သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကြိုတင်မဲပေးရာတွင် အမျိုးသားလွှတ်တော်မဲလက်မှတ်များမှာ တစ်ခြားမဲဆန္ဒနယ်မှမဲလက်မှတ်များ ဖြစ်နေသဖြင့် ဂွမြို့နယ်တွင် အငြင်းပွားကန့်ကွက်မှုပေါ်ပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.2k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကြိုတင်မဲပေးလိုက်သော အမျိုးသားလွှတ်တော် မဲလက်မှတ်များမှာ တစ်ခြား မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်များဖြင့် အမှားဖြစ်နေဖြင့် သံတွဲ-ဂွ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း(ခ) ဦးစိုးလေးက ကန့်ကွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) တိုင်ကြား လိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း(ခ) ဦးစိုးလေးကို နိရဥ္စရာက ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါသည်။

မေး- အောက်တိုဘာလ ၂၉ ရက်နေ့နှင့် ၃ဝ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲ- ဂွ အမျိုးသားလွှတ်တော် အမှတ်(၁၁) ကြိုတင်မဲပေးခဲ့တဲ့နေရာမှာ မဲလက်မှတ်တွေက တစ်ခြား မဲဆန္ဒနယ်တွေက မဲလက်မှတ်များ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါက ဘယ်လို ဖြစ်တယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။
ဖြေ-  အောက်တိုဘာ ၂၉ နဲ့ ၃ဝ နှစ်ရက်ပေါ့နော်။ ကြိုတင်မဲတွေ ကောက်တော့၊ ငါ့မဲဆန္ဒနယ်ကတော့ ရခိုင်ပြည်နယ် အမှတ်(၁၁)ပေါ့နော်။ အဲဒီတော့ မဲပြားတွေကို ဝေတဲ့အခါကျတော့ ရခို်င်မဲဆန္ဒနယ်(၁၁) မဲပြားတွေ မဟုတ်တော့ဘူး။ ရခိုင်မဲဆန္ဒနယ်တစ်တို့၊ ရှစ်တို့၊ တစ်ဆယ်တို့ ဖြစ်နေတယ်။ ရခိုင် မဲဆန္ဒနယ် တစ်က ကျောက်ဖြူနဲ့ မာန်အောင်၊ ရခိုင်ရှစ်က ကျောက်တော်၊ ရခိုင်တစ်ဆယ်က မြောက်ဦး၊ အဲဒီကမဲပြားတွေ ဖြစ်နေရော၊ ဖြစ်နေတော့ မဲပေးတဲ့လူတွေက အဲဒီက မဲပေးတဲ့လူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်ကိုပဲ မဲပေးတာပေါ့။ NLD ကို မဲပေးလိုက်ကြတာပေါ့။ နာမည်တွေကတော့ တို့နာမည် မဟုတ်ဘူး။ အဲဒီ ကျောက်ဖြူနဲ့ မာန်အောင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နာမည်တွေ၊ ကျောက်တော် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နာမည်တွေ၊ မြောက်ဦး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နာမည်တွေနဲ့ မဲလက်မှတ်တွေပေါ့။ ဒါပေမယ့် NLD ဆိုတော့ ဘေးမှာ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူရှိတယ်လေ။ အဲဒီဘေးမှာဘဲ မဲတွေပေးလိုက်တာ။ အဲဒီတော့ ဒါတွေက အောက်တိုဘာ ၂၉ နဲ့ ၃ဝ ရက်နေ့တွေမှာဖြစ်တယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဒီဟာတွေက အကုန်ပေါ်ပေါ်လွင်လွင် ဖြစ်ပြီးတော့ မြို့နယ်ကော်မရှင်က သိသွားတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ၃၁ ရက်နေ့ အစည်းအဝေးလုပ်တယ်။ အစည်းအဝေး လုပ်တယ်ဆိုတာက မြို့နယ်တွေမှာက ရွေးကောက်ပွဲဆိုင်ရာ စိ်စစ်ညှိနိုင်းရေး ကော်မတီ ဆိုတာရှိတယ်။ အဲဒီကကော်မတီက အစည်းအဝေးလုပ်ပီးတော့ ဒီကိစ္စကို သူတို့ ဆုံးဖြတ်ကြတာပေါ့။ အဲဒီ ဆုံးဖြတ်တဲ့ အခါမှာ ဒီမဲတွေကို သူတို့ အကုန်ပယ်မဲလုပ်လိုက်တာပေါ့။ မဲပြားတွေက မှားနေတာကို၊ မဲပြားတွေကို ဒါပယ်မဲလုပ်မယ်။ မဲပြားအမှန်နဲ့ ရခိုင်(၁၁) မဲပြားအမှန်နဲ့ သူတို့ ဒုတိယအကြိမ် ပြန်ပြီး ပြန် ကြိုတင်မဲ ကောက်မယ်ပေါ့။ အဲသလို သူတို့က ဆုံးဖြတ်ထားတယ်။ ဆိုတော့ ငါကလည်း နေ့ခင်းမှ နယ်တွေကို ဆင်းပြီးမဲဆွယ်စည်းရုံးရေး နေရင်းနဲ့ နယ်တွေကနေ ပြန်လိုက် တက်လာရတာပေါ့။ သံတွဲကို။ တက်လာတဲ့ အခါ သူတို့ဆုံးဖြတ်ပြီးပြီ။ တိုတိုပြောရရင် ငါက တင်ပြတယ်။ ငါ့မှာဒါ ဆုံးရှုံးတယ်။ နင်တိ်ု့ ငါကို အစည်းအဝေး ခေါ်တုန်းကလည်း မခေါ်ဘူး။ ငါကာယကံရှင်တစ်ဦးဖြစ်တယ်။ ကျန်တွေလူတွေက အကုန် တစ်သီးပုဂ္ဂလတွေ၊ ဘာတွေကို ခေါ်တယ်။ ငါ့ကို မခေါ်ဘူး။ အဲဒီတော့ ငါ့မှာတော့ အခွင့်အရေးရှိတယ်လို့။ နင်တို့မဲပြား အမှန်ပေးရင် NLD ဘေးမှာပဲ ပေးမှာ။ အဲဒီတော့ မဲပြားအမှန် ပေးလိုက်ရင် ဒါငါ့မဲတွေဘဲလို့။ ဒါကြောင့် အဲဒါနဲ့ ပတ်သက်လို့ လက်မခံနိုင်ဘူးပေါ့။ လက်မခံနိုင်ဘူးဆိုတော့ ဒီနေ့ သူတို့ အဲဒီမှာ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စိစစ်ညှိနိုင်းရေး ကော်မတီကိုလည်း ကန့်ကွက်စာတင်တယ်ပေါ့နော်။ သူတို့ ဒီလို ဆုံးဖြတ်ပြီးတော့ ဒုတိယတစ်ကြိမ် မဲပြန်ဖို့ဟာနဲ့ ပတ်သက်လို့။ ဒုတိယတစ်ကြိမ်၊ နှစ်ကြိမ် မဲပေးလို့လည်း မရဘူး။ ဥပဒေအရ နှစ်ကြိမ်မဲပေးလို့ မရဘူး။ ဒီလို တစ်ဖက်သတ် ဆုံးဖြတ်တာကိုလည်း လက်မခံနိုင်ဘူးဆိုပြီး သူတို့ကို ကန့်ကွက်လွှာတင်တယ်။ UEC ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုလည်း စာတင်လိုက်တယ်။ အဖြစ်အပျက်တော့ အဲဒါပေါ့။

