သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စတုတ္ထအကြိမ်မြောက် ပင်လုံညီလာခံသို့ AAကို မဖိတ်ကြားမှု အပေါ် ရခိုင်အရေးကျွမ်းကျင်သူ (၅) ဦးရဲ့အမြင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၇/၂ဝ၂ဝ (အင်တာဗျူး) 

သြဂုတ်လတတိယပတ် (၁၉ ရက်မှ ၂၁ ရက်နေ့ထိ) နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံစတုတ္ထအကြိမ် အစည်းအဝေးတက်ရောက်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးမထိုးထားသည့် တိုင်းရင်သားလက်နက်ကိုင် ၈ ဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ကို ဖိတ်ကြားမည် ဖြစ်သော်လည်း ရက္ခိုင်တပ်တော်(AA) ကို မဖိတ်ကြားကြောင်း သြဂုတ်လ ၅ ရက်နေ့က နေပြည်တော်တွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။ 

ထိုသို့ AA အား မဖိတ်ကြားမှုအပေါ် ရခိုင်အရေးကျွမ်းကျင်သူ (၅) ဦး (ဒေါက်တာအေးချမ်း/ဦးဦးလှစော/ဒေါ်ထုမေ/ ဦးမျိုးကျော်နှင့် ဆရာဦးမောင်မောင်စိုး) 

ဒေါက်တာအေးချမ်း (သမိုင်းပါမောက္ခ)

“မဖိတ်ဘူးဆိုတာက ကျွန်တော်လည်း တွေ့နေတာပဲ။ မဖိတ်လို့ရှိရင်ဟိုဖက်ကနေလာမှာ မဟုတ်ဘူး။ အဲဒီတော့ အေအေကို မဖိတ်ဘူးဆိုလို့ရှိရင် သူ့ညီနောင်သုံးဖွဲ့ကလည်းလာမှာ မဟုတ်ဘူး။ လာမှာ မဟုတ်ဘူးဆိုလို့ရှိရင် ဒါဟာ ငြိမ်းချမ်းရေးတွက် ကတော့ အနုတ်လက္ခဏာပဲဆောင်မယ်လို့မြင်တာပေါ့နော်။ ဖြည့်စွက် ပြောရရင် ငြိမ်းချမ်းရေးက ပြည်သူတွေက အားလုံးလိုချင်နေကြတာ။အဲဒီမှာ လက်နက်ကိုင်ပြီးတိုက်နေတဲ့ အင်အားကြီးတွေရော၊ တပ်မတော်တွေရော၊ အစိုးရတွေရော ဒါတွေကို အလေးနက်ထား စဉ်းစားပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် အပေးအယူ အလျှော့ အတင်း အဲဒါမျိုးတွေ လုပ်ဖို့ လိုတယ်လို့ မြင်တာပေါ့။ ဒါမှမဟုတ်လို့ရှိရင် ငြိမ်းချမ်းရေး သံသရာကြီးက ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူး။ အခုပဲ အနှစ်ခုနစ်ဆယ်ကျော်လာပြီပေါ့လေ။ ဒါကို အဲဒီအဘက်ဘက်က စိတ်ရှည်ရှည်နဲ့ သဘောထားကြီးကြီးနဲ့ ဆွေးနွေးကြဖို့လိုတယ်လို့မြင်ပါတယ်။ ဒါပါပဲ။” 

ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) 

“ အကုန်လုံးပါပြီးမှ အဲဒီတစ်ဖွဲ့တည်း မပါဘူးဆိုတော့ ခွဲခြား ဆက်ဆံသလိုဖြစ်နေတောပေါ့နော်။ အဲဒါကတော့ မကောင်းဘူး ပေါ့နော်။ ပြသနာက စစ်ပွဲဆိုတာက သူတိုက်၊ ကိုယ်တိုက်။ သူဖက်က ချိီတိုက် ၊ ကိုယ့်ဖက်ကချီတိုက် ဖြစ်မှာပဲ။ အဲဒီတော့ ထိတွေ့တာ၊ ထိတွေ့ဆက်ဆံပြီးတော့ စကားပြောတာဟာ ဒီမ်ိုကရေစီကျင့်ဝတ်အရ ကောင်းတယ်လို့ ကျွန်တော်တို့ မြင်တယ်။ အဲဒီတော့ မပြောမဆိုဘူး။ ပြသနာကို လက်နက်နဲ့ဖြေရှင်းကြမယ်ဆိုရင်တော့ အဖြေ ပိုထွက်လာစရာ မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ကတော့ နွေးနွေးထွေးထွေး ခေါ်ပြီးတော့ ပြောသင့်တယ်။ ဆက်ဆံရေး ကောင်းကောင်း မွန်မွန် တည်ဆောက်သင့်တယ်လို့မြင်ပါတယ်။”

 ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

“ကျွန်မတို့အနေနဲ့ကတော့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ လက်နက်ကိုင် အဋိပက္ခကြားထဲမှာ ပြည်သူတွေ အများကြီးနစ်နာခဲ့တာကြောင့် မို့လို့ ငြိမ်းချမ်းရေးကိုအမြန်ဆုံးဖော်ဆောင်ဖို့ ကျွန်မတို့ကတော့ တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေး မဖော်ဆောင်ခင်မှာ နေပြီးတော့ ငြိ်မ်းချမ်းရေးကို သွားဖို့တွက်နေပြီးတော့ အပစ်ခတ်ရပ်စဲရေးတို့ အပစ်ခတ်ရပ်စဲရေးမှာအားလုံး ပူးပေါင်းပါဝင်ဖို့ပေါ့နော်။ မြန်မာနိုင်ငံမှာ ရှိကြတဲ့ လက်နက်ကိုင်အားလုံး ပူးပေါင်းဖို့ဆိုရင် All Inclusive က အင်မတန်မှ အရေးကြီး ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို တိုင်းရင်းသား လက်နက်ကိုင်ရှိခြင်းဟာ နေပြီးတော့ ပြည့်ဝတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းမဟုတ်တဲ့ အတွက်ကြောင့် နေပြီးတော့ လက်နက်ကိုင် အဖွဲ့အားလုံးကို NCA ပါဖို့တွက် ပူးပေါင်းဖို့ အတွက် အစိုးရအနေနဲ့က ဝိုင်းဝန်းတိုက်တွန်းရမယ် အခြေအနေ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ကျွန်မတို့ ဒီနေ့ကြားရတဲ့ အခြေအနေတိုင်းပေါ့နော်။ လာမယ့် ငြိမ်းချမ်းရေး ပွဲမှာ နေပြီးတော့ ဒီအေအေ မပါလာနိုင်ဘူးဆိုရင် အတိုင်းတာ တစ်ခုအားဖြင့်တော့ ကျွန်မတို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ကျွန်မတို့ ရခိုင်ပြည်နယ်လည်း ငြိမ်းချမ်းဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်သည်လည်း မြန်မာနိုင်ငံထဲမှာ ပါဝင်တဲ့ အတွက်ကြောင့်မို့လို့ ရခိုင်ပြည်နယ် မငြိမ်းချမ်းခြင်းသည် မြန်မာနိုင်ငံ မငြိမ်းချမ်းခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့ အခါမှာ နေပြီးတော့ အားလုံးပါဝင်ခြင်းသည်သာ လက်တွေ့အကျဆုံးနဲ့ အဖြစ်ထိုက်ဆုံးဖြစ်ပါတယ်။ ကျွန်မတို့ကတော့ တိုက်တွန်းပါတယ်။ မပါလာခြင်းအပေါ်မှာတော့ စိတ်မကောင်းဖြစ်မိတယ်။ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ မပါခြင်းကနေပြီး တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို သွားဖို့အတွက် အတော့ကို အလှမ်းဝေးစေတယ်လို့ ကျွန်မတို့ သုံးသပ်လိုပါတယ်ရှင်။”

 ဦးမျိုးကျော် (အထွေထွေအတွင်းရေးမှူး/ALD)

 “ ဒီနိုင်ငံမှာငြိမ်းချမ်းရေးဆွေးနွေတယ်ဆိုတာကလည်း ငြိမ်းချမ်းရေးဆွေးနွေးနေတာ နှစ်ပေါင်း မနည်းဘူး ကြာပြီ။ ငြိမ်းချမ်း ရေးဆွေး နွေတဲ့သူတွေကလည်း သူတို့အချင်းချင်းတော့ အရမ်း ငြိမ်းချမ်း ပေမယ့်အောက်ခြေမှာတော့ပြဿနာတွေ တစ်ပုံကြီးနဲ့သွားနေကြတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတယ်။နောက်တစ်ခုက ကျွန်တော်တို့ မြင်တဲ့ အမြင်က ငြိမ်းချမ်းရေး လိုလားတာက တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ စစ်ဖြစ်တဲ့ နေရာတွေမှာ ငြိမ်းချမ်းစေချင်တာ၊ ခေါင်းဆောင် တွေဘဲ ငြိမ်းချမ်းတာ မဟုတ်ပဲနဲ့ တစ်ကယ့်အောက်ခြေပြည်သူလူထုနေရာမှာ ငြိမ်းချမ်းတာ လိုတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမြင်ပေါ့နော်။ နောက်ဒီနေ့ သွားနေတဲ့ငြိမ်းချမ်းရေးကော အမှန်တကယ် ကျွန်တော်တို့ ပြည်သူတွေ မျှော်မှန်းတဲ့ ငြိမ်းချမ်းရေးကော ဟုတ်ရဲ့လားဆိုတဲ့မေးခွန်းလေးလည်း မေးချင်တယ်။ ဒီငြိမ်းချမ်းရေး ပွဲကို တက်လို့ကော ငြိမ်းချမ်းရေး ရမှာလားဆိုတဲ့ မေးခွန်းလည်း ကျွန်တော်တို့ အနေနဲ့ မေးချင်တယ် ပေါ့နော်။ ဒီတော့ သူ့ကို ခေါ်ခြင်း မခေါ်ဆို တာကတော့ ဒီနေ့ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးသည် အမှန်တကယ်ရမှာ မဟုတ်တဲ့အတွက် ရခိုင်ပြည်သူတွေမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကတော့  AA အနေ နဲ့ တက်တက် မတက်တက် သိပ်တော့ ထိရောက် လိမ့်မယ် မထင်ပါဘူး။” 

