ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်သိန်းနဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

ဆောင်းဇာခြည်မေးမြန်းသည်။
(၂၆-၁ဝ-၂ဝ၂ဝ)

မေး - ဘယ်ပါတီကို ကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမလဲဆိုတာ ပြောပြပေးပါ။
ဖြေ - ကျွန်မ ဒေါ်တင်သိန်းကတော့ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ကျောက်ဖြူမဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်တင်သိန်း ဖြစ်ပါတယ်။ ကျွန်မရဲ့ လိုဂိုတံဆိပ်ကတော့ အနီရောင်အဝိုင်းမှာ သဇင်ပန်းနှစ်ခက်ထောင်ထားတဲ့ လိုဂိုတံဆိပ်ဖြစ်ပါတယ်။

မေး - ဒေါ်တင်သိန်းအနေနဲ့ ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာလဲ။
ဖြေ - ရွေးကောက်ပွဲကို ဝင်ရောက်ရခြင်း ရည်ရွယ်ချက် ၃ ခုရှိပါတယ်။ နံပတ်တစ်က ရခိုင်လူမျိုး ကောင်းကျိုး အတွက် ဆောင်ရွက်လိုတာရယ်၊ နံပတ်နှစ်က ရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်း ရရှိလိုရေးရယ်၊ ဘာကြောင့်လဲဆိုတော့ ရခိုင်မှာ လူဦးရေ ၃ သန်း လောက်ရှိရာမှာ အဲဒီထဲက တစ်သန်းခွဲလောက်ပဲ ကိုယ့်ပြည် ကိုယ့်ရွာမှာ နေနိုင်တယ်။ နောက် ကျန်တဲ့ တစ်သန်းခွဲက မနေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အလုပ်အကိုင် အခွင့်အလမ်း မရှိလို့ပေါ့။ အဲဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှိအောင် ကြိုးစားချင်တယ်။ ပြီးတော့ နံပတ်သုံးက ကိုယ့်ဒေသမှာ ဘက်ပေါင်းစုံ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ဘက်ပေါင်းစုံက ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားချင်တယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်တယ်။

မေး - အနိုင်ရခဲ့ရင် ဘာတွေ လုပ်ပေးသွားမလဲ။
ဖြေ - ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ခဏကပြောတဲ့ ရည်ရွယ်ချက်ကို အကောင်ထည်ဖော်မှာပေါ့နော်။ နောက်တစ်ခုကတော့ အဓိက ဘာလဲဆိုတော့ ပြည်သူတွေ ဆင်းရဲကြတယ်။ ဘာကြောင့်ဆင်းရဲလဲဆိုတော့ အလုပ်အကိုင်အခွင့်အလမ်း မရှိဘူး။ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်တွေရှိလျက်နဲ့ လုပ်စရာ အလုပ်မရှိဘူး။ အဲဒါကြောင့် လုပ်စရာအလုပ်တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာကို အဓိက ထားထားပြီးတော့ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်လဲ။
ဖြေ - မဲဆန္ဒရှင်တွေကို အားပေးကြပါလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ အမှန်တကယ် တိုင်းကျိုး၊ ပြည်ရွာ ရခိုင်လူမျိုးအတွက် ကောင်းအောင် မွန်အောင် လုပ်ချင်တဲ့အတွက်ကြောင့်၊ ရည်ရွယ်ချက် ကိုက ကျွန်မ ပြောပြ ခဲ့တဲ့အတိုင်းပဲ ရည်ရွယ်ချက် ၃ ခုက ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်ပေါ့။ ဒီရည်ရွယ်ချက် ၃ ခုနဲ့ အမှန်တကယ် လုပ်ဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူတွေကို ကျွန်မကို အားပေး ကြပါလို့ တိုက်တွန်းချင်တယ်။


(ပြီး)

ဆက်စပ် သတင်းများ