ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

“ ငြိမ်းချမ်းရေးမှာ အစိုးရဟာ ကြားနေတဲ့ အဆင့်ပဲရှိတယ်။ ဒိုင်လူကြီးလုပ်ပေးရတဲ့အဆင့်ပဲ၊ စေ့စပ်ပေးတဲ့အဆင့်ပဲရှိတယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 5.7k

မုံရွာအောင်ရှင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ပြီးတက်လာတဲ့ NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး ဘာတွေ ပြောင်းလဲ တိုးတက် သွားခဲ့ပါသလဲ။ NLD အစိုးရလက်ထက် မြန်မာနို်င်ငံရဲ့ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို နိရဥ္စရာသတင်းဌာနရဲ့ လက်ထောက်အယ်ဒီတာ မာန်ယုကျော် (ရွှေဝမြေ)က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ပထမဆုံးမေးချင်တာက ဆရာတို့ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်က မဲဆန္ဒနေရာတွေအားလုံးမှာ ဝင်ပြိုင်မှာပါလား။

ဖြေ- ကျနော်တို့ ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ် တောင်ပိုင်းရော၊ မြောက်ပိုင်းရော အတတ်နိုင်ဆုံး နေရာစုံပေါ့လေ။ နေရာစုံမှာ ဝင်ပြိုင်ဖို့တော့ အစီအစဉ်ရှိပါတယ်။ သို့သော်လည်းပဲ တချို့နေရာတွေကတော့ ထုံးစံအတိုင်းပေါ့လေ။ Violence Area တွေ ဖြစ်နေတဲ့အခါကျတော့ အဲဒီနေရာတွေမှာတော့ ပြိုင်ဖို့ခက်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ယေဘုယျပြောရရင်တော့ ကျနော်တို့ နေရာစုံပြိုင်ဖို့တော့ အစီအစဉ်ရှိတယ်။ သို့သော်လည်းပဲ ပြိုင်လို့မရတဲ့ နေရာမျိုးဆိုရင်တော့ ကျနော်တို့ နောက်ဆုတ်မှာပါပဲ။

 

မေး- ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဝင်ပြိုင်ဖို့က သေချာနေပြီလေ။ ဆိုတော့ မဲဆွယ်စည်းရုံးရေး ကာလမှာကော ဝန်ကြီးချုပ်အနေနဲ့ ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပြီး မဲဆွယ်မှာလား၊ ဒါမှမဟုတ် ဘယ်လိုမျိုး မဲဆွယ်စည်းရုံးဖို့စီစဉ်ထားသလဲ။

ဖြေ- ကျနော်မြင်တာကတော့ ဝန်ကြီးချုပ်က ရိုးရိုး ဟိုဟာအနေနဲ့ပဲ ပြိုင်ရလိမ့်မယ်ထင်တယ်။ ကျနော့်အမြင်ပြောတာနော်။ ဝန်ကြီးချုပ်အဆောင်အယောင်နဲ့ မဟုတ်ဘဲနဲ့လေ။ ရိုးရိုးသာမန် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ပဲ ဝင်ပြိုင်ရလိမ့်မယ်လို့ ထင်ပါတယ်။

 

မေး- သူဝင်ပြိုင်နေချိန်မှာ လစ်လပ်နေတဲ့ ဝန်ကြီးချုပ်နေရာအတွက်ကော ဘယ်လို စီစဉ်ထားပါသလဲ။

ဖြေ- အဲဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောက်ထပ် ရွေးကောက်ပွဲကာလပေါ့လေ။ ရွေးကောက်ပွဲကာလမှာ ကြီးကြပ်တဲ့ အဖွဲ့အစည်း ပြန်ပြီးတော့ ဖွဲ့ချင်ဖွဲ့မှာပေါ့။ အဲဒါကိုတော့ ကျနော်တို့လည်း မပြောတတ်ဘူး။


မေး- ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အတွက် NLD အနေနဲ့ လက်ရှိမှာ ဘာတွေ ပြင်ဆင်နေပြီလဲ။ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

ဖြေ- ကျနော်တို့ကတော့ လောလောဆယ်မှာ အထူးအထွေ ပြင်စရာ မလိုဘူးလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ဗဟိုကနေပြီးတော့ ပြည်နယ်၊ တိုင်း၊ သို့မဟုတ် ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးထိအောင်ပေါ့လေ။ ကျနော်တို့မှာ အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီးသားဖြစ်နေပြီ။ ဖြစ်နေတော့ တကယ်လို့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို မဲဆွယ်စည်းရုံးရေးကာလကို သတ်မှတ် လိုက်တာနဲ့ တစ်ပြိုင်နက် ကျနော်တို့ အဆင်သင့်ဖြစ်အောင်တော့ လုပ်ထားတာရှိပါတယ်။

