သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) အမ်းမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးသိန်းနဲ့တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.2k

အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ၂၄/၂ဝ၂ဝ

မေး - ဘယ်ပါတီ ကိုယ်စားပြုပြီး မည်သည့်မဲဆန္ဒနယ်မြေမှဘယ်နေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မှာလဲ။
ဖြေ- ဟုတ်ကဲ့။ ကျွန်တော်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကနေ ကိုယ်စားပြုပြီး အမ်းမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမယ့် ဦးစိုးသိ်န်း ဖြစ်ပါတယ်။

မေး- အစ်ကိုအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ- ကျွန်တော်ဝင်ရောက် ယှဉ်ပြိုင်တဲ့အပိုင်းကတော့ ရခိုင်ပြည်နယ်အတွက်ရော အမ်းမြို့နယ် ရေးရာအတွက်ရော ကျွန်တော်တို့ရဲ့ မူလ အခွင့်အရေးတွေ၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေ၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေ အားလုံး ဆုံးရှုံးနေတယ်။  အမ်းမြို့နယ်မှာဆိုလည်း အမ်းမြို့နယ် အလျောက်၊  ရခိုင်ပြည်နယ်ဆိုလည်း ရခိုင်ပြည်နယ်အလျောက် နေရာတိုင်းမှာ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတယ်။  ကျွန်တော်တို့ရဲ့ မြေယာ၊ သယံဇာတ အခွင့်အရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ရခိုင့် သယံဇာတသည် ငါတို့ပိုင်သည်၊ ငါတို့ဆိုင်သည်၊ ငါတို့ဆုံးဖြတ်မည်၊ ဆိုတဲ့ အပိုင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က အဓိကလှုပ်ရှားဆောင်ရွက်လိုတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အဖြသစ် ပါဝင် ယှဉ်ပြိုင် ရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ၈၈ အရေးတော်ပုံကြီးအကြောင်းနည်းနည်း ပြောချင်တယ်။ စစ်အာဏာရှင် လက်အောက်ကနေ ကျွန်တော်တို့ လွှတ်မြောက်ဖို့အတွက် ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေ တောင်းဆိုမှုနဲ့ ၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့တယ်။ ကျောင်းသားတွေက တရားမျှတတဲ့ ဒီမိုကရေစီ စနစ်ကို လိုချင်တဲ့အတွက်ကြောင့်မို့ အသက်သေတွေ ပေးဆပ်ပြီး မြန်မာလူထုကြီးနဲ့  လက်တွဲပြီး ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြတယ်။ ဒီအချိန်မှာ စစ်အာဏာရှင် ဦးနေဝင်းရဲ့ စကား တစ်ခွန်းက “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ပြီးမပစ်ဘူး။ တည့်တည့်ဘဲ ပစ်တယ်’’ ဆိုတဲ့ စကားတစ်ခွန်း ထွက်ပေါ် လာခဲ့တယ်။ ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေးအတွက် ၈၈ကျောင်းသား အရေးတော်ပုံကို ဆင်နွှဲပြီး စစ်အာဏာရှင်တွေ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးအောင်လုပ်နိုင်ခဲ့တယ်။  ဒီနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်းပြည်ကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရွေးကောက်ပွဲ ဝင်လာတာဖြစ်တယ်။ အပြောင်းအလဲ လုပ်နိုင်ဖို့ ရွေးကောက်ပွဲနိုင်မှ ဖြစ်မယ်ဆိုပြီးတာ့ စည်းရုံး ဆောင်ရွက်လာတဲ့အခါ  အနိုင်ရအောင် ကျွန်တော်တို့ အပါအဝင် တိုင်းရင်းသားပါတီတွေက ပါဝင်ပြီး  ဝိုင်းဝန်း ထောက်ခံ အားပေးခဲ့ကြတယ်။ ဒါပေမယ့် လက်ရှိ NLD အစိုးရလက်အောက်မှာရော ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရရှိသလို ဆက်လက်ပြီး ဆုံးရှုံးနေကြရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ သယံဇာတတွေဆီကရတဲ့ အခွင့်အရေး တွေကို ဗဟိုစနစ်နဲ့ လက်ဝါးကြီးအုပ် ချုပ်ကိုင်ပြီးတော့ ယူသွားကြတာ တွေ့ရတယ်။ ကျွန်တော် တို့ကို ပြန်လည် မျှဝေပေးတာကတော့ ပြည်တွင်းပဋိပက္ခတွေ ပြန်လည်မျှဝေပေးတာကိုပဲ တွေ့ရတယ်။  လက်ရှိ ကျွန်တော်တို့ ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ဘေးရှောင်တွေ တစ်နေ့ထက် တစ်နေ့များလာတယ်။ နောက်တစ်ချက်က အောက်ခြေမှာ အုပ်ချုပ်ရေးယန္တရား၊ တရားဥပဒေ စိုးမိုးရေးစတဲ့ လုံခြုံရေးတွေက အစ ပျက်ပြားနေတယ်။ ကျွန်တော်တို့ အောက်ခြေမှာ ဘယ်လိုဖြစ်နေလဲ ဆိုလို့ရှိရင် ပြည်သူလူထုတွေဟာ အားကိုးရာမရဘဲနဲ့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကြုံနေရတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီမိုကရေစီ၊ ဘယ်လိုပြောရမလဲဆိုရင် အာဏာသည် ပြည်သူတွေဆီက တစ်ဆင့် ဆင်းသက် လာတာ ဖြစ်တာနဲ့အညီ အခု ပြည်သူတွေ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေဆီကို  ပြည်သူအာဏာရောက်ရှိဖို့ အတွက် အလွန်အရေးကြီးတဲ့ အချိ်န်ကာလ ဖြစ်တယ်။ ပြည်သူ့ အာဏာရပြီးတဲ့ အခါမှ တရားမျှတမှုတွေ၊ လွတ်လပ်မှုတွေ၊ အေးအတူပူအမျှ ဆိုတာတွေ ရရှိလာမှာ ဖြစ်တယ်။ ကျွန်တော်တို့ ပါတီကလည်း ဒီလို မူဝါဒတွေကို အခြေခံတဲ့ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုဆီကို ချီတက်ဖို့ အတွက်  ပါတီမူဝါဒတွေ အဖြစ် ချမှတ်ထားတယ်။ ဒီချမှတ်ထားတာတွေကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့အတွက် ကျွန်တော်အနေနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

