အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်နဲ့တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊အောက်တိုဘာ ၂၂ / ၂ဝ၂ဝ

မေး- အစ်ကို့အနေနဲ့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဘယ်နေရာကနေ ကိုယ်စားပြုဝင်ပြိုင်မှာပါလဲ။
ဖြေ- ကျွန်တော်က ဦးတင်ထူးအောင်ပါ။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရန်ကုန်တိုင်းဒေသကြီးက ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

မေး - အစ်ကိုအနေနဲ့ ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရခြင်း အကြောင်းအရင်းက ဘာကြောင့်ပါလဲ။
ဖြေ - ၂ဝ၂ဝ ရွေးကောက်ပွဲရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ကျွန်တော်အနေနဲ့ အဓိက အကြောင်းအရင်းကတော့ ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်၊ အစိုးရဝန်ကြီးတစ်ရပ် လုပ်ကိုင်ဆောင်ရွက်ရမယ့် အလုပ်တွေကို ဟို.. လွန်ခဲ့တဲ့ ၈ နှစ်ကျော်တည်းက ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌနေရာက ကျွန်တော်လုပ်ကိုင်ဆောင်ရွက်ခဲပြီးသားဖြစ်တယ်ပေါ့နော်။ ရန်ကုန်မှာရှိတဲ့ ရခိုင်တွေရဲ့ လူမှုရေး၊ စီးပွားရေး ၊ နိုင်ငံရေး အစစအရာရာ သံတမန်ရေးရာအစပေါ့နော်။ ထို့အတူ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပေါ့နော်၊ စစ်ဘေးဒုက္ခ၊ ရေဘေးဒုက္ခ၊ တခြားဘေးဒုက္ခ ပေါင်းတွေနဲ့ တခြားပံ့ပိုး ကူညီရေး ပေါင်းများစွာကို ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးသားဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ အစိုးရ ဝန်ကြီးတစ်ယောက်မဟုတ်ပေမယ့် ကျွန်တော်ဟာ အစိုးရဝန်ကြီးတစ်ယောက်လုပ်ကိုင်ဆောင်ရွက်ရမယ့် အချက်တွေကို ကျွန်တော် အနေနဲ့ နှစ်ပေါင်းများစွာတည်းက လုပ်ကိုင်ဆောင်ရွက်ပြီးသားဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် အနေနဲ့ ဒီရွေးကောက်ပွဲရဲ့တရားဝင်မှုနဲ့အတူ အစိုးရအဖွဲ့ရဲ့ လုပ်ငန်း ဆောင်တာအနေနဲ့ တရားဝင်မှုတွေ ပိုလိုချင်တဲ့အတွက် ဒီရွေးကောက်ပွဲကို ဝင်လာရခြင်းဖြစ်တယ်ပေါ့နော်။