 

မေး- ၂ဝ၁၅ တုန်းက ပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ဒီတစ်ကြိမ် ဘယ်မူဝါဒ၊ ဘယ်ဆောင်ပုဒ်တွေကို လက်ကိုင်ထားပြီး ရွေးကောက်ပွဲဝင်ပြိုင်မှာပါလဲခင်ဗျာ။ 

ဖြေ- အဲဒါတွေကတော့ မလာသေးဘူးဗျ။ အဲဒါတွေက မလာသေးဘူး။ အဓိက နံပါတ် (၁) က ဒေါက်တာဇော်မြင့်မောင်ကတော့ ပြောတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီတယ်လို့ ထင်ရတဲ့ Slogan ပေါ့လေ။ ဆောင်ပုဒ်တွေတင်မယ်လို့ ပြောဖူး၊ ပြောပါတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းပေါ့။ အဲဒါလည်း ကျနော်တို့ ပြုစုပြီးသလောက် ဖြစ်ပါပြီ။ ရွေးကောက်ပွဲ ခုနက ပြောသလိုပဲ ကော်မရှင်ကနေပြီးတော့ ကြေညာပြီဆိုရင်တော့ ကျနော်တို့က ရွေးကောက်ပွဲ ကြေညာစာတမ်းကို ထုတ်ပြန်ပြီးတော့ အဲကြေညာစာတမ်းကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုုံးတဲ့ကာလမှာ သေချာရှင်းလင်းရမှာပါပဲ။ အဲဒီလိုနဲ့ပဲ ကျနော်တို့ မဲဆွယ်ရမှာပါပဲ။

 

 မေး- နောက်တစ်ခုက ဒီရခိုင်မှာက ဆရာတို့သိတဲ့အတိုင်းပဲ ပဋိပက္ခတွေလည်းဖြစ်နေတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ပြီးတော့ ဒီကိုဗစ်ကာလကလည်း ဖြစ်နေတယ်ဆိုတော့ မဲဆွယ်စည်းရုံးမယ့်ကိစ္စတွေမှာရော ဘယ်လိုမျိုး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ကြုံလာနိုင်မယ်လို့ ဆရာတို့ ထင်ပါသလဲ။

ဖြေ- အများကြီးပဲဗျ။ အများကြီးပဲ။ အထူးသဖြင့် ကျနော်တို့  တိုင်းဒေသကြီးနဲ့တောင်မှ မတူပါဘူး။ ပြည်နယ်တွေကလေ။ ကျနော်တို့ ရင်ဆိုင်ရမှာတွေက မတူဘူး။ ဘာကြောင့်မတူလဲဆိုတော့ တိုင်းဒေသကြီးဆိုတာက တိုင်းရင်းသား နည်းတယ်လေ။ ဗမာအများစု နေထိုင်ကြတာကိုး။ နေထိုင်ကြတဲ့အခါကျတော့ ကျနော်တို့ မဲဆွယ်ဖို့ကိစ္စအတွက် ဒါအထူးအထွေတော့ အခက်ခဲ မရှိဘူးပေါ့လေ။ ဥပမာ ဆိုပါစို့။ တစ်အိမ်တက်၊ တစ်အိမ်ဆင်းပေါ့လေ။  Door To Door သွားလ ရတယ်။ နောက်တစ်ခါ အွန်လိုင်းကနေပြီးတော့ Campaign လုပ်လို့ရတယ်။ နောက်တစ်ခြား  Mainstream Media တွေကလည်း လုပ်လို့ရတယ်ပေါ့။ အဲဒါမျိုးတွေတော့ လုပ်ပြီးတော့ မဲဆွယ်လို့ ရတယ်။ သို့သော်လည်းပဲ ခုနကပြောတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရှိတဲ့ ဒေသတွေကျတော့ အဲလိုမဟုတ်ဘူးလေ။ အထူးသဖြင့် ခင်ဗျားတို့ ရခိုင်ဒေသတွေဆိုလို့ရှိရင် တိုက်ပွဲတွေဖြစ်နေတဲ့ ဒေသတွေပေါ့လေ။ အဲဒါမျိုးတွေကျတော့ ကျနော်တို့ အထူးပဲ သတိထားရမယ့် အနေအထားတွေ ရှိပါတယ်။ ဒါကလည်း အားလုံးနဲ့လည်း ဆိုင်ပါတယ်။ ဒီဒေသတွေမှာ တိုက်ပွဲတွေ သိပ်ဖြစ်နေပြီ ဆိုလို့ရှိရင် ရွေးကောက်ပွဲကော်မရှင်က ဒါကို ဒီမဲဆန္ဒနယ်တွေ ပယ်ဖျက်တယ်ဆိုလို့ရှိရင် နစ်နာတာကတော့ အဲဒီဒေသခံ ပြည်သူတွေ နစ်နာတယ်။ နောက်တစ်ခါ ဒေသခံနိုင်ငံရေးပါတီတွေ နစ်နာရတာပါပဲ။ အဲဒီအတွက် မနစ်နာအောင်လည်း ကျနော်တို့ ကြိုးစားရမှာပဲလို့ ကျနော်ပြောချင်ပါတယ်။

