သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

စစ်တွေမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်ပြည်နယ်လွှတ်တော် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးနိုင်စိုးနဲ့ ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

ဆောင်းဇာခြည်မေးမြန်းတင်ပြသည်။

(၁၁-၁ဝ-၂ဝ၂ဝ)

မေး - တသီးပုဂ္ဂလပြိုင်မှာဆိုတော့ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလဲဆိုတာ သိလိုပါတယ်။ အမှတ်တံဆိပ်ကိုလည်း ပြောပြ ပေးပါ။
ဖြေ - ကျွန်တော်က စစ်တွေမြိုနယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) က ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဦးနိုင်စိုး ဖြစ်ပါတယ်။ အမှတ်တံဆိပ်က ပြည်စိုးကြီးဗောင်းတံဆိပါပါ။

မေး - ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာလဲ။
ဖြေ - ကျွန်တော်တို့နိုင်ငံရေးသမားတွေဟာ အဓိကက ပြည်သူကို အလေးထားတဲ့ လူတွေဖြစ်တဲ့အတွက် ပြည်သူကို ဘယ်လောက်လုပ်ပေးနိုင်မလဲ။ ပြည်သူရှေ့က ဘယ်လောက် မားမားမတ်မတ်ရပ်တည်ပေးနိုင်မလဲ။ အဲလို ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ဟာ ပြည်သူကို အလုပ်အကျွေးပြုဖို့ ပြည်သူအတွက် ဘယ်လောက် အတိုင်းအတာအထိ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ စွမ်းရည်တွေနဲ့ ဘယ်လောက်အထိ ပြည်သူကို ပေးဆပ်နိုင်မလဲ၊ လုပ်ပေးနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဝင်ရောက်ရတာဖြစ်ပါတယ်။

မေး - အနိုင်ရခဲ့ရင် ဘာတွေလုပ်ပေးသွားမှာလဲ။
ဖြေ - အဓိက ကျွန်တော်က ပြည်သူကို ရည်မှန်းချက်ထားတဲ့အတွက် ပြည်သူဟာ အဓိကပဲ။ ပြည်သူတွေမှာ ဘာလိုအပ်လဲ။ လိုအပ်တာတွေ အားလုံးကို ဖြည့်ပေးသွားမယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေမှာတော့ လိုအပ်တာတွေ အများကြီးပေါ့။ အစစအရာရာ။ စားဝတ်နေရေး၊ တန်းတူမျှတရေး၊ လူမှုဖုံလှုံရေးတွေဟာ ကျွန်တော်တို့တွေမှာ အရာရာ ချွတ်ခြုံကျနေတဲ့ ရခိုင်လူမျိုးဖြစ်တယ်။ အဲဒါကြောင့် အဓိက လုပ်ရမှာက ကျွန်တော်တို့ ဘာလဲ။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ကျွန်တော်တို့ အဓိက လုပ်ပေးရမယ်။ ပြီးမှ ကျွန်တော်တို့မှာ တချို့မှာဆိုရင် နယ်ဘက်တွေမှာဆိုရင် လူ့ဂုဏ်သိက္ခာ ညိုးနွမ်းစေတဲ့ အိုးအိမ်စွန့်ခွာပြီးတော့ သွားနေရတဲ့ သူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ကိုယ့်နေရပ်ကိုယ့်ရွာကို ဘယ်လိုပြန်လည်သွားနိုင်မလဲဆိုတာကို ကျွန်တော်တို့ အဓိကထား လုပ်ဆောင်သွားမှာဖြစ်တယ်။ နံပါတ် (၂)က ကျွန်တော်တို့ မြို့ရွာ လှပသန့်ရှင်းဖို့၊ မြို့တွေမှာ မြို့အင်္ဂါရပ်နဲ့ ညီညွတ်ဖို့။ ဥပမာ လူတွေမှာ စားဝတ်နေရေးထဲမှာပါဝင်တဲ့ ရေရရှိမှု အဓိက ကျွန်တော်လုပ်ဆောင်သွားမှာဖြစ်တယ်။ မြို့မှာ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့၊ မြို့အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ သန့်ရှင်းတွေကို လုပ်ပေးသွားမယ်။ ကျေးရွာဆိုရင်လည်း ကျေးရွာနဲ့ ညီညွတ်တဲ့ သန့်ရှင်းရေးတွေ။ အဲဒါနဲ့ပတ်သက်တဲ့ မြို့အင်္ဂါရပ်နဲ့ ညီအောင် ကျွန်တော်တို့ ဒီကျန်းမာရေးနဲ့လည်း ညီအောင်ဆိုပြီးတော့ မြို့တော် သန့်ရှင်းလှပမှုတွေ လုပ်ပေးသွားမယ်။ ရေရရှိမှုတွေကို အဓိကထားလို့ လုပ်ပေးသွားမယ်။ အဲဒါတွေကို ကျွန်တော် အဓိကထား လုပ်ပေးသွားမှာဖြစ်တယ်။ နောက်မှပဲ တခြားလိုအပ်တဲ့ တိုင်းရင်းသားအခွင့်ရေးတွေ၊ သဘာဝသယံဇာတ ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ အဲလို ကဏ္ဍတွေကို ကျွန်တော်က ထပ်ပြီး တစ်ဖြည်းဖြည်း တစ်ဆင့်ချင်းလုပ်သွားမယ်ဆိုပြီးတော့ ရည်ရွယ်ချက် ထားရှိပါတယ်။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေ ပြောချင်လဲ။
ဖြေ - ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ရှေ့မှာဆက်ပြီးတော့ ၂ဝ၁ဝ ဒီမိုကရေစီကစပြီးတော့ မျက်စိမှိတ်ပြီး ပေးခဲ့ကြပြီးပြီ။ ဒီတစ်ခေါက် ၂ဝ၂ဝ မှာ မျက်စိမှိတ်မပေးဘဲ အမှန်တကယ်အရည်အချင်းရှိမယ့် လူတွေကို ဟိုပါတီကတစ်ယောက်၊ ဒီပါတီကတစ်ယောက် တသီးပုဂ္ဂလဆိုလည်း တသီးပုဂ္ဂလ။ ကောင်းတဲ့လူတွေကို ကောက်ပြီး မဲပေးကြမှာကို တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ အရည်အချင်းမရှိဘဲ လွှတ်တော်မှာ ဝဲလည်လည်ရောက်သွားပြီးတော့ ထိုင်နေမယ့်လူတွေလည်း မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ဘယ်သူက ဘယ်နေရာနဲ့ ထိုက်တန်မယ်၊ ဘယ်သူက ဘယ်အရည်အချင်းရှိတယ်၊ ဘယ်လောက်ပေးဆပ်ခဲ့တယ်၊ ဘယ်လောက် လုပ်နိုင်မယ့်အင်အားရှိတယ်ဆိုတာတွေကို အလေးအနက်ထား ရွေးချယ်ပြီးတော့ ပြည်သူကို ဘယ်သူက လုပ်ပေးနိုင်မလဲ၊ ပြည်သူအကျိုးကို ဘယ်သူက လုပ်ပေးမလဲ၊ ဘယ်သူက လုပ်ရဲမှာလဲ ဆိုတာတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ရွေးချယ်ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ပြောချင်ပါတယ်။
(ပြီး)

ဆက်စပ် သတင်းများ