 မေး- ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် ဘာတွေများလုပ်ဆောင်သွားဖို့ ရှိပါလဲ။
ဖြေ- ဒါကတော့ ဘာတွေလုပ်ရမလဲဆိုတာ၊ အဓိက ကတော့ ကျွန်တော်ရဲ့ ပင်ကိုယ်စိတ်နဲ့ ဆိုလို့ရှိရင် ၂ဝဝ၈ အခြေခံဥပဒေကို အခြားပါတီတွေကပါ ပြင်ဖို့ခက်တယ်။ ဘာညာ ပြောကြတာတွေရှိတယ်။ ဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခန်းကဏ္ဍကိုလည်း တစ်ပိုင်းစဉ်းစားမယ်။ ရင်ဘတ်ချင်း ကျောချင်းတူတဲ့ တိုင်းရင်းသားပါတီ မဟာမိတ်တွေနဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးမယ်။ လက်ရှိ ပထမ အဆင့် အနေနဲ့ ဆိုလို့ရှိရင် ကျွန်တော်တို့ အောက်ခြေမှာ အကျင့်ပျက်ခြစားနေတဲ့ လုပ်ရပ်တွေ နောက်ပြီးတော့ တရားဥပဒေ စိုးမိုးရေးတွေ ယိမ်းယိုင်နေတာတွေ၊ တရားစီရင်ရေး၊ ဥပဒေစီရင်ရေး၊ နောက်ပြီးတော့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာ ယိမ်းယိုင်နေတာ ပြည်သူလူထုတွေကို တရားမျှမျှတတနဲ့ မအုပ်ချုပ်ဘဲနဲ့ သူတို့တွေကို အမိန့် သြဇာတွေနဲ့ လက်တစ်လုံးခြား အလွှဲသုံးစားလုပ်နေတာတွေ တွေ့ရတယ်။ ဥပမာ-ကျွန်တော်ပြရမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာဆိုလို့ရှိရင် မြေသိမ်းယာသိမ်းမှုတွေခံရတယ်။ နိုင်ငံတော်မှချမှတ်ထားတဲ့ မူဝါဒ ၅၈ နဲ့ အကောင်အထည်ဖော်ဖို့ ဆိုတဲ့အခါမှာတောင် မြေယာကော်မတီတွေရဲ့ လုပ်ရပ်တွေဟာ လမ်းကြောင်းလွှဲနေတာကို တွေ့ရတယ်။ ရှေ့ကတင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်တည်ပေးနေတာ မတွေ့ရဘူး။ နောက်တစ်ချက်က ကိုဗစ်ကာလ ပတ်သက်ပြီးတော့ အစိုးရက ပြည်သူ့ဘဏ္ဍာက ရရှိထားတဲ့ ငွေတွေနဲ့ ပြည်သူတွေကို (၂) နှစ်အောက် ကလေးတွေကို ထောက်ပံ့ထားတာတွေ့ရတယ်။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းနဲ့ ကိုယ်ဝန်သည်တွေကို ထောက်ပံ့တာတွေ့ရတယ်။ ဒီလို စစ်ပွဲတွေဖြစ်နေတဲ့ ကြား၊ ကိုဗစ် ကမ္ဘာကပ်ဘေးနဲ့ တွေ ကြုံနေတဲ့ကြား ပြည်သူလူထုကို ပေးတဲ့ငွေတွေကိုတောင်မှ အားလုံးကို ထိုက်ထိုက်တန်တန် မရကြဘဲနဲ့ လမ်းစပျောက်နေတာတွေတွေ့ရတယ်။ အဂတိ လိုက်စားတာတွေတွေ့ရတယ်။ အောက်ခြေမှာ အုပ်ချုပ်ရေးယန္တရားတွေဟာ ယိမ်းယိုင်နေတာတွေ့ရတယ်။ ဒါတွေတွေ့ရတဲ့အတွက် ကျွန်တော်တို့တွေက တရားမျှမျှတတဆောင်ရွက်မယ်။ တရားဥပဒေစိုးမိုးလာဖို့အတွက် သက်ဆိုင်ရာ မိတ်ဘက် အဖွဲ့တွေနဲ့ ဆောင်ရွက်မယ်။  ဒီတရားဥပဒေတွေကို ပြုပြင်မယ်။ တောင်သူလယ်သမားတွေ မြေသိမ်း၊ ယာသိမ်း ကိစ္စနဲ့ မိမိရဲ့ ပစ္စည်းဥစ္စာ မှန်ကန်ပါလျက်နဲ့ တောင်းခံလာတဲ့အခါ သူတို့တွေရဲ့ တင်ပြတောင်းခံမှုတွေကို အရေးတယူ ဆောင်ရွက်တာမျိုးမရှိဘဲနဲ့ မတရားဖမ်းဆီးတာတွေလုပ်တယ်။ ထောင်ချတယ်။ ဒီဟာတွေကို သိနေတဲ့ ညီငယ်ညီမငယ်တွေက လမ်းပေါ်ထွက်ဆန္ဒပြကြတယ်။ ဒီဟာပတ်သက်လို့လဲ ဖမ်းဆီးတာတွေ တွေ့ရတယ်ပေါ့။ ကျွန်တော်တို့တွေက ဥပဒေက လွဲနေတာကို တွေ့ရတယ်။ လွဲနေတဲ့ ဥပဒေကို ပြည်သူလူထုကို တကယ်ကာကွယ်ပေးနိုင်တဲ့ ဥပဒေချမှတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ မိတ်ဖတ်အဖွဲ့တွေ ရင်ဘတ်ချင်း တူတဲ့ ညီအစ်ကိုတွေနဲ့ ပြည်သူလူထုအတွက် အကာအကွယ်ရတဲ့ ဥပဒေမူဘောင်တွေကို ဆွဲနိုင်ဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်မှ ကျွန်တော်တို့ ပြည်ထောင်စုအဆင့် ပြန်စဉ်းစားမယ်ဆိုရင် တိုင်းရင်းသားပါတီ အသီးသီးနဲ့ တကယ်လိုအပ်ချက်ဖြစ်တဲ့ ဒီ၂ဝဝ၈ မှာ လိုအပ်တာတွေ ဥပဒေအပိုင်း တွေကိုပြင်ကြမယ်။ လိုအပ်တာတွေကို ပြင်ဆင်ဖို့ တင်ပြတောင်းခံမယ့် ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်တွေလည်း ရှိပါတယ်။ နောက်တစ်ချက်က ဒေသဖွံ့ရေးနဲ့ ပတ်သက်ပြီး NGO, INGO အဖွဲ့တွေနဲ့ ပတ်သက်ပြီးရင် ကျွန်တော်တို့ အမ်းမြို့နယ်မှာ ရွာပေါင်း ၂၈ ရွာလောက်ဟာ စာသင်ခန်းတွေ၊ ဆေးပေးခန်းတွေ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အိမ်သာတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီး ပညာပေးသင်တန်းတွေလည်းလုပ်စရာရှိတယ်။ အစိုးရနဲ့ လွှတ်တော် နေရာ ရရင် ဒီထက်ပိုပြီး လုပ်နို်င်တာတွေ့ရတယ်။ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ လမ်းတံတား စတဲ့ အခြေခံ လိုအပ်တဲ့ အဆောက်အဦးတွေ၊ ပတ်သက်ပြီးတော့ လူထုရဲ့ ဆွေးနွေး တင်ပြချက်အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ဟာ ပြည်နယ်ရန်ပုံငွေပေါ်မှာ အခြေခံပြီးတော့ ရသင့်ရထိုက်တဲ့ ဒေသတွေကို  ၁၊ ၂  အနေနဲ့ စီမံခန့်ခွဲနိုင်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။

မေး- အခုလက်ရှိ အမ်းမြို့နယ်မှာလည်း ရွေးကောက်ပွဲမကျင်းပရတဲ့ နယ်မြေတွေ၊ ကျေးရွာ အုပ်စုတွေ ရှိနေတဲ့ အပေါ် အစ်ကိုအနေနဲ့ ဘာတွေ ပြောလိုပါသလဲ။    
ဖြေ- ကျွန်တော်တို့ အမ်းမြို့နယ်နဲ့ပတ်သက်ပြီးတော့ အမှတ် (၂) မဲဆန္ဒနယ်က အုပ်စု ၂၉ စုကို ရုတ်သိမ်း လိုက်တာ တွေ့ရတယ်။ လုံခြုံရေးအဆင်မပြေဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ရွေးကောက်ပွဲကျင်းပခွင့်မပြုဘူးလို့ ကြားသိရတဲ့ အတွက်ကြောင့် အားကြိုးမာန်တက်နဲ့ ကြိုးစားဆောင်ရွက်တဲ့ ဘဝတူ ညီအစ်ကို လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ နစ်နစ်သွားရပါတယ်။ ရွေးကောက်ပွဲနီးလာမှ မဖြစ်တော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်တဲ့အခါမှာ သူတို့နဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။ နောက်တစ်ချက်က စိတ်လည်း မကောင်း ဖြစ်မိပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက်ကို ဒီနေရာတွေကို ကျင်းပဖို့ အတွက် ပြန်စဉ်းစားသင့်တယ်။ ဒီမဲဆန္ဒနယ်မြေတွေနဲ့ပတ်သက်ပြီး အစိုးရကို သူတို့ကော်မရှင်အနေနဲ့ ကြိုတင်ပြင်ဆင်မူတွေ၊ လိုအပ်တဲ့ လုံခြုံရေးစသည်ဖြင့် စီမံဆောင်ရွက် ထားရန် အဆင်ပြေနိုင်ပါတယ်။

မေး - အစ်ကိုရဲ့မဲဆန္ဒရှင်တွေကိုရော ဘာတွေများပြောချင်ပါလဲ။
ဖြေ- ကျွန်တော်တို့ မဲဆန္ဒနယ်နဲ့ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေရှိပါတယ်။ ဒီတပ်ပိုင်းဆိုင်ရာနဲ့ဆိုရင်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်အင်အား အစုအဖွဲ့ အမှတ်စဉ် မဲဆန္ဒနယ်မြေတွေမှာ အကုန်လုံး ပါဝင်နေတယ်။ ပါနေတဲ့အတွက်ကြောင့် ကျွန်တော်တို့တွေက မဲရုံတွေကို အပြင်ထုတ်ဖို့ တင်ပြ တောင်းခံ တာတွေလည်း ရှိတယ်။ နောက်ပြီးတော့ လုံခြုံမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲနီးလာတဲ့ ကာလပတ်လုံး တစ်လျှောက်မှာ တိုက်ပွဲသံတွေကြားရတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်လို့ ကြားရတယ်။ လေယာဉ်တွေပျံနေတာလည်း တွေ့ရတယ်။ ဆိုတော့ ဒီအပေါ်မှာ ကျွန်တော်တို့စိုးရိမ်မှုတွေတော့ ရှိတာပေါ့။ ကျွန်တော်တို့ ရွေးကောက်ပွဲကျရောက်တဲ့အချိန်မှာ စိုးရိမ်ထိတ် လန့်မှုတွေ ဖြစ်လာမလားလို့ တွေးမိတယ်။ ကျွန်တော့ မဲဆန္ဒရှင်တွေနဲ့ ဘာတွေပြောချင်လဲဆိုလို့ရှိရင် မှန်မှန်ကန်ကန် တကယ် ကိုယ်စားလှယ်လောင်းကို ရွေးတဲ့အခါမှာ တကယ်ပြည်သူလူထုအတွက် ကောင်းကျိုးဆောင်နိုင်မယ့် ပါတီအဖွဲ့ရှိလား။ နောက်ကစီးပွားရေးကို အမြတ်ထုတ်ဖို့ အတွက် နိုင်ငံရေး အသွင်ပြောင်း လာတဲ့ ပုဂ္ဂိုလ်တွေလား။ ဝေခွဲသုံးသပ်ပေးဖို့ လိုအပ်မယ်ထင်ပါတယ်။ နောက်တစ်ချက်က ဒီကိုယ်စားလှယ်လောင်းဟာ ကိုယ်စားလှယ်မဖြစ်ခင်က ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့်ပြီးတော့ ဘာတွေကူညီ ဆောင်ရွက်ပေးခဲ့ဖူးသလဲ ဆိုတဲ့ အပိုင်းတွေလည်း စဉ်းစားကြဖို့လိုပါတယ်။ လက်ရှိ ရွေးကောက်ပွဲနီးလာတဲ့ ကာလပတ်လုံးမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လက်ဆောင် ပစ္စည်းတွေ ပေးတာရှိလိမ့်မယ်။ စာသင်ကျောင်း၊ ဆေးရုံတွေ ပေးဖို့ ကြွေးကြော်သံ တွေလည်း ရှိလိမ့်မယ်။ စာသင်ကျောင်း၊ ဆေးရုံတွေကအဓိကလား၊ အောက်ခြေမှာ မတရားမှုတွေ အုပ်ချုပ်ရေးယိမ်းယိုင်နေတာတွေက အဓိကလား ဆိုတဲ့ အပိုင်းတွေ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။ ပြုပြင်ရမယ့် အပိုင်းတွေ(ဥပမာ) စာသင်ကျောင်း၊ ဆေးရုံ ဆိုတာက တည်ဆောက်ရမယ့်အပိုင်းတွေ ဆိုတော့ ပြုပြင် တာကို အရင် လုပ်ရမလား။ တည်ဆောက် ရတာကို အရင်လုပ်ရမလား။ ဥပမာပြောရရင် ငါးတစ်နပ်စာကို လာကျွေးတာ သဘောကျလား၊ ငါရှာတဲ့နည်းလမ်းကို ပေးတဲ့လူကို သဘောကျလားဆိုတာ ထည့်သွင်း စဉ်းစားဖို့လိုတယ်။ အဲဒီလို သူ့ စီးပွားရေး လုပ်ငန်းတွေကို ဖွံ့ဖြိုးအောင်လုပ်ပေးနိုင်တဲ့သူကို သဘောကျလားဆိုတဲ့ အပိုင်းတွေထည့်သွင်းစဉ်းစားဖို့လိုတယ်။ အထူးသဖြင့် ကိုယ်စားလှယ်လောင်တွေရဲ့ ဝင်ရောက်မယှဉ်ပြိုင်ခင် ကိုယ့်တိုင်းရင်းသားပြည်သူလူထုအတွက် တကယ်အမျိုးသားရေးကို စိတ်ဓာတ်ကို အခြေခံပြီးတော့ ရွေးကောက်ပွဲကိုဝင်တဲ့သူလားပေါ့။ အများကောင်းကျိုး အတွက် ဘာတွေဆောင်ရွက်ပေးခဲ့ဖူးသလဲ ဆိုတဲ့ဟာကို ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေကို သုံးသပ်အကဲဖြတ်ပေးဖို့ကိုပဲ တောင်းဆိုချင်ပါတယ်။

မေး - ဖြည့်စွက်ပြောချင်တာရှိပါသလား။
ဖြေ- ဟုတ်ကဲ့။ ဖြည့်စွက် ပြောချင်တာကတော့ ကျွန်တော်တို့ လက်ရှိ နိုင်ငံရေး အခြေအနေအရ စစ်အာဏာရှင် စနစ်ဆိုးကို ကျွန်တော်တို့တိုင်းရင်းသားတွေဟာ တွန်းလှန်ချင်တယ်။ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ဆီကို သွားချင်ကြတယ်။ နောက်တစ်ချက်က တိုင်းရင်းသားအားလုံးရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ် ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ကျွန်တော်တို့ မျှော်လင့်နေကြတယ်။ လိုလားကြတယ်။ တောင့်တ ကြတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ မဲဆန္ဒနယ်ပြည်သူအပေါင်းကလည်း ကိုယ်မဲပေးမယ့် ကိုယ်စားလှယ်လောင်းတွေဟာ ဒီအချက် အလက်တွေကို ဖော်ဆောင်ပေးနိုင်မယ့် လူလား၊ နိုင်ငံရေးကို စီးပွားလုပ်ပြီး အမြတ်ထုတ်ပြီး၊ ဂုတ်သွေးစုတ် အမြတ် ထုတ်နေတဲ့သူတွေလား။ အရင်ကပြည်သူ ကောင်းကျိုး အတွက် ဘာတွေများဆောင်ရွက်ခဲ့ဖူးသလား။ အနစ်နာခံ စွန့်လွွှတ်စွန့်စားတဲ့ အမျိုးသားရေး စိတ်ဓာတ် ပြည့်ဝတဲ့ သူတွေလားဆိုတာ စဉ်းစားဆုံးဖြတ်ပြီး ကျွန်တော်တို့ ကောင်းတဲ့ မူဝါဒရေးဆွဲနိုင်ရေး အတွက် စဉ်းစဉ်းစားစားနဲ့ မဲပေးနိုင်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။
-------------------------

ဆက်စပ် သတင်းများ