မေး - အစ်ကို အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ ရှိရင် ဘာတွေလုပ်ဆောင်သွားဖို့ရှိပါလဲ။
ဖြေ - ကျွန်တော်တို့ရဲ့ အဓိကရွေးကောက်ပွဲကြွေးကြော်သံကတော့ ရခိုင်တွေရဲ့ဘဝလုံခြုံရေးနဲ့ ဂုဏ်သိက္ခာ အတွက်ပေါ့နော်၊ လုပ်ကိုင်ဆောင်ရွက်သွားကြပါစို့ဆိုပြီးတော့ ကြွေးကြော်သံဖြစ်တယ်။ ဒီရွေးကောက်ပွဲ ကြွေးကြော်သံနဲ့ အတူ ရန်ကုန်အပါအဝင် အဝေးရောက်ရခိုင်တွေရဲ့ပေါ့နော်။ ရခိုင်ပြည်က ရခိုင်တွေ အပါအဝင် ရခိုင်တွေရဲ့ စီးပွားရေး၊ လူမှုရေးအပါအဝင် သံတမန်ဆက်ဆံရေး၊ လူငယ်ပြုစု ပျိုးထောင်ရေး၊ နောက်တစ်ခါ အားကစားကဏ္ဍဆိုပြီး ကဏ္ဍပေါင်းစုံကိုပေါ့နော်။ ကျွန်တော်တို့ တိုးတက်အောင် ကူညီဆောင်ရွက် သွားဖို့ ရှိတယ်။ ကျွန်တော်တို့အနေနဲ့ အခုလည်း လုပ်ကို်င်ဆောင်ရွက်နေဆဲဖြစ်တယ်။ ရခိုင်အမျိုးသား ကွန်ယက်နဲ့ အတူ ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌနေရာက ကျွန်တော်ဒါတွေကို လုပ်ကိုင် ဆောင်ရွက်နေဆဲဖြစ်တယ်။ ကျွန်တော်ရွေးကောက်ပွဲမှာ အနိုင်ရသွားရင်လည်း ကျွန်တော်ဒီအချက်တွေကို အဓိက လုပ်ကိုင် ဆောင်ရွက် သွားမယ်။ လူငယ်တွေအတွက်ဆိုရင် ပညာရေးအတွက်ပေါ့နော်။ ကျွန်တော်တို့ ပ့ံပိုးကူညီသွားမယ်။ ရန်ကုန်မှာ ရှိနေတဲ့လူငယ်တွေ၊ နယ်ကအဝေးကလာပြီးတော့ ပညာသင်ကြားနေရတဲ့ လူငယ်တွေအတွက် ပံ့ပိုး ကူညီသွားမယ်။ ဒီလိုပံ့ပိုး ကူညီသွားတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ လူငယ်တွေအတွက် အနုပညာနဲ့ အားကစားအပါအဝင် ကျန်တဲ့ ကဏ္ဍတွေကို လုပ်ကိုင် ဆောင်ရွက်သွားဖို့ ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိ ဘောလုံးအသင်းတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ဒီအချက်တွေကို ပံ့ပိုးကူညီသွားဖို့အတွက် ကျွန်တော့်မှာ အတွေ့အကြုံတွေနဲ့ပေါ့နော် ဖြတ်သန်းမှုတွေအများကြီးရှိတယ်ပေါ့နော်။ အဲဒါကြောင့်ကျွန်တော်အနေနဲ့ ဒီကဏ္ဍတွကို ပံ့ပိုးကူညီသွားဖို့ရှိတယ်။ ထို့အတူ ရန်ကုန်မှာရှိနေတဲ့ ရွှေ့ပြောင်း လုပ်သားဟာ (၆ဝဝဝဝ) ကျော် လောက်ရှိတယ်။ ရခိုင်ပန်းထိမ် အပါအဝင်ပေါ့နော်။ ရွှေ့ပြောင်းလုပ်သားတွေ။ အဲဒါကြောင့် ဒီလူတွေရဲ့ ဘဝ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာအတွက်ပေါ့နော်။ အလုပ်အကိုင်အဆင့်တန်းရှိရှိ အလုပ်အကိုင် အခွင့်အလမ်း ရပြီးတော့ အလုပ်ခွင်မှာ ဥပဒေကြောင်းအရ ဘဝ အာမခံချက်ရှိပြီးတော့ပေါ့နော်၊ ဖြစ်လာတဲ့ ပြသနာတွေ၊ လူမှုဒုက္ခပြသနာတွေ အပေါ်မှာလည်း ကျွန်တော်တို့ ဥပဒေဘောင်အတွင်းက ကျွန်တော်တို့ ပံ့ပိုးကူညီ သွားဖို့ရှိတယ်ပေါ့နော်။ အဲဒီတော့ ဒီအချက်တွေကို ကျွန်တော် အနေနဲ့ လုပ်ကိုင် ဆောင်ရွက်သွားမှာဖြစ်သလို တစ်ဖက်ကလည်း ရခိုင်အပါအဝင်မျိုးနွယ်စုတွေရဲ့စာပေ၊ယဉ်ကျေးမှု၊ သမိုင်း အစဉ်အလာပေါ့နော်၊ ဒီလို ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင်တွက် ကျွန်တော် အနေနဲ့ ပံ့ပိုးကူညီသွားဖို့ရှိတယ်။ ဒီလိုပံ့ပိုး ကူညီသွားတဲ့ အခါမှာလည်း ကျွန်တော် အနေနဲ့ ပေါ့နော်၊ ဒီဖွံ့ဖြိုးတိုးတက်နှုန်းဟာ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် ပဲနဲ့ပေါ်နော်၊ ဒီလိုပံ့ပိုးကူညီနိုင်အောင်တော့ အဓိက ဆောင်ရွက်သွားဖို့ အစီစဉ်တွေရှိတယ်လို့ ကျွန်တော် အနေနဲ့ အဓိက ပြောချင်တယ်။ နောက်တစ်ဖက်ကလည်း ရန်ကုန်မှာ ရောက်နေတဲ့ရခိုင်တွေရဲ့ ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုအတွက်သော်၄င်း နောက် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရခိုင်တွေအတွက် အစစ အရာရာ ပံ့ပိုးကူညီမှုလုပ်နိုင်အောင်အတွက် အမျိုးသား ရံပုံငွေတစ်ရပ်ကို စုစည်းရရှိနိုင်အောင်အတွက် ကြိုးပမ်းသွားဖို့ အစီစဉ်တွေရှိတယ်။ နောက်ပြီးတော့ ရခိုင်တွေ စုစုလုံးလုံးနဲ့ပေါ့နော်၊ စည်းလုံးနိုင်အောင် တခြားအချက်တွေကို တိုင်ပင်နိုင်အောင် ညှိနှိုင်းနိုင်အောင် နောက်ပြီးတော့ လူငယ်တွေအတွက် လိုအပ်လာရင် လုပ်ငန်းခွင်သင်တန်းတွေနဲ့ပေါ့နော်၊ လိုအပ်လာရင် ကျွန်တော်အနေနဲ့လူငယ်တွေ စုဆုံနိုင်မဲ့ ဆုံရပ်တစ်ခု စင်တာတစ်ခုထိ လုပ်ကိုင်နိုင်အောင် ဆောင်ရွက် သွားဖို့ ရှိပါတယ်လို့ အဓိက ပြောချင်တယ်။

