သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး စစ်တွေမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးစန်းငွေနဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.2k

ဆောင်းဇာခြည် ဆက်သွယ်မေးမြန်းသည်။

(၁၂-၁ဝ-၂ဝ၂ဝ)

မေး - ပထမဆုံးအနေနဲ့ ဦးစန်းငွေရဲ့ ဘယ်ပါတီကိုယ်စားပြု ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်သွားမှာလဲ ဆိုတာ သိပါရစေ။
ဖြေ - ကျွန်တော်က စစ်တွေမြို့ အနောက်စံပြရပ်ကွက်မှာ နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစန်းငွေ ဖြစ်ပါတယ်။ ကျွန်တော်က စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၃) မဲဆန္ဒနယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် နေရာကနေ ဝင်ရောက်အရွေးခံသွားမယ့် ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။ ကျွန်တော့်ကိုယ်စားပြုပါတီ ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ရွေးချယ်ခံသွားမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီ တံဆိပ်ကတော့ ခြင်္သေ့အမှတ်တံဆိပ်ဖြစ်ပါတယ်။

မေး - ဘာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရတာလဲ။
ဖြေ - ကျွန်တော့်အနေနဲ့ ရွေးကောက်ပွဲဝင်ရောက်ရတာက အချက် ၂ ချက်ရှိပါတယ်။ ပထမ တစ်ချက်ကတော့ ကျွန်တော်ဟာ ဒီပြည်ခိုင်ဖြိုးပါတီမှာ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်းမှာစပြီးတော့ ပါတီကို ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ အချိန်ကတည်းကစပြီးတော့ ပြည်နယ် ကော်မတီဝင်ဖို့ ရခိုင်ပြည်နယ် လူငယ်ရေးရာတာဝန်ခံအဖြစ် ကျွန်တော်ခန့်အပ်ခြင်း ခံရပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်ဟာ ၂ဝ၁၅ တုန်းက ကျွန်တော်တို့ ရခိုင်ပြည်မှာ  မူဆလင် ရခိုင် အရေးအခင်းပြီးတဲ့နောက်ပိုင်း ၂ဝ၁၅ တုန်းက ကျွန်တော်ဟာ တကယ့် ဖွံ့ဖြိုးတိုးတက်တဲ့ တရုတ်နိုင်ငံက ပြည်နယ် ၅ ပြည်နယ်ကို လေ့လာရေးခရီး သွားခဲ့ရပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနအနေနဲ့ပေါ။့ ဒီရခိုင်ပြည်နယ် ကိုယ်စားပြု လေ့လာရေးခရီး သွားခဲ့ရပါတယ်။ အဲဒီလို သွားရတဲ့အခါ အဲဒီနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို တွေ့ခဲ့မြင်ခဲ့ရတဲ့အတွက် ကျွန်တော်ဟာ အားကျပြီးတော့ ကိုယ့်မြန်မာနိုင်ငံမှာလည်း ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နောက်ပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ ဝင်ရောက်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂ဝဝ၈ ဖွံ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ၅ နှစ်တစ်ကြိမ် လုပ်တဲ့အခါမှာ စွမ်းဆောင်ရည်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်အရွေး ခံသော်လည်းပဲ တကယ့် အရည်အချင်းတဲ့ ကိုယ်စားလှယ်တွေကို ပြည်သူလူထုက ရွေးချယ်မှု အားနည်းတဲ့အတွက် စွမ်းဆောင်ရည် တကယ့်မရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကိုပဲ ရွေးချယ်တဲ့အတွက် ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဟာ အင်မတန်မှ နှောင့်နှေးတဲ့အတွက် ကျွန်တော်က အားကျမခံ တကယ့် စွမ်းဆောင်ရည်ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပြည်သူလူထုက ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တကယ့်အားနည်းတဲ့ ကိုယ်စားလှယ်တွေ ပါဝင်နေတာတွေဟာ၊ ကျွန်တော်ဟာ ဒီလိုကိုယ်စားလှယ်လောင်း တွေကိုပေါ့၊ ကျွန်တော့်ရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းရှိသမျှ အတတ်နိုင်ဆုံးဘက်က ဥပဒေသမား တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းသရွေ့ ပြည်သူလူထုကို အလုပ်အကျွေးပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်ဝင်ရောက် အရွေးခံရခြင်းဖြစ်ပါတယ်။

မေး - အနိုင်ရခဲ့ရင် ဘာတွေကို လုပ်ပေးသွားမလဲ။
ဖြေ - ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော့်ကို မဲဆန္ဒရှင် မိဘပြည်သူတွေက ကျွန်တော့်ကိုသာ ရွေးချယ်မယ်ဆိုရင် ကျွန်တော်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဗဟိုချုပ်ကိုင်မှုတွေ များနေတဲ့ ဥပဒေတွေကို သက်ဆိုင်ရာပြည်နယ်က လုပ်ပိုင်ခွင့် အများကြီးရရှိအောင် ဥပဒေတွေကို ပြင်ပါမယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရတဲ့ တိုင်းရင်းသားပါတီက ဝန်ကြီးချုပ်ဖြစ်နိုင်တဲ့ ပုဒ်မ (၂၆၁) ကို ကျွန်တော်က ပြုပြင်ပေးမယ့် ရည်ရွယ်ချက်ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ၂ဝဝ၈ ဖွံ့စည်းပုံအခြေခံဥပဒေပုဒ်မ ဇယား (၂) ပါ လုပ်ပိုင်ခွင့်တွေကို အများကြီးရအောင် ဥပဒေအရ လုပ်မယ်ဆိုပြီး ရည်ရွယ်ချက် ရှိပါတယ်။

မေး - နောက်ဆုံးတစ်ခုက မဲဆန္ဒရှင်တွေကို ဘာတွေ ပြောချင်လဲ။
ဖြေ - မဲဆန္ဒရှင် မိဘပြည်သူတွေကို ကျွန်တော်တို့ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ပါတီအသီးသီးတွေက ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်တွေကို မျက်စိစုံမှိတ်ပြီးတော့ တစ်ဘက်ကမ်း မဲမပေးဘဲ တကယ့် အမှန်တကယ် အသိပညာရှင်၊ အတတ်ပညာရှင် လုပ်နိုင်ကိုင်နိုင်မယ့်သူတွေကိုရွေးချယ်ပြီး မဲပေးကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။

ဆက်စပ် သတင်းများ