ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီကိုယ်စားပြုပြီး ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသန်းရွှေ(ခ)အမ်းသားကြီးနဲ့တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 891

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
(၁၄-၁ဝ-၂ဝ၂ဝ)

မေး- ကိုအမ်းသားကြီး အနေနဲ့ ဘယ်ပါတီ ကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနေ ဝင်ရောက်ယှဉ်ပြိုင်မည့်သွားမှာလဲ ဆိုတာကို သိပါရစေ။
ဖြေ - ကျနော်ကတော့ ရခိုင်အမျိုးသားပါတီကိုယ်စားပြု ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသန်းရွှေ (ခ) အမ်းသားကြီးဖြစ်ပါတယ်။

မေး- အကိုအနေနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဘာကြောင့် ဝင်ပြိုင်ရတာလဲဆိုတာကို ရှင်းပြပေးပါ။

ဖြေ- ကျနော်ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စိတ်ကူးခဲ့တာက ကျနော်တို့ ရခိုင်ပြည်ထဲမှာ ပြည်တွင်းစစ်ဖြစ်နေတယ်။ ပြည်တွင်းစစ်ဖြစ်တဲ့အခါကျတော့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ တချို့ဆိုရင် သေဆုံး သွားတာတွေရှိတယ်။ အထူးသဖြင့် ပြောရလို့ရှိရင်တော့ လူ့အခွင့်ရေး ချိုးဖောက် ခံရတာပေါ့ဗျ။ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောမယ့်၊ ဆိုမယ့်အခွင့်အရေးတစ်ခု ရနိုင်မှာလားဆိုတဲ့ မျှော်လင့်ချက် မျိုးနဲ့ ကျနော်ရွေးကောက်ပွဲ ဝင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားဖြစ်လို့ လွှတ်တော် ကိုယ်စားလှယ် အလုပ်တွေကိုလုပ်တတ်လာလို့ရှိရင် ဒီထက်ပိုပြီးတော့ လုပ်နိုင်တဲ့အလုပ်တွေကိုလည်း ဆက်ပြီးတော့ လုပ်သွားဖို့ အစီစဉ်တွေလည်း ရှိပါတယ်။ လောလောဆယ်မှာတော့ ကျနော်စိတ်ကူးမိတဲ့ အပိုင်းကို ပြောရလို့ရှိရင် ကျနော်တို့ ရခိုင်ပြည်မှာ တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်တာ အများကြီး ရှိတယ်။ အဲဒါကို ပရဟိတ သမားတစ်ယောက်အနေနဲ့ ပြောတာထက် လွှတ်တော်ကိုလောင်း တစ်ယောက် အနေနဲ့ ပြောလိုက်လို့ရှိရင် ကမ္ဘာ့မှာရော၊ မြန်မာနိုင်ငံမှာပါ ထိရောက်မယ်ထင်တဲ့အတွက် ကျနော် ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ရတာဖြစ်တယ်။ ပါတီရဲ့ လက်ခံမှုရယ်၊ ကျနော်ရဲ့ စိတ်အား ထက်သန်မှု တွေကြောင့် ကျနော်ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။

မေး- ကိုအမ်းသားကြီးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ရင် လူ့အခွင့်ရေးချိုးဖောက်မှုတွေအပြင် တခြားဘာတွေကို လုပ်ဆောင်သွားမယ်ဆိုတာကို အကြမ်းအားဖြင့် တချက်လောက်ပြောပေးပါ။
ဖြေ- လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုပ်ပိုင်ခွင့်ဆိုတာထက် ပြောပိုင်ခွင့်နဲ့ စီမံပိုင်ခွင့်တွေတော့ ရှိလာမယ့်လို့ ကျနော်ထင်တယ်။ ဥပမာ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဆိုတာ  ဘာမှကို မရရှိတဲ့အနေအထားရှိတယ်။ အရင်ကတည်းက ကချင်မှာလည်း စစ်ဖြစ်တာရှိတယ်။ ရှမ်းမှာလည်း စစ်ဖြစ်တာရှိတယ်။ အဲဒီစစ်ပွဲတွေက အခုထိလည်း ဖြစ်နေတုန်းဖြစ်တယ်။ အဲဒီ ပြည်တွင်းစစ်က ငြိမ်းချမ်းရေးမရသေးလို့ ဖြစ်နေတာလို့ သူတို့ဘက်က ဘယ်လိုပဲပြောပြော ပကတိ လက်ရှိအခြေအနေမှာ နိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးကို တိုင်းရင်းသားတွေ မရတဲ့ အတွက် စစ်ပွဲဖြစ်နေတာဖြစ်တယ်။ အဲတွက် ကျနော်တို့ အဓိက ရည်မှန်းချက်ကတော့ ကျနော်တို့ တိုင်းရင်းသားတွေ ရပိုင်ခွင့် အခွင့်အရေးကို လွှတ်တော်မှာတောင်းရင် ရနိုင်မှာလားဆိုတဲ့ စိတ်ကူးမျိုးနဲ့။ အဓိက လိုရင်းတိုရှင်းပြောရလို့ ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကို ကျနော်တို့တောင်းမယ်။

မေး- ကိုအမ်းသားကြီးအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေအပေါ်မှာ ဘာတွေပြောချင်တာတွေ ရှိပါသလဲ။
ဖြေ- ကျနော်ရဲ့ စိတ်ခံစားမှုအရ ပြောရလို့ရှိရင် အခုကိုဗစ်ကာလမှာတော့ ပြည်သူတွေကို ဘယ်လို့ပြောရမလဲ ဆိုလို့ရှိရင် မဲပေးဖို့သွားပါလို့လည်း ကျနော်မပြောရဲသလို မဲပေးဖို့ မသွားကြပါနဲ့လို့လည်း ကျနော်မတားရဲဘူး။ အဲဒါကြောင့် ကိုယ်ဟာကို ဆင်ခြင်ကြပါ။ ကိုဗစ်ရောဂါကို သတိထားကြပါလို့တော့ ကျနော်ပြောချင်ပါတယ်။  ၂ဝ၁၅ ကသာ ကျနော်ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့မယ် ဆိုလိုရှိရင် မဲရုံကိုသွားပါ။ မဲပေးကြပါ။ ကျနော်ကို မဲပေးပါ အဲလိုပုံစံမျိုးတွေ ကျနော်ပြောဖြစ်မယ်ထင်တယ်။ ကျနော်က ပရဟိတ အလုပ်ကိုပဲ လုပ်လာခဲ့တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေ ထိခိုက်မှာကိုတော့ ကျနော်စိုးရိမ်မိတယ်။


(ပြီး)

ဆက်စပ် သတင်းများ