စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကမန်အမျိုးသားတိုးတက်ရေးပါတီကိုယ်စားပြုပြီး သံတွဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် နေရာကို ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးတင်လှိုင်ဝင်းနှင့် တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10k

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
(၁၅-၁ဝ-၂ဝ၂ဝ)

မေး - ဆရာအနေနဲ့ ဘယ်ပါတီကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်သွားမှာလည်းဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်ကတော့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကမန်အမျိုးသားတိုးတက်ရေးပါတီကိုယ်စားပြု ဦးတင်လှိုင်ဝင်းဖြစ်ပါတယ်။

မေး - ဆရာအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပေးပါ.
ဖြေ - ကျနော်တို့ပြည်နယ်မှာ စိန်ခေါ်မှုပေါင်း မြောက်များစွာနှင့် ရင်ဆိုင်နေကြရတယ်။ စိန်ခေါ်မှုပေါင်း မြောက်များစွာထဲမှာ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ လူတွေရဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ အပေါ်မှာ ကျနော်တို့ ကမန်လူမျိုးတစ်ဦးအနေနဲ့လည်း ကိုယ့်ဒေသအကျိုး၊ ကိုယ့်ပြည်နယ်အကျိုး အားလုံး အတွက်ကို ရည်ရွယ်ပြီး ကျနော်တို့ အနေနဲ့ ပါဝင်တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ အသိနဲ့ ကျနော်တို့မှာရှိတဲ့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ တာဝန်ထမ်းဆောင်ဖို့အတွက် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) နေရာက ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။

မေး - လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာလို့ရှိရင် ဆရာအနေနဲ့ ဘာတွေကို အဓိကထားပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ - မြန်မာ့နိုင်ငံရေးမှာကအစ ကျနော်တို့ရခိုင်ဒေသကို စိန်ခေါ်နေတဲ့ ထိခိုက်မှုတွေ ရှိနေတဲ့ အိုးမည်းသုတ်ခြင်းခံထားရတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ တခြားလူနည်းစု ဘာသာဝင်တွေဖြစ်တဲ့ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူ ဘာသာဝင်တွေ၊ နောက် တိုင်းရင်းသားမျိုးနွယ်စုဝင်တွေရဲ့ကြုံတွေ့ခံစားနေရတဲ့ ဥပဒေပါ ရပိုင်ခွင့်တွေကို ထိုက်ထိုက်တန်တန်ရရှိအောင် အဓိကဆောင်ရွက်သွားဖို့ဖြစ်တယ်။

မေး - နောက်ဖြည့်စွက်ပြီးတော့ မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - ကျနော်တို့ ရခိုင်ပြည်နယ်မှာ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ ဘာသာကွဲတွေရှိနေတော့ ကျနော်တို့ ကိုယ်တိုင် ဆောင်ရွက်ရဖို့ အပိုင်းတွေရှိတယ်။ ကျနော်တို့ဒေသမှာ အဓိကတော့ ယုံကြည်မှုပျောက်ဆုံးခြင်းဖြစ်တယ်။ မျိုးနွယ်စု တစ်ခုနှင့် တစ်ခုကြားမှာသော်လည်းကောင်း၊ ဘာသာတစ်ခုနှင့် တစ်ခုကြားမှာသော်လည်းကောင်း၊ နောက်တစ်ခုက ခွဲခြားဆက်ဆံဖိနှိပ်အုပ်ချုပ်နေတဲ့ အပိုင်းတွေမှာ ကျနော်တို့ကိုယ်တိုင်လည်းပဲ ခံစားခဲ့ရတဲ့ အပေါ်မှာ ဒီဟာတွေကို ကျနော်တို့ကိုယ်တိုင် ညှိနှိုင်းဆောင်ရွက်သွားရဖို့ဖြစ်တယ်။ အဲဒါကြောင့်် ကျနော်တို့ ရခိုင်ဒေသရဲ့ အရိပ်မဲတွေကို ကျနော်တို့ကိုယ်တိုင် ချေဖျက်သွားပြီးတော့ ကျနော်တို့ ရခိုင် ဒေသမှာရှိတဲ့ ရခိုင်၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ ကမန်၊ မာရမာကြီး ၊ ထို့နည်းတူစွာပဲ တခြား အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူ ဘာသာဝင် အားလုံးကို ညီအစ်ကို၊မောင်နှမ စိတ်ထားနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့အသိနဲ့ ကျနော်တို့ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့ရင်တော့ ဒီကိစ္စတွေကို အဓိကဆောင်ရွက်သွားဖို့ဖြစ်တယ်။


(ပြီး)

ဆက်စပ် သတင်းများ