓမ္မာရုံတို့လိုနေရာတွေမှ မိုးလုံလေလုံဖြစ်တယ်လေ။ အဲဒါလည်း အခုအခါ တားဆီးပိတ်ပင်လိုက်တဲ့ အတွက် စိန်ခေါ်မှုတစ်ခုဖြစ်မယ်။ နောက်တစ်ခုမှ နိုဝင်ဘာဆိုတော့ခါ မိုးနားကပ်မယ်။ ရခိုင်ပြည်အတိုင်းအတာက မှန်းလို့မကျ။ အရင်ရာသီတွေတော့ မုန်တိုင်းနဲ့ လေနဲ့ ဖြစ်နေကျလေ။ နောက်တစ်ခုကတော့ ရခိုင်ပြည်မှာ အခုဖြစ်နေတဲ့ စစ်ပွဲတွေပေါ့နော်။ ဒီဟာတွေကို ဘယ်လိုနေပြီးတော့ သူတို့နားလည်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုက်ပွဲတွေကို ရပ်တန့်ပေးမလဲ။ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်တဲ့ သူရော ၊မဲပေးတဲ့လူရော၊ မဲဆွယ်စည်းရုံးတဲ့လူရော အားလုံးကို အဘက်ဘက်က လုံခြုံရေးကို ဘယ်သူတွေ တာဝန်ယူပေးမှာလည်း ဆိုပြီး အဲလိုစိန်ခေါ်ချက်တွေကတော့ အများကြီးဖြစ်လာမယ်။


မေး- ပါတီနိုင်ငံရေးကိုရော၊ လွတ်တော်ကိုယ်စားလှယ်တွေကိုပါ ဖေ့စ်ဘုတ် ၊လူမှုကွန်ယက်တွေမှာ ဝေဖန်မှုတွေ ရှိနေတဲ့အပေါ်မှာရော။ ပီးရင် ပြောဆိုတာတွေက မဲဆွယ်စည်းရုံးတုန်းကပြောတာကတစ်မျိုး၊ အနိုင်ရသွားတော့ တစ်မျိုး စသဖြင့် ပြောဆို ဝေဖန်နေကြတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ- အခုလွှတ်တော်ကိုယ်စားလှယ်တွေဟာ ၂ဝ၁၅ ကနေပြီးတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်လာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် ANPရဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ ဟိုဖက် ၂ဝ၁ဝ တုန်းက ကျွန်တော်တို့က မှတ်ပုံမတင်ရသေးဆိုတော့ အသိမှတ်မပြု။ ရွေးကောက်ပွဲမဝင်ရ ဆိုပြီးတော့ ပါတီရဲ့မူနဲ့ ရပ်တည်ခဲ့ရတယ်။ ၂ဝ၁ဝ မှာတော့ ရွေးကောက်ပွဲမဝင်ခဲ့ဘူး။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ဦးလေးတို့ပါတီဟာ အနိုင်ရတဲ့ ပါတီဖြစ်တယ်။ ၈၈ ကပါတီထောင်တယ်။ ၉ဝ မှာရွေးကောက်ပွဲပြိုင်တယ်။ နိုင်တယ်။ ၂ဝ၁ဝ မှာ ၂ဝဝ၈ ကို မကြိုက်လို့ မဝင်။ သို့သော်လည်း RNDP ဆိုတာပေါ်လာတယ်။ ရခိုင်သား ရခို်င်ပါတီကို မဲပေးရမယ်ဆိုပြီးတော့ ပေးကြတယ်။ RNDP ဟာ ၂ဝ၁ဝ မှာ အနိုင်ရတယ်။ ၂ဝ၁၂ မှာ ALD ပြန်ပြီးတော့ မှတ်ပုံတင်တယ်။ ပါတီပေါင်းဖို့တွက် တိုက်တွန်းလို့ ၂ဝ၁၃ မှာ ပေါင်းတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၇ဝ ကျော်က ရွေးကောက်ပွဲမှာ ANP ကဝင်တယ်။ အဲဒီအထဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်းဟာ  ၄ နေရာပဲရှိတယ်။ အဲဒီ ၄ နေရာထဲမှာ သိသာထင်ရှားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ဥက္ကဌ ဦးအေးသာအောင်၊ဒီနေ့ ပေါ်ပြူလာဖြစ်နေတဲ့  ဒေါ်ထုမေပေါ့နော်။ နောက်တစ်ဦးကတော့ ANPရဲ့ကို်ယ်စားလှယ် ဦးသန်းမောင်ဦးဆိုတာ ရခိုင်ပြည်နယ် လွှတ်တော်က။ ဒီလူတွေရဲ့ အခြေအနေကို နားထောင်ကြည့်လိုက်ပါ သိပါလိမ့်မယ်။ ဘယ်သူ ဘယ်လောက်လုပ်နိုင်လဲ။ ပြည်နယ်မှာ ဘယ်လောက်လုပ်တယ်။ ပြည်ထောင်စုမှာ ဘယ်လောက်လုပ်တယ်ဆိုတာ။ သို့သော် နှစ်ပါတီ ပေါင်းတဲ့ အခါမှာ ဦးလေးတို့ကနေဖြစ်စေချင်တာ လူငယ်တွေ၊ လူလတ်ပိုင်းတွေ နဲ့ လုပ်မယ့် လူတွေကို ဦးလေးတို့က ဖြစ်စေချင်လို့ ရှာပြီးတော့ ပြိုင်ဖို့ ထည့်ဖို့ပြောတယ်။ သို့သော်လည်း တစ်ဖက်ကနေ လုပ်လိုက်တာက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကလူတွေဖြစ်နေတယ်ဆိုပြီး အားလုံးကို ရှင်းထုတ်ပစ်တဲ့ ထဲမှာ အခုဖြစ်နေတဲ့ အပြောဆိုခံ၊ အဆဲဆိုခံ၊ တစ်ခုမှ မလုပ်၊ တစ်ခုမှ ပြောခဲ့တဲ့ အတိုင်းမဖြစ်ဆိုပြီးတော့ ဖြစ်နေတယ်ဆိုတာ အဲဒီက ဆင်းသက်လာတယ်လို့မြင်တယ်။ အဲဒါတစ်ချက်။နောက်တစ်ချက်က ရခိုင်ပြည်နယ်ရဲ့ ဒီနေ့သွားနေတဲ့ နိုင်ငံရေးဟာ နိုင်ငံရေးပါတီဆိုတာထက် သူတို့တွေရဲ့ ခံစားချက်က နိုင်ငံရေးအဆင့်ကိုကျော်ပြီးတော့  ပါတီဟာ ကိုယ်စားလှယ်တွေနဲ့ အခုလိုသွားနေလို့ ခရီးမရောက်ဆိုပြီးတော့ အယူအဆဖက်ကိုသွားနေတယ်။ ဒီဟာလည်းဒီနေ့နိုင်ငံရေးကို ဝေဖန်ဖို့ ကောင်းတဲ့ အကွက် ဖြစ်နေတယ်။ ပြည်သူတစ်ရပ်လုံး အထူးသဖြင့် မည်သည့်အခါမှ နိုင်ငံရေးမလုပ်ပဲနဲ့ ကိုယ့်အကျိုး စီးပွားကိုပဲလုပ်ပြီးတော့ ကိုယ်အကျိုးစီးပွားကိုလည်းလုပ်တယ်။ အာဏာပိုင်တွေ နဲ့ ပေါင်းနေတဲ့ လူတွေက ဒီနေ့အခါ နိုင်ငံရေးမဟုတ်ဘဲ နဲ့ တစ်ဖက်ကိုအားပေးတယ်ဆိုတဲ့ အမြင်တွေဖြစ်လာတယ်။ ဒီဟာလည်းပဲ ရခိုင်ပြည်ရဲ့ ပြသနာထဲမှာ ပြသနာကြီးတစ်ခုလို့မြင်တယ်။ လူတွေဟာ လဖက်ရည်ဆိုင်မှာ ထိုင်တယ်။ တစ်ခြားနေရာတွေမှာထိုင်တယ်။ ပါတီလုပ်တဲ့ လူတွေကို ဝေဖန်တယ်။ ဆဲတယ်။ ဆဲတာမှာတော့ ရခိုင်သားတွေ ပထမပဲ။ ဒီဟာတွေကိုလည်း နိုင်ငံရေး ပါတီတွေကလည်း ပြုပြင်ပေးဖို့အတွက် အားထုတ်ရမယ်၊ ကြိုးစားရမယ်။ ဦးလေးတို့အပါအဝင်။ နောက်တစ်ခါ တိုက်ခိုက်နေတဲ့ လူတွေကလည်း ဘယ်လောက်ပဲ တိုက်ခိုက်နေကြသော်လည်း တကယ့် တကယ် တိုင်းပြည်ကို ဦးဆောင်နေတာက နိုင်ငံရေးအဖွဲ့အစည်းတွေ ၊ နိုင်ငံရေး ပါတီတွေကသာ ဦးဆောင် ရတာ။ တပ်က တပ်အလုပ်ကိုပဲလုပ်ရတာ။ ဒီသဘောသဘာဝကိုလည်း နားလည်လာဖို့ လိုတယ်လို့ပြောချင်တယ်။

 မေး- ဆရာတို့ ရွေးကောက်ပွဲဝင်ပြိုင်ရမဲ့ ရည်ရွယ်ချက်။ ဘာအတွက် ဝင်ပြိုင်ရခြင်းဖြစ်တယ် ဆိုတာ နောက်ဆုံးနိဂုံးချုပ်လေးပြောပေးပါ။

ဖြေ- ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာစတင်တည်ထောင်ကတည်းက ကိုယ်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့၊ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခြင်း အပြည့်အဝ ရရှိသော ဖယ်ဒရယ်ပြည်ထောင်စု၊ ကိုယ့် ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ကိုယ်ပိုင် အပြည့်အဝရသော ဖယ်ဒရယ်ပြည်ထောင်စု၊ အခုကတော့ဖယ်ဒရယ်ကိုသုံးတယ်။ ၁၉၈၈ စတည်ထောင် တုန်းက ဖယ်ဒရယ်ဆိုတဲ ဝေါဟာရကို မသုံးရ။ သုံးရင် ထောင်ထဲကို ထည့်တယ်။ အဲဒီတုန်းကတော့ ပြည်ထောင်စု စိတ်ဓာတ်။ တစ်နည်းအားဖြင့် လူမျိုးတိုင်း လူမျိုးတိုင်ဟာ ပြည်နယ်ရပိုင်ခွင့် ရှိတယ်။ ပြည်နယ် ထူထောင်ခွင့်ရှိတယ်။ အင်္ဂါနဲ့ ညီတယ်။ တစ်နည်းအားဖြင့် ပြောရင် ဗမာ လည်း လူမျိုး တစ်မျိုးဖြစ်တယ်။ ပြည်နယ်တစ်ခုသာဖြစ်ရမယ်။ ပြည်ထောင်စုကို ၈ ပြည်နယ်၊ ၈ ယူနစ်နဲ့ ဖွဲ့စည်းဖို့ ဆိုပြီးတော့ ယုံကြည်ပြီးတော့ ဒီပါတီကို ထောင်ခဲ့တာဖြစ်တယ်။ ရခိုင်သားတွေဟာ ဘယ်သူ့ထက်လည်း မနိမ့် ၊ ဘယ်သူ့ထက်မှ မမြင့် အားလုံးဟာ တန်းတူရည်တူအခွင့်လမ်းရှိရမယ်။ နိုင်ငံရေး နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရဖို့ကို လိုချင်လို့ ပါတီထောင်ခြင်းဖြစ်တယ်။ ပါတီထဲက လွှတ်တော်ထဲကနေပြီးတော့ ပြုပြင်ယူသွားဖို့ဆိုပြီး ပါတီထောင်ခြင်း ဖြစ်ပါတယ်။


ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး