ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ(ANP)မှ အမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇော်မင်းနဲ့တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ နိုဝင်ဘာ ၁ /၂ဝ၂ဝ

မေး - အကိုက ဘယ်ပါတီကိုယ်စားပြုပြီး ဘယ်ဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမ်ဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်က ရခိုင်အမျိုးသားပါတီ (ANP)ကိုယ်စားပြုပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်းကတော့ ကျနော်တို့မြို့နယ်ရဲ့ လိုအပ်ချက်အရ၊ ကျနော်တို့ ပါတီရဲ့ လိုအပ်ချက်အရ ကျနော်တို့ ဝင်ပြိုင်ရတာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့မြို့နယ်ရဲ့ ဒီအမှတ် (၁) နေရာမှာ ၂ဝ၁ဝ၊ ၂ဝ၁၅ တုန်းက လွှတ်တော်အမတ်တွေရှိခဲ့သော်ငြားလည်း လွှတ်တော်အမတ်တွေသည် ကျနော်တို့ပြည်သူတွေနဲ့ တသားတည်းမကျတာကို တွေ့ခဲ့ရတယ်။ အဲ့တွက် အခု ၂ဝ၂ဝ ရွေးကောက်ပွဲ ကလည်း ဖြစ်လာတယ်။ ကျနော်တို့ ရခိုုင်ပြည်နယ်အတွက် စိန်ခေါ်မှုတွေလည်း ဖြစ်လာတာတွေရှိတော့ ဒီအကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ရွေးကောက်ပွဲ ဝင်ပြိုင်ရတာဖြစ်တယ်။

မေး - အကိုအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါသလဲ။
ဖြေ - အနိုင်ရရှိခဲ့ရင်တော့ အဓိက ပထမတစ်ချက်အဖြစ် ကျနော်စဉ်စားထားတာ တစ်ခုကတော့  ကျနော်တို့ မြို့နယ်မှာရှိတဲ့  စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်တွေကို ကျနော်တို့ လွှတ်တော်အမတ်တစ်ဦး ဖြစ်လာ ခဲ့သည်ရှိသော် ဘယ်လို့လုပ်ပေးရမှာလဲ။ အစိုးရအနေနဲ့က ဘယ်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လုပ်ပေးနိုင်မှာလဲဆိုတဲ့ အချက်တွေကို အဓိက ဦးတည်ပြီးသွားမယ်။ ဒုတိယအချက်ကတော့ ကျနော်တို့ ဒေသဖွံ့ဖြိုးရေးတွေကို လုပ်ဆောင်မယ်။ ဒီမှာက ရခိုင်တိုင်းရင်းသားတွေအပါအဝင် ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာတွေဖြစ်တယ်။ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာတွေမှာဆိုရင် ကျနော်တို့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစသော အခက်အခဲပေါင်းများစွာနဲ့ သူတို့ ရင်ဆိုင် ကျော်ဖြတ် နေတာတွေကို တွေ့ရှိရတယ်။ အဲတွက် ချင်းတိုင်းရင်းသားတွေကိုလည်း ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး လုပ်ပေးသွားဖို့ရှိတယ်။ ပြီးတော့ မိမိမြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှုရှိအောင် ကျနော်အနေနဲ့ကတော့ အတတ်နိုင်ဆုံးလုပ်ဆောင်သွားဖို့ရှိတယ်။

မေး - မဲဆန္ဒရှင်ပြည်သူတွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - မဲဆန္ဒရှင်ပြည်သူတွေကို ပြောချင်တာကတော့ ကျနော်သည် ဒီနေ့ အချိန်အခါမှာ လူငယ်တစ်ဦး ဖြစ်ပေမယ့်  ကျနော်သည် အမျိုးသားရေး၊ နိုင်ငံရေးကို လုပ်ဆောင်နေတာသည် ဒီနေ့၊ ဒီအချိန်ခါမှ မဟုတ်ဘူး။ အကြောက်တရားတွေ လွှမ်းမိုးတဲ့ အချိန်အခါက စပြီးတော့ နိုင်ငံရေးရော၊ လူမှုရေးကိုရော လုပ်ခဲ့တယ်။ ဒါပေမယ့် လိုအပ်ချက်ဆိုတာကတော့ လူတိုင်းမှာ ရှိမှာပါ။ ဒါကြောင့် ကျနော်တို့ လူငယ်တွေကို ကျနော်တို့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ယုံယုံကြည်ကြည်နဲ့ မဲထည့်ပေးပါလို့ပဲ ကျနော်ကပြောချင်ပါတယ်။ မဲထည့်တဲ့ အခါမှာလည်း မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဲထည့်မမှားဖို့၊ လူရွေးမမှားဖို့ကို အဓိက ပြောချင်ပါတယ်။

မေး - နောက်ဖြည့်စွက်ပြီး ဘာတွေပြောချင်ပါသလဲ။
ဖြေ - နောက်ဖြည့်စွက်လို့ကတော့ ကျနော်တို့မြိ့နယ်မှာ ဖြစ်ပျက်နေကြတဲ့ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်လို့ပဲ ပြောရမှာဖြစ်တယ်။ ကျနော်တို့ မြို့နယ်တွေမှာလည်းဖြစ်နေသလို တချို့နေရာတွေမှာလည်း အရပ်သား သေဆုံးမှုတွေ၊ မတရားနှိပ်စက် ခံနေရမှုတွေ၊ မတရားသတ်ဖြတ်ခံနေရတာတွေရှိတယ်။ သို့သော်ငြားလည်း ဒီဟာတွေက ဥပဒေအရ အကာမကွယ်မရှိဖြစ်နေတယ်။ ဥပဒေအရ အကာအကွယ်မပေးနိုင်ဘူးဖြစ်နေတယ်။ ဒါကြောင့် ပြည်သူတွေအပေါ်မှာ မတရားနှိပ်စက်မှုတွေ၊ ဖမ်းဆီးမှုတွေ မရှိရအောင် ဥပဒေစိုးမိုးလာအောင်တော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။

ဆက်စပ် သတင်းများ