 ဦးမောင်မောင်စိုး (နိုင်ငံရေးလေ့လာသုံးသပ်သူ) 

 “အေအေကို ညီညွှတ်ရေး ဆွေးနွေးပွဲမခေါ်တာနဲ့ ပတ်သက်လို့ မတူ ကွဲပြားမှု ဆိုတဲ့ အကြောင်း ပြချက်ကို သူတို့ ပေးတာပေါ့။ အဓိကကတော့ အကြမ်းဖက်အဖွဲ့ ကြေညာထားတဲ့ အတွက် မခေါ်တာလို့ ကောက်ချက်ချရမလိုဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်က ပြောမယ်ဆိုရင်လည်း ကျွန်တော်တို့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့ ၈ ခုပေါ့။ အဲဒီအဖွဲ့ ထဲမှာမှ bilateral မထိုးရသေးတဲ့ အဖွဲ့ (၄)ဖွဲ့ ရှိတာပေါ့ အေအေ အပါ။ ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ တစ်ဖွဲ့ဖွဲ့ကို ချန်ထားခဲ့တယ် ဆိုလု့ိရှိရင် ဒီ bilateral ထိုးဖို့၊ ဆက်ဆွေးနွေးဖို့က ပိုပြီးခက်ခဲသွားမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လေးဖွဲ့ အတူတွဲလျက် bilateral ထိုးဖို့ ဆွေးနွေးနေတာကို။ နောက်တစ်ခုကလည်း အေအေကို မဖိတ်ဘူး။ ကျန်တဲ့အဖွဲ့ကို ဖိတ်မယ်ဆိုလို့ရှိရင် အေအေနဲ့ စစ်ရေး မဟာမိတ်ဖွဲ့ထားတဲ့ TNLA - ကိုးကန့်တို့လို မဟာမိတ်အဖွဲ့တွေလည်း တက်ဖို့ မရှိဘူး။ တက်ဖို့ဖြစ်နိုင်မယ် မဟုတ်ဘူးလို့ ထင်ပါတယ်။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ပေါ့ဗျာ။  ဒီ NCA ထိုးထားတဲ့ သူတွေလုပ်တဲ့ ပင်လုံညီလာခံမှာ ဒီလက်မှတ်မထိုးတဲ့အဖွဲ့ ၈ဖွဲ့ ရှိတာသည် ဘာပြောမလဲ နိုင်ငံရေးအရ ဆွေးနွေးပွဲ မရှိဘူးဆိုတဲ့ အတွက်ကြောင့်မို့လို့ အကြောင်းထူးတယ် မထူးတယ်တော့ မရှိဘူးပေါ့။ ဒါပေမဲ့ လောလောဆယ် အေအေအပါအဝင်မြောက်ပိုင်းလေးဖွဲ့နဲ့ ဒီညီလာခံမှာ တက်လာခဲ့လို့ရှိရင် သူတို့နဲ့ဆက်ပြီးနိုင်ငံရေးဆွေးနွေးဖို့၊ ဆိုတာက bilateral လက်မှတ်ရေးထိုးဖို့ ဆွေးနွေးဖို့ အတွက်ကို လမ်းစပွင့်နိုင်တယ်ပေါ့နော်။ ၂ဝ၁၉ ထဲမှာ ၆ ခါဆွေးနွေးပြီးတော့ ၂ဝ၂ဝ ထဲမှာ တစ်ကြိမ်မှ မဆွေးနွေးတဲ့ အခြေအနေအတွက် ဒီအခြေအနေတွေကို ဘယ်လို တိုးတက်အောင် လုပ်မလဲ ဆိုတာ ဆွေးနွေးလို့ရတဲ့ အခြေနေရှိတာပေါ့။ လောလောဆယ်မှာ ဒီ အေအေကိုလည်း မဖိတ်ဘူး။ တချို့အဖွဲ့တွေကိုလည်း မတက်ဘူးဆိုလို့ရှိရင် ဒီလမ်းစပျောက်သွားပြီးတော့ ငြိမ်းချမ်းရေးနဲ့ ပိုပြီးအလှမ်းဝေးသွားမယ်လို့ ထင်ပါတယ်။” 


(ပြီး)

-------------------------------------


ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး