ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ချင်းတိုင်းရင်းသားများပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအောင်ကျော်နဲ့တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂၄/၂ဝ၂ဝ

မေး- ဘယ်ပါတီကိုယ်စားပြုပြီးဝင်ရောက်ယှဉ်ပြိုင်မှာပါလဲ။
ဖြေ- ကျွန်တော်က ရခိုင်ပြည်နယ်၊ချင်းတိုင်းရင်းသားများပါတီကနေ  ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးထွန်းအောင်ကျော်ပါခင်ဗျာ။

မေး- ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ။

ဖြေ- ဟုတ်ကဲ့ပါ။ ကျွန်တော်ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ကိစ္စက ချင်းတိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တော့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ပြီးတော့ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး စတာတွေ အပြင် စီးပွားရေး၊ ပညာရေးနဲ့ ကိုယ့်အမျိုးသားအကျိုးစီးပွားကိုကိုယ့်ကိုယ်တိုင်က ဝင်ရောက် လုပ်ကိုင်ချင်တဲ့ သဘောနဲ့ စိတ်ဓာတ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

မေး - ရခိုင်ပြည်နယ်က ၉ မြို့နယ်နဲ့ မြို့နယ် ၄ မြို့နယ်က ရပ်ကွက်/ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပရဘူး ဆိုတော့လေ ချင်းတိုင်းရင်းရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မဲဆွယ်စည်းရုံးရေးက ဘယ်လို အခက်အခဲတွေကြုံတွေ့ သွားရပါသလဲ။

ဖြေ - မဲဆွယ်စည်းရုံးရေးတွေကတော့ ပြီးသလောက်ဖြစ်နေပါပြီ။ အဓိက ပစ်မှတ်ထားတဲ့ နေရာတွေမှာလေ။ ဒါပေမယ့်အခု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကျွန်တော်တို့ မြောက်ပိုင်းကို ရွေးကောက်ပွဲ ကျင်းပခွင့် မရတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့အတွက် စည်းရုံးရေးမှာ ငွေကြေးနဲ့ အခက်အခဲ အမျိုးမျိုး ကြားမှာ လုပ်ယူရတော့ နစ်နာမှုတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို အဓိကပစ်မှတ်ထားပြီးတော့ ဝင်ပြိုင်တဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် မဲဆွယ်စည်းရုံးတာတွေ နောက်ပြီးတော့ လူထုတွေနဲ့ တွေ့ဆုံပြီး ကိစ္စအဝဝတွေကို လက်ချင်းယှက်ပြီးတော့ ဆောင်ရွက်ရမှာတွေ အများကြီးရှိပါတယ်။ အခုလို UEC ကနေ မဲဆွယ်စည်းရုံးရေးလုပ်ပြီး  တစ်လကျော်ကြာလာတဲ့ အချိန်ကျမှပဲ ဒီလိုရွေးကောက်ပွဲကို ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာလိုက်တာကတော့ အတော်လေးကို UEC အနေနဲ့ လိုအပ်ချက်တွေရှိတယ်လို့ မြင်ပါတယ်။ ပြည်သူရော၊ ကိုယ်စားလှယ်လောင်းတွေရော အတော်နစ်နာပါတယ်။ ဖြစ်နိုင်ရင် ပြန်လည်ပြင်ဆင် စဉ်းစားပေးနိုင်တဲ့အချိန်မှာ ပြင်ဆင်စဉ်းစားပေးစေချင်ပါတယ်။

(မှတ်ချက်- ချင်းတိုင်းရင်းရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ရခိုင်တစ်ပြည်နယ်လုံးရှိ ချင်းတိုင်းရင်းသားများကို ကိုယ်စားပြုသဖြင့် မဲဆန္ဒနယ်တချို့ ပယ်ဖျက်ခြင်းခံရသော်လည်း ပယ်ဖျက်မခံရသည့်  မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။)

မေး -၂ဝ၂ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ချင်းတိုင်းရင်းသားတွေအတွက် ဘာတွေများ လုပ်ဆောင် သွားဖို့ရှိပါလဲ။

ဖြေ- အနိုင်ရခဲ့လို့ရှိရင်တော့ ခုနကပြောခဲ့တဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ ပြီးတော့ သမိုင်း အမွေအနစ်၊ ငြိမ်းချမ်းရေး အပြင် စီးပွားရေး၊ ပညာရေး၊ ပြီးတော့ တိုးတက်မှု မရှိသေးတဲ့ တိုင်းရင်းသား ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးစတဲ့ လူမှုကိစ္စ အဝဝကို သက်ဆိုင်ရာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်ခဗျာ။

 မေး- မဲဆန္ဒရှင်တွေကို ဘာများပြောချင်ပါလဲ။
ဖြေ- ကျွန်တော်တို့က ရခိုင်ပြည်နယ်မြောက်ပိုင်းကို အဓိကပစ်မှတ်ထားပြီး ဝင်ပြိုင်တဲ့ ပါတီဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က ခုလိုမျိုး ပြည်သူတွေကို မဲဆန္ဒပေးပိုင်ခွင့် မရရှိတဲ့အပေါ်မှာ အရမ်း စိတ်ထိခိုက်မှုတွေရှိတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့လည်း နစ်နာမှုတွေ အများကြီး ရှိတယ်။ အဲဒါတွေကြောင့် ရွေးကောက်ပွဲ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ ၂ဝ၂၅ ခုနှစ်မှာပဲ အခွင့်ရတော့မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်ခဗျာ။
 
မေး - အခြား နောက်ထပ်ဖြည့်စွက်ပြောချင်တာများရှိပါသလား။

ဖြေ- ကျွန်တော်တို့ ကိုယ်စားလှယ်အနေနဲ့ပဲဖြစ်ဖြစ်၊ မဲဆန္ဒနယ်အနေနဲ့ဘဲဖြစ်ဖြစ် ၅ နှစ်မှ တစ်ကြိမ် ဝင်ပြိုင်ခွင့် ရတာရယ်၊ နောက်ပြီးတော့ ၅ နှစ်မှတစ်ကြိမ် မဲဆန္ဒပေးခွင့်ရတာရယ်။ နိုင်ငံသားတစ်ယောက်ရဲ့ အဓိက အခွင့်အရေးတွေကို ကျွန်တော်တို့ ဆုံးရှုံးနစ်နာရတာဟာ ဒီမိုကရေစီနိုင်ငံမှာ ခုလိုမျိုး မဖြစ်သင့်ပါဘူး။ အဲဒါတွေကို UEC အနေနဲ့ ဒါမှမဟုတ် သက်ဆိုင်ရာဌာနတွေကို ကျွန်တော်တို့မှာ နစ်နာမှုတွေ တော်တော် ရှိနေပါတယ်လို့ ပြောချင်ပါတယ်။

(ပြီး)

ဆက်စပ် သတင်းများ