မေး - အစ်ကိုတို့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာများပြောချင်ပါလဲ။
ဖြေ - ကျွန်တော့အနေနဲ့ အဓိက ပြောချင်တာကတော့ ကျွန်တော့်မှာဖြတ်သန်းမှုရှိတယ်။ ပေးဆပ်ခဲ့မှုသမိုင်း ရှိတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ကို အခုယုံကြည် ထောက်ခံနေတဲ့ လူတွေအနေနဲ့ ဆက်လက်ပြီး ရွေးကောက်ပွဲ အောင်ပွဲရသည်အထိ ဆက်လက်ပြီးတော့ ယုံကြည်ထောက်ခံကြပါလို့ ပြောချင်တယ်။ မဆုတ်မနစ်ပဲ ကျွန်တော်တို့ ဒီတိုင်းပဲ ဆက်ပြီးတော့ ချီတက်ကြပါလို့ မေတ္တာရပ်ခံချင်တယ်။ နောက်ပြီးတော့ တစ်ဖက်ကလည်း ကျွန်တော်တို့ ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း အခုကျွန်တော်တို့နဲ့ ပြိုင်ဖက်တွေပေါ့နော်၊ ကျွန်တော်တို့နဲ့အတူ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုပေါ့နော်။ ကျွန်တော်တို့ ရခိုင်ရေးရာ ဝန်ကြီးလောင်းတွေကိုပေါ့နော်။ တကယ်ဆန္ဒရှိမယ်ဆိုရင် သူတို့ကို ကျွန်တော့်အနေနဲ့ လက်တွဲပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ့် အစီစဉ်ရှိတယ်လို့ ကျွန်တော်အနေနဲ့အဓိက ပြောချင်ပါတယ်။

မေး- အစ်ကိုတို့ ရွေးကောက်ပွဲမဲဆွယ်ရာမှာ လုပ်ကိုင်ဆောင်ရွက်ရာမှာ အခက်ခဲတစ်စုံတစ်ရာများရှိပါလား။
ဖြေ - အဓိက အခက်ခဲတွေကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ နည်းဥပဒေတွေနဲ့ အညီ ကျင့်သုံးဆောင်ရွက်ဖို့အတွက် ဒီရွေးကောက်ပွဲကော်မရှင်မှာအဓိက တာဝန်ရှိတယ်။ အခုလက်ရှိ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ပေါ့နော်၊ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှု အားနည်းပြီးတော့ တိကျမြန်ဆန်မှုအားနည်းတဲ့အတွက်ကြောင့် တချို့အချက်တွေဟာ ကျွန်တော်တို့အတွက် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာတွေမှာ အနှောင့်အယှက် အတားအဆီးတွေဖြစ်စေတယ်။ ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုသွားဖို့အတွက် အခက်ခဲတွေ အတားအဆီးတွေဖြစ်တယ်။ အလားတူ မြန်မာပြည်သူပေါင်းမြောက်မြားစွာပေါ့နော်၊ စိုးရိမ်ကြောင့်ကြမှုတွေရှိနေတယ်လို့ အဓိကပြောချင်တယ်။

(ပြီး)

ဆက်စပ် သတင်းများ