မေး- ဆရာတို့ပါတီအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြောင်းလဲချိန်တန်ပြီ ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ အနိုင်ရလာခဲ့တယ်။ မြန်မာပြည်မှာ ဘာတွေ ပြောင်းလဲသွားတယ်လို့ ပြောလို့ ရမလဲ။

ဖြေ- ပြောင်းလဲတာကတော့ အများကြီးပဲဗျ။ အစိုးရတစ်ရပ် ပြောင်းလဲတယ်ဆိုတဲ့ နေရာမှာလေ ကျနော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အချက် ၃ ချက် ရှိတယ်မလား။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ့။ ဒီကတိပေါ့လေ။ ပြည်သူလူထုကို ပေးတဲ့ကတိအတိုင်း ကျနော်တို့ မဖြစ်မနေ ကြိုးစားပြီးတော့ လုပ်ခဲ့တာပါပဲ။ အဲဒီတော့ ဒီနေရာမှာ အောင်မြင်တာတချို့ရှိတယ်။ မအောင်မြင်တာတွေလည်း ရှိပါလိမ့်မယ်။ ဒါကတော့ အားလုံး အောင်မြင်တယ်လို့ ကျနော်လည်း မပြောလိုပါဘူး။ ဥပမာ ဆိုပါစို့။ တရားဥပဒေစိုးမိုးရေးဆိုလို့ရှိရင်လည်း ကျနော်တို့ လက်ထဲမှာ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေနေကောင်းတွေ ရအောင်ပေါ့လေ။ ကျနော်တို့ လုပ်ခဲ့တယ်။ ဥပမာ နိုင်ငံသားတွေရဲ့ တာဝန်ပေါ့။ နိုင်ငံသားတွေရဲ့ ပိုင်ခွင့်တွေပေါ့။ လွတ်လပ်စွာ ရေးသားခွင့်တို့၊ ထုတ်ဝေခွင့်တို့၊ နောက်တစ်ခါ လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့်တို့ ဘာတို့ကအစ ကျွန်တော်တို့ အများကြီးလုပ်ခဲ့ပါတယ်။ ဒါတွေက အောင်မြင်တဲ့ဟာတွေပါပဲ။ နောက်တစ်ခါ ဒီ လမ်းပန်း ဆက်သွယ်ရေးကိစ္စဆိုရင်လည်း ဒါအားလုံးက အသိသာကြီးပဲ။ နေရာတိုင်းမှာ ကျနော်တို့ လမ်းတွေ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပါပဲ။ နောက်တစ်ခါ စီးပွားရေးလည်း ဒီလိုပဲ။ စီးပွားရေးကတော့ လက်တွေ့မှာက စီးပွားရေးကျပ်တယ်ဆိုပေမယ့် အညွှန်းကိန်းအရ ကျနော်တို့ စီးပွားရေး အညွှန်းကိန်းအရတော့ အများကြီးတက်ခဲ့ပါတယ်။ နောက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလည်း အများကြီးတက်ခဲ့ပါတယ်။ ဒီကိုဗစ်ကိစ္စပေါ်တဲ့အခါမှပဲ ရပ်သွားတာလေ။ ဒါကတော့ တစ်ကမ္ဘာလုံး ဖြစ်တဲ့ကိစ္စဆိုတော့ ဒါကတော့ ပြောလို့မရဘူး။ သို့သော်လည်းပဲ ကျနော်တို့ ကိုဗစ်အလွန်မှာ ဘယ်လိုလုပ်မယ်ဆိုတာလည်း ကျနော်တို့ အစီအစဉ်တွေ ရှိပြီးသားပါ။ ဒါကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ပေါ့။ နောက်တစ်ချက်ပြောချင်တာကတော့ တရားဥပဒေစိုးမိုးရေးပဲဖြစ်ဖြစ်၊ နောက် ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ နောက်တစ်ခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးပဲ ဖြစ်ဖြစ်၊ ကျနော်တို့ လုပ်နေတာက အကန့်အသတ်ရှိတယ်။ အဲဒါလေးတော့ သိဖို့လိုလိမ့်မယ်။ ဟာ ဒီကောင်တွေ ဘာမှ မအောင်မြင်ဘူးဆိုတာ မအောင်မြင်တဲ့ဟာတွေမှာ အကန့်သတ်တွေရှိတဲ့ အတွက်ကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ဘူးဆိုတာကို ကျနော်က ပြောချင်တယ်။ အဲဒီ အကန့်အသတ် ဆိုတာတော့ အားလုံးသိတဲ့အတိုင်းပဲ။ ခဏက တရားဥပဒေစိုးမိုးရေး ဆိုလို့ရှိရင် ကျနော်တို့က ပြည်ထဲရေးကို ကျနော်တို့ အာမမခံနိုင်ဘူး။ တာဝန်မယူနိုင်ဘူးပေါ့လေ။ ပြည်ထဲရေးက ကျနော်တို့ရဲ့ ဘက်တစ်ဘက်မှာ ရှိနေတယ်။ ကျနော်တို့ အပြီးအပိုင်လုပ်လို့မရတာတွေရှိတယ်။ ထို့အတူပဲ ဥပမာ ဒီငြိမ်းချမ်းရေးလည်း ဒီလိုပါပဲ။ ငြိမ်းချမ်းရေးမှာ အစိုးရသည် ငြိမ်းချမ်းရေးမှာ ကြားနေတဲ့ အဆင့်ပဲရှိတယ်။ ဒိုင်လူကြီးလုပ်ပေးရတဲ့အဆင့်ပဲ၊ စေ့စပ်ပေးတဲ့အဆင့်ပဲရှိတယ်။ တကယ်တမ်း ငြိမ်းချမ်းရေးကို တကယ်လုပ်ရမယ့်လူတွေကတော့ လက်နက်ကိုင်အင်အားစုတွေပဲ။ အဲဒီလက်နက်ကိုင်အင်အားစုတွေကို ကျနော်တို့ ဘယ်လောက်ထိ စည်းရုံးနိုင်မလဲ ဆိုတာကလည်း ဒီဟာကလည်း ပြဿနာပဲ။ နှစ်ပေါင်း ၇ဝ ကျော်လောက် လက်နက်ကိုင် ပဋိပက္ခကို (၂) နှစ်၊ (၃)နှစ်လောက်နဲ့တော့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဒီကြားထဲမှာ အကျိုးစီးပွားပြဿနာတွေ ရှိတယ်။ အဲဒီအကျိုးစီးပွားပြဿနာတွေကိုလည်း ကျနော်တို့က ထည့်တွက် နေရသေးတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးမှာလည်း ရသင့်သလောက်တော့ မရဘူး။ သို့သော်လည်း ကျနော်တို့လက်ထက်မှာ ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကျနော်တို့ (၃) ကြိမ် ကျနော်တို့ အောင်မြင်စွာလုပ်ခဲ့တယ်။ အခု စတုတ္ထ အကြိမ်မှာကျတော့ သြဂုတ်လ ၁၂ ရက်နေ့မှာ လုပ်မယ်လို့ ကျနော်တို့ ကြေညာထားပြီးသား။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သုံးခုမှာ၊ ပြီးခဲ့တဲ့ သုံးခုမှာ သဘောတူညီတဲ့အချက်ပေါင်း ၅၂ ချက်ရခဲ့တယ်။ အခုလည်းထပ်ပြီးတော့ ဒီဟာ ရအောင် ကြိုးစားကြရမှာပဲ။ ဒီလောက်ပဲ ကျနော်တို့ လုပ်နိုင်တယ်။ ဆက်ပြီးတော့လည်း ငြိမ်းချမ်းရေးကတော့ မရရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ရှိပါတယ်။ ဒါက ဒုတိယ။ တတိယကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလည်း ဒီလိုပါပဲ။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်ထဲကနေပြီးတော့ လုပ်မယ်လို့ ပြောတယ်။ တချို့က လွှတ်တော်ထဲက မရနိုင်ဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ၇၅ ရာခိုင်နှုန်း ပြည့်မီအောင် မဖြစ်နိုင်ဘူးပေါ့။ ၂၅ ရာခိုင်နှုန်းကတော့ တပ်မတော်ရှိနေတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေ ရှိနေတော့ မရနိုင်ဘူးလို့ပြောတယ်။ မရနိုင်ဘူးဆိုတာ ကျနော်တို့ သိတယ်။ သို့သော်လည်းပဲ ဒီပြင်ဆင်ရေးကို ကျနော်တို့ လွှတ်တော်ထဲမှာ လုပ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ သဘောထားတွေကို ကျနော်တို့ သိလာရတယ်။ အားလုံးရဲ့သဘောထားတွေကို သိလာရတယ်။ လွှတ်တော်ထဲမှာ ကျနော်တို့ ရှုံးရင် ရှုံးမယ်။ သို့သော်လည်းပဲ ပြည်သူလူထုက ဘယ်ဘက်မှာ ရှိလဲဆိုတာ ကျနော်တို့ သိလာရတယ်။ ဘယ်ဘက်မှာ ပြတ်ပြတ်သားသား ရပ်နေလဲဆိုတာ ကျနော်တို့ သိလာရတယ်။ အဲဒါကိုက ကျနော်တို့အတွက် အမြတ်ပဲလို့ ကျနော် ပြောချင်တယ်။ ကျနော်တို့ ဒါတွေလည်း နောက်တစ်ကြိမ်ပေါ့လေ။ ကျနော်တို့တာဝန်ယူရမယ့် အခြေနေမျိုး ဖြစ်လာရင် ဆက်ပြီးတော့ လုပ်မှာပါပဲ။ အဲဒီတော့ ပြောချင်တာကတော့ ကျနော်တို့ အစိုးရ လက်ထက်မှာ လူတွေ၊ ပြည်သူလူထုဟာ နောက်ကျောလုံလုံနဲ့ စီးပွားရှာနိုင်တယ်။ နောက်ကျော လုံလုံနဲ့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်နဲ့ အလုပ်တွေ အများကြီးလုပ်နိုင်ခဲ့တယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

 

မေး- ဆရာတို့ NLD အစိုးရလက်ထက်မှာ ရခိုင်လူထုက ရခိုင်ပြည်နယ်မှာ တစ်ခုမှ ပြောင်းလဲ တိုးတက်မှုမရှိဘူးလို့ ပြောနေကြပါတယ်။ အဲဒီအပေါ်မှာ ဆရာ့အမြင်လေး သိချင်ပါတယ်။

ဖြေ။    အဲဒါကလည်း ဝမ်းနည်းစရာကောင်းတာဗျ။ ဝမ်းနည်းစရာကောင်းတယ်ဆိုတာကတော့ ရခိုင်မှာက တောင်ပိုင်း၊ မြောက်ပိုင်းပေါ့လေ။ ကျနော်ကြည့်သလောက်ကတော့ အခု ရခိုင်မြောက်ပိုင်းမှာကတော့ ဒီ Violence Area က သိပ်ပြင်းထန်တယ်ပေါ့လေ။ တောင်ပိုင်းက ဒီလောက်ကြီး မရှိဘူးပေါ့။ မပြင်းထန်ဘူးပေါ့နော်။ အဲဒီတော့ မြောက်ပိုင်းမှာ ဘာကြောင့် ဖြစ်ရသလဲဆိုတာကတော့ အကြောင်းရင်းတွေရှိတယ်။ အကြောင်း အဆက်အသွယ်တွေရှိတယ်။ မြောက်ပိုင်းမှာ ဆိုးတာက ARSA ကလည်း ရှိနေတယ်။ နော်။ အခုနောက်ပိုင်းမှာ AA ကလည်း ရှိနေတယ်။ ဒီလက်နက်ကိုင်ပဋိပက္ခကလည်း ကျနော်ထင်တယ်။ သိပ်တော့ အလွယ်တကူနဲ့တော့ ပြီးနိုင်မယ့်အနေအထားတော့  မရှိဘူး။ အဲဒီတော့ အဓိကဘာလဲဆိုတော့ လက်နက်ကိုင် ပဋိပက္ခရှိနေတယ်။ မငြိမ်းချမ်းဘူးဆိုလို့ရှိရင် အဲဒီဘက်မှာ ဘယ်လိုမှ မတိုးတက်နိုင်ဘူးလေ။ ဒါ သဘာဝ ကျတယ်။ အဲဒီတော့ အခု ရခိုင်ပြည်နယ် မတိုးတက်ဘူးဆိုတာကလည်း အဲဒီသဘောပါပဲ။ ဒီထက် အခု ထပ်ပြီးတော့ ဝမ်းနည်းစရာတွေ တွေ့လာရလိမ့်မယ်။ ကျနော်တို့က ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်မှာ အားလုံး ဒေသစုံကို ကျနော်တို့ ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်။ သို့သော်လည်းပဲ ဒီလို Violence Area တွေဖြစ်နေပြီ။ တိုက်ပွဲတွေဖြစ်နေပြီဆိုရင် အဲဒီဒေသတွေဟာ ဝမ်းနည်း စရာကောင်းစွာနဲ့ ကျနော်တို့ ထားချင် ထားပစ်ခဲ့ရလိမ့်မယ်။ အဲဒီလိုထားပစ်ခဲ့ပြီဆိုရင် ဘယ်သူတွေ နစ်နာလဲ။ အဲဒီဒေသခံ ပြည်သူ လူထုတွေရဲ့အခွင့်အရေးနစ်နာတာပဲ။ ဒေသခံ နိုင်ငံရေးပါတီတွေရဲ့ အခွင့်အရေးနစ်နာတာပါပဲ။ အဲဒီအတွက်ကတော့ ဒါ အားလုံးသဘောပေါက်ပြီးတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်နိုင်မယ် ဆိုရင်တော့ ဒီ ရခိုင်ပြည်နယ်ရဲ့အနေအထားက ကောင်းမယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။

 

မေး။   ဆရာတို့ NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်မှာ ဘာတွေ တိုးတက် ပြောင်းလဲ သွားတယ်လို့ ပြောလု့ိရမလဲ။

ဖြေ။    အကောင်းဆုံးကတော့၊ ကျနော်အပြောနိုင်ဆုံးက လမ်းပန်းဆက်သွယ်ရေးကောင်းတယ်ဗျာ။ ကျနော်ပြောနိုင်တယ်။ လမ်းပန်းဆက်သွယ်ရေး အများကြီးကျနော်တို့လုပ်ပေးနိုင်တယ်။ ကျန်တဲ့ ဟာတွေကတော့ စောစောက ပြောသလိုပဲ ကျနော်တို့ လက်နက်ကိုင် ပဋိပက္ခရှိနေတဲ့ ဒေသတွေမှာ လွတ်လပ်တဲ့ပတ်ဝန်းကျင်အနေအထားရအောင် ကျနော်တို့မလုပ်ပေးနိုင်တာကတော့ ဒါကတော့ အစိုးရနဲ့လည်း ဆိုင်တယ်။ အဲဒီ ဒေသခံ လက်နက်ကိုင်ပဋိပက္ခနဲ့လည်း ဆိုင်တယ်လို့ပဲ ပြောချင်ပါတယ်။

 

မေး။   နောက်ဆုံးဘာများ ဖြည့်စွက်ပြီး ပြောချင်ပါသလဲခင်ဗျား။

ဖြေ။    နောက်ဆုံးဖြည့်စွက်ပြောချင်တာကတော့ ကျနော်ကတော့ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့။ ဘယ်ပါတီပဲ ဖြစ်ဖြစ်ပေါ့။ ကျနော်တို့အားလုံး တိုင်းရင်းသားမျိုးနွယ်စုပါတီတွေ မဲရလည်း ကျနော်တို့ ဝမ်းသာ ရတာပါပဲ။ ကျနော်တို့ရလည်း ကျနော်တို့ ဝမ်းသာမှာပါပဲ။ ကျနော်တို့အားလုံးဟာ ဒီမိုကရေစီအတွက် သွားနေကြတဲ့လူတွေ၊ ဒီမိုကရေစီစနစ်အတွက် ရုန်းကန်နေရတဲ့လူတွေဆိုတော့ ဘယ်သူပဲရရ ကျနော် ဝမ်းသာတယ်လို့ပဲ ပြောချင်ပါတယ်။

 

အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။


ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး