သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ (ANP)မှရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်တို့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ညိုနဲ့တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 304

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂ဝ / ၂ဝ၂ဝ

မေး - ပထမဆုံးအနေနဲ့ ဆရာနာမည်၊ ဘယ်ပါတီကိုယ်စားပြုပြီး၊ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်သွားမယ် ဆိုတာကို မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်ကတော့ ရခိုင်အမျိုးသားပါတီ (ANP)ကိုယ်စားပြုပြီးတော့ သံတွဲနှင့်ဂွမြို့နယ် နှစ်မြို့နယ်ပါတဲ့ ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲ ဝင်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ကတော့ တိုင်းရင်းသား လူမျိုး တစ်မျိုးလည်းဖြစ်တယ်။ ပြီးတော့ ကျနော်တို့ပါတီကလည်း ကိုယ့်လူမျိုးတွေအတွက် တည်ထောင် ထားတာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရပေါ့နော်။ ကိုယ်ပြည်နယ် အင်္ဂါရပ်နဲ့ အညီ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ချင်တယ်။ တိုင်းရင်းသားလူမျိုးတွေရဲ့ ရပိုင်ခွင့်တွေကို လွှတ်တော်ကနေ ကြိုးပမ်းဆောင်ရွက်ချင်တယ်။ တိုင်းရင်းသားတွေရဲ့ အရေးကို ကျနော်တို့ လို တိုင်းရင်းသားပါတီတွေကပဲ မဖြစ်ဖြစ်အောင် ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်တယ်။ နောက်တစ်ခါ ကျနော်တို့ လူမျိုးတွေအားလုံး သွေးမကွဲဘဲ အမျိုးသားရေး ညီညွတ်ရေးကို ဥပဒေဘောင်အတွင်းက တည်ဆောက် ချင်တယ်။ အဲဒါလေးတွေကို လုပ်ချင်တဲ့ အတွက် ကိုယ့်ရခိုင်လူမျိုးတွေ ဦးဆောင် တည်ထောင်ထာတဲ့ ရခိုင်အမျိုးသားပါတီကနေ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်ကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်ကနေ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။

မေး -  ဆရာအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ - ကျနော်တို့ကတော့ ညွှန်ပေါင်းအစိုးရဖွဲ့နိုင်ဖို့အတွက်တော့ မျှော်လင့်ပါတယ်။ ညွှန့်ပေါင်း အစိုးရဖွဲ့နိုင်ခဲ့မယ် ဆိုလိုရှိရင်တော့ ကျနော်တို့ တိုင်းရင်းသားဒေသတွေက အခွင့်အရေးတွေ ပိုမိုပြီးတော့ ရလာမယ့်သဘောရှိတယ်။ အဲဒါကဘာလည်းဆိုတဲ့ အခါကျတော့ ကျနော်တို့ပြည်နယ် ၇ ပြည်နယ်စလုံးမှာ တိုင်းရင်းသားတွေအများစုလိုလားတဲ့ တိုင်းရင်းသားပါတီတွေ ပြည်နယ်အစိုးရဖွဲ့ခွင့်ရအောင်ပေါ့နော်။ ကျနော်တို့ ညွှန့်ပေါင်းအစိုးရမဖွဲ့ခင်ကပဲ ကျနော်တို့ ပြည်မ ပါတီကြီးတွေနဲ့ ညှိနှိုင်းပြီးတော့ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး ကိုယ့်အစိုးရ ဖြစ်ပေါ်လာစရာ အကြောင်းရှိတယ်။ ပြီးတော့ ကျနော်တို့ နှစ်စဉ်ဘက်ဂျက် ဝေခွဲတဲ့ အခါမှာလည်း ကျနော်တို့ တိုင်းရင်းသားဒေသတွေက အခုရတာတွေထက် ပိုမိုပြီးတော့ ရရှိနိုင်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသားတွေက ပြည်ထောင်စုမှာ ပြောရေးဆိုခွင့် ရလာဖို့ အခြေအနေမျိုးတွေကိုလည်း တွေ့ရှိရပါတယ်။ ပြီးတော့ ကျနော်တို့က ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးဖော်ဆောင်ခြင်းအားဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုလည်း ယခုထက်တော့ ချုပ်ငြိမ်း သွားလိမ်မယ့်လို့ ကျနော်အနေနဲ့ ယုံကြည်မိပါတယ်။

