သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ကိုယ်စားပြုပြီး သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခင်မောင်ဝင်းနဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7k

ဆောင်းဇာခြည် မေးမြန်းတင်ပြသည်။
(၁၅-၁ဝ-၂ဝ၁၅)

မေး - ဘယ်ပါတီကို ကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမလဲဆိုတာ သိလိုပါတယ်။
ဖြေ - ကျွန်တော်က ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ (RSNUP) ကို ကိုယ်စားပြုပြီးတော့ သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ယှဉ်ပြိုင်သွားမှာပါ။ သံတွဲက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း  ဦးခင်မောင်ဝင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပါတီလိုဂိုကတော့ သဇင်ပန်းတံဆိပ်ပါခင်ဗျား။

မေး - ဘာကြောင့် ရွေးကောက်ပွဲဝင်ဖို့ ဖြစ်လာရတာပါလဲ။
ဖြေ - ရခိုင်လူထုတွေအပေါ်မှာ၊ ရခိုင်ဒေသတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ နောက်ပြီးတော့ ရခိုင် လူမျိုးတွေရဲ့ ဖွံ့ဖြိုးမှုအတိုင်းအတာကို အခုထက်ပိုပြီး မြှင့်တင်ပေးချင်တယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဟိုးတုန်းက ဖြစ်ခဲ့တဲ့ သမိုင်းအစဉ်အလာတွေ၊ ယဉ်ကျေးမှုတန်ဖိုးတွေကိုလည်း ပြန်လည်ဖော်ထုတ်ပြီး ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်နိုင်တဲ့ အမွေနှစ်မျိုးတွေဖြစ်အောင် လုပ်ပေးချင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်ဒေသအပါအဝင် သံတွဲဒေသကို ဒီခရီးသွားလုပ်ငန်းတို့၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဇီဝမျိုးစုံစောင့်ရှောက်ရေးလုပ်ငန်းတွေကို အခုထက် အရှိန်ပိုမိုမြင့်မားတဲ့ နှုန်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာအဆင့်မီလာအောင် လုပ်ပေးချင်ပါတယ်။ အဲဒီစိတ်ဓါတ်မျိုးနဲ့ ကျွန်တော်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သဘောဖြစ်ပါတယ်။

မေး - အနိုင်ရရင် ဘာတွေ လုပ်ပေးသွားဖို့ မျှော်လင့်ထားပါသလဲ။
ဖြေ - ကျွန်တော်တို့ အနိုင်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ သံတွဲဒေသမှာ ရေကြောင်း အတတ်ပညာလိုမျိုး ကျောင်းမျိုးပေါ့၊ အဲလို တက္ကသိုလ်ကျောင်းတစ်ကျောင်းလောက် တည်ဆောက်ပေးဖို့ စိတ်ကူးပါတယ်။ နောက်ပြီး ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး မှော်ရုံဟိုတယ်ဇုန်နဲ့ ငပလီဟိုတယ်ဇုန်ကို နိုင်ငံတကာ အဆင့်မီ ဟိုတယ်ဇုန်မျိုး ဖြစ်လာအောင်လို့ ကျွန်တော်တို့ လုပ်ပေးချင်ပါတယ်။ မှော်ရုံကမ်းခြေရှိတယ်၊ ငပလီကမ်းခြေ ရှိတယ်။ ငပလီကမ်းခြေမှာကတော့ ဟိုတယ်ဇုန်က အတော်အသင့် အောင်မြင်နေတောပေါ့နော်။ မှော်ရုံ ကမ်းခြေကျတော့ ကျွန်တော်တို့ အခုမှ အစပျိုးနေတဲ့ သဘောမျိုးရှိပါတယ်။ အမည်ခံသဘောလောက်ပဲ ရှိသေးတာပေါ့။ အဲဒါကို ကျွန်တော်တို့က ပြည်ထောင်စုလွှတ်တော်ကို တွေ့ခွင့်ရလို့ရှိရင် ပြည်ထောင်စု လွှတ်တော်ကြီးမှာ တင်ပြမယ်။ ဒီဟိုတယ်ဇုန်ကို ကျွန်တော်တို့ နိုင်ငံအတွက်ရော၊ ကျွန်တော်တို့ တိုင်းပြည်က ပြည်သူလူထုအတွက်ရော အားလုံးဝင်ငွေတွေ မြင့်မားလာအောင် လူနေမှု အဆင့်တန်းမြင့်မားလာအောင် အဲဒီ ခရီးသွားလုပ်ငန်းကနေပြီးတော့ ပိုမိုကောင်းမွန်တဲ့ အနေအထား အခင်းအကျင်းမျိုးတွေဖြစ်လာအောင် လုပ်ပေးချင်တဲ့ စိတ်ဆန္ဒမျိုးတွေ ရှိတယ်။ ဟိုတယ်ဇုန်ဆိုတာက ကျွန်တော်တို့ သံတွဲခရိုင်မှာ သမ္မတ ဦးသိန်းစိန် လက်ထက်က မှော်ရုံဟိုတယ်ဇုန်နဲ့ ငပလီဟိုတယ်ဇုန်လို့ သတ်မှတ်ထားခဲ့ပါတယ်။ သတ်မှတ်ထားတယ် ဆိုတာက နေရာသတ်မှတ်တဲ့ အဆင့်လောက်ပဲ ရှိပြီးတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအပိုင်းမှာကျတော့ ငြိမ်နေပါတယ်။ အဆင့်နိမ့်နေတဲ့ သဘောမျိုးပေါ့နော်။ အဲဒါကို အဆင့်မြင့်မားလာအောင် ကျွန်တော်တို့က ဝန်ဆောင်မှုပေးချင်တာပေါ့လေ။ အဲဒါမျိုး မှန်းထားပါတယ်။ လုပ်ပေးနိုင်တဲ့ အနေအထားမျိုးကို လွှတ်တော်ကိုရောက်ခဲ့လို့ရှိရင်တော့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားပြီး လုပ်သွားမှာပါလို့ အဲဒီလို စီစဉ်ထားပါတယ်။ စိတ်ကူးထားပါတယ်။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေ ပြောချင်လဲ။                      
ဖြေ - မဲဆန္ဒရှင်တွေကို ဒီ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲပေးကြပါ။ ငါးနှစ်တစ်ကြိမ်ရတဲ့ အခွင့်ရေးကို လက်လွှတ် မခံကြပါနဲ့။ နောက်တစ်ချက်က ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံကြီးမှာ ရွေးကောက်ပွဲဆိုတာ အင်မတန် အရေးကြီးပါတယ်။ ပြည်သူ့ရဲ့ ရင်ထဲက ဆန္ဒကို မိမိတို့ကိုယ်စား လွှတ်တော်ကြီးကိုသွားပြီး ပြောမယ့်သူတွေကို မိမိတို့ စိတ်ကူးနဲ့ ရွေးချယ်ရတဲ့ အခွင့်ရေးဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ မဲပေးကြပါ။ ပြည်သူလူထုအတွက် တကယ်တမ်း စွမ်းအားအပ်ပြီးတော့ စွမ်းစမ်းတမံ လုပ်ဆောင်နေတဲ့ လူတော် လူကောင်း တွေကို မဲထည့်ပေးကြပါလို့ ပြောချင်ပါတယ်။

ဆက်စပ် သတင်းများ