သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ပြည်နယ်လွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးမောင်မောင်လွင်နဲ့ ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.9k

ဆောင်းဇာခြည် မေးမြန်းသည်။
၁ဝ-၁ဝ-၂ဝ၂ဝ

မေး - တသီးပုဂ္ဂလပြိုင်မှာဆိုတော့ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလဲဆိုတာ သိလိုပါတယ်။
ဖြေ - ကျွန်တော်က ရခိုင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အမှတ် (၁) မဲဆန္ဒနယ် အမ်းမြို့နယ်က တသီးပုဂ္ဂလအနေနဲ့ ပြိုင်သွားမှာပါ။

မေး - ဘာကြောင့် ရွေးကောက်ပွဲကို ဝင်ရတာလဲ။
ဖြေ - ရွေးကောက်ပွဲဝင်ရခြင်းအကြောင်းအရင်းက အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ၂ဝ၁ဝ/ ၂ဝ၁၅ တုန်းက ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ဒေသခံကိုယ်စားလှယ် မဟုတ်ဘူး။  ဒေသခံကိုယ်စားလှယ်လောင်းတွေ မဟုတ်တဲ့အတွက် ကျွန်တော်တို့ ဒေသမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးပေါ့။ အဘက်ဘက်က ယိုယွင်းနေတယ်။ မည်သူတစ်ဦး တစ်ယောက်ကိုမှ ကိုယ်စားလှယ်လောင်းတွေကို အကူညီတောင်းမယ် ဆိုလို့ရှိရင် ဒေသခံမဟုတ်တဲ့အတွက် အခက်ခဲရှိတယ်။ အဲဒီအခက်အခဲကို ကျွန်တော်က ဖြည့်ဆည်းပေးချင်လို့၊ ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူ့ကိုယ်စားဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။

မေး - အနိုင်ရခဲ့ရင် ဘာတွေ လုပ်ပေးသွားမှာလဲ။
ဖြေ - အနိုင်ရခဲ့ရင် ကျွန်တော်ကတော့ အမ်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကနေ ယှဉ်ပြိုင်တဲ့အတွက်ကြောင့် ကျွန်တော်က အမ်းမြို့နယ်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကို ဦးဆောင်ပြီး တစိုက်မတ်မတ် ရှေ့တန်းကနေ ပြည်သူ့ကိုယ်စား ကိုယ်က ဦးဆောင်ပြီးရင် လုပ်ပေးသွားဖို့ ဖြစ်တယ်။ သို့သော် အဲဒီကနေတစ်ဆင့် ကျွန်တော်တို့ အမ်းမြို့နယ်မှာ ၃၃ အုပ်စုရှိတယ်။ အဲဒီ ၃၃ အုပ်စုမှာ ဒုတိယ ကိုယ်စားပြုဖြစ်တဲ့ မဲဆန္ဒနယ် အမှတ် (၁) ကို ဒုတိယအနေနဲ့ ဦးစားပေးပြီးဖြစ်တယ်။ တတိယ အနေနဲ့ ကျတော့ ရခိုင်ပြည်နယ်မှာ တောင်ပိုင်းမြောက်ပိုင်း မခွဲခြားဘဲ ရခိုင်သားပီပီ ရခိုင်သားစိတ်ဓာတ်မွေးပြီး တိုးတက်ဖွံ့ဖြိုးသွားအောင် လုပ်ပေးသွားဖို့ဖြစ်တယ်၊ ကိုယ်နိုင်တဲ့ဘက်က စွမ်းဆောင်သွားဖို့ဖြစ်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်လဲ။
ဖြေ - ကျွန်တော်ပြောချင်တာက မိမိဒေသမှာဖြစ်တဲ့ ဒေသခံပြည်သူတွေကို ဒေသခံပြည်သူတွေရဲ့ ကိုယ်စား ဒေသပြည်သူတစ်ဦးတစ်ယောက်ကိုမှ ဒေသခံပြည်သူတွေအတွက် စွမ်းဆောင်နိုင်တဲ့ လူတွေကိုမှ မဲပေးဖို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နေရာ၊ ကိုယ့်ဒေသမဟုတ်ဘဲ တခြားတစ်နယ်တစ်ကျေးက လာပြီး ရွေးကောက်ခံလို့ရှိရင် သူတို့က ပုထုဇဉ်တွေဖြစ်တဲ့အတွက် ကိုယ့်နေရာကိုယ့်ဒေသကိုပဲ ခင်တွယ် သွားကြတာဖြစ်တဲ့အတွက် ကိုယ်တို့ ဒေသခံလူမဟုတ်လို့ရှိရင် အခက်ခဲဖြစ်တဲ့အတွက် ကိုယ့်ဒေသခံကိုပဲ မဲပေးပါလို့၊ ကိုယ့်ဒေသခံမှာလည်း ပညာရေး၊ လူမှုရေး၊ စီးပွားရေး ဒါတွေကိုလည်း အခြေခံပြီး အရည်အချင်း ရှိတဲ့သူကိုမှ တည်တည်တံ့တံ့ မှန်မှန်ကန်ကန် ရွေးချယ်ပေးစေချင်တယ်လို့ ပြောချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