မေး - ဆိုတော့ ၂ဝ၁၅ တုန်းက ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရရှိတဲ့ ပါတီတစ်ခုဖြစ်တယ်။ မဲအများဆုံးအနိုင်ရရှိချိန်တုန်းကလည်း တိုင်းရင်းသားပါတီတွေဟာ ပြည်နယ်အစိုးရမဖွဲ့နိုင်ခဲ့ဘူး။ အခုက ရခိုင်ပြည်နယ်၊ မြောက်ပိုင်း မြို့နယ် ၉ ခုနဲ့ တခြားမြို့နယ်တချို့မှာလည်း ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေရှိတယ်ဆိုတော့ ညွှန့်ပေါင်းအစိုးရဖွဲ့ခွင့်ရဖို့၊  ပြည်နယ်အစိုးရ ဖွဲ့ခွင့်ရဖို့ဆိုတဲ့အပေါ်မှာ ဘယ်လို့သုံးသပ်မိပါသလဲ။
ဖြေ - ညွှန့်ပေါင်းအစိုးရဖွဲ့ဆိုတာက ကျနော်တို့ တိုင်းရင်းသားပါတီတွေနဲ့ ပြည်မက ပါတီကြီး တစ်ခုသော်လည်းကောင်း၊ နှစ်ခုသော်လည်းကောင်းရှိမှာပေါ့ဗျ။ ကျနော်တို့က ၅၁ % ကျော်အောင်တော့ ပြည်မပါတီတွေနဲ့ ပေါင်းမှာပါ။ ပြည်မက ပါတီကြီးတွေ အဓိက လိုလားတာကတော့ သမ္မတဖြစ်ဖို့ကိုပဲ အဓိက သူတို့ဖက်က လိုလားတဲ့ သဘောရှိတယ်။ ကျနော်တို့ တိုင်းရင်းသားတွေကလည်း ကိုယ့့်ပြည်နယ်၊ ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရဖြစ်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသားနယ်မြေအသီးသီးမှာ၊ တိုင်းရင်းသားပါတီတွေလိုလားတဲ့ တိုင်းရင်းသားပါတီကပဲ ဝန်ကြီးချုပ်ဖြစ်ဖို့ပေါ့နော့်။ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီးတော့အစိုးရဖွဲ့နိုင်ဖို့အတွက် ကျနော်တို့ ရည်ရွယ်ထားပါတယ်။ ဒါကတော့ အပေးအယူလုပ်ရမှာပေါ့။ အပေးအယူလုပ်ရင်တော့ သူတို့ အလိုချင်ဆုံးသည် ပြည်မပါတီကြီးတွေက နိုင်ငံတော်မှာ အကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်သမ္မတဖြစ်ဖို့လိုလားတယ်။ ကျနော်တို့တိုင်းရင်းသားတွေကတော့ ကိုယ့်ပြည်နယ်၊ကိုယ့်လူမျိုး၊ ကိုယ့်အစိုးရဖြစ်ဖို့အတွက်၊ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်လုပ်ပိုင်ခွင့်ကို ကျနော်တို့ တောင်းဆိုလို့ရပါတယ်။  ဒါက ညွှန့်ပေါင်းအစိုးရဖြစ်ရင်တော့ မလွှဲမသွယ် ပုဒ်မ ၂၆၁ ပေါ့။ အဲဒါကို ကျော်လွှားနိုင်မယ်လို့ ကျနော်တို့က လုံးဝကို ယုံကြည်မိပါတယ်။

မေး - ဆရာအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်တာတွေရှိပါသလဲ။
ဖြေ - မဲဆန္ဒရှင်တွေကို ကျနော်ပြောချင်တာကတော့ ကျနော်က တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ဖြစ်တယ်။ ပြီးတော့ နိုင်ငံတာဝန်ကို နှစ်ပေါင်း ၃ဝ ကျော် ထမ်းဆောင်ခဲ့တယ်။ အခု ကျနော် ဝင်ရောက် ရွေးချယ်ခံမှာကလည်း အမျိုးသားလွှတ်တော်ဖြစ်တဲ့အတွက် ပြည်ထောင်စု အဆင့်လိုနေရာမျိုးမှာ ရောက်သွားခဲ့ရင် ဥပဒေပြုရေး ကဏ္ဍကို ကျနော်လွယ်လွယ်ကူကူပဲ တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်နိုင်တဲ့  အခြေအနေမျိုးရှိတယ်။ မဲဆန္ဒရှင်ပြည်သူတွေအတွက်လည်း ကျနော်အနေနဲ့ တာဝန်ကျေကျေ ထမ်းဆောင် ပေးနိုင်မယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ အခက်အခဲတွေပေါ့။ ဥပဒေရေးရာနဲ့ပဲဖြစ်ဖြစ် အခက်အခဲ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ကျနော်ကိုယ်တိုင်ကိုင်တွယ်ပြီးတော့ ဖြေရှင်းပေးနိုင်မယ့် အခြေအနေမျိုးရှိပါတယ်လို့ ကျနော်ပြောကြားလိုပါတယ်။

မေး - နောက်ဖြည့်စွက်ပြီး ဘာတွေပြောချင်ပါသလဲ။
ဖြေ - ကျနော်တို့က ရခိုင်ပြည်နယ်၊ ရခိုင်လူထုအကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့အတွက် ရခိုင်အမျိုးသားပါတီကို ကျနော်တို့ တည်ထောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ကျနော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် အုပ်ချုပ်ရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ လိုလား တောင်းတချက် မှန်သမျှကို ကျနော်တို့ လုပ်ပိုင်ခွင့် ရခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ဖြည့်ဆည်းပေးနိုင်မယ့် အခြေအနေရှိနေပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