မေး- မဲအရေအတွက် ဘယ်လောက် ပယ်မဲ ဖြစ်သွားပါသလဲ။
ဖြေ- မဲရုံက ကျောက်ကြီးကျေးရွာအုပ်စုမှာက မဲရုံ သုံးရုံတယ်။ မဲရုံတစ်ရယ်၊ နှစ်ရယ်၊ သုံးရယ်ပေါ့။ အဲဒါမှာ ကျောက်ကြီးမှာက ၂၈၉ မဲ၊ နောက်တစ်ခ့ ကနိုခိုအုပ်စုဆိုတာ ရှိတယ်။ အဲဒီမှာက ၉၉ မဲ။ မဲပြားတွေက မှားနေတယ်ပေါ့နော်။ အဲလို ပြောတယ်။ နောက်ပြီးတော့ မနေ့တုန်းကဆိုရင် မဲပုံး တစ်ထဲကို ထည့်ရဖို့ မဲပြားတွေကို မဲပုံး (၂) ထဲမှာထည့်ထားတယ်။ အဲဒါ အမှားဖြစ်လို့ အဲဒီအစည်းအဝေးမှာပဲ သူတို့ လူအများရှေ့မှာပဲ မဲပုံး (၂) ထဲကဟာတွေကို မဲပုံး (၁)ထဲကို ထည့်လိုက်တယ်ပေါ့။ အဲဒါက ဘယ်လောက် ရှိလည်းဆိုတော့ မဲပြားအရေအတွက် က သူတို့ အကုန်ဆိုရင် ၁၈၆မဲရှိတယ်။ အမှားအယွင်းတွေက တော်တော်ဖြစ်သွားတာပေါ့။

မေး- အဲသလို မှားတာက ဘယ်သူ့မှာ တာဝန်ရှိတယ်လို့ထင်မြင်ပါသလဲ။
ဖြေ- အမှားအယွင်းတွေ တော်တော်ဖြစ်သွားပေါ့။ ဒါတွေဟာ ပြောရရင် ဒါ ကော်မရှင်မှာ တာဝန်ရှိတယ်။ နောက်မဲရုံးမှူးတွေမှာ တာဝန်ရှိတယ်။ နောက် သူတို့က သူတို့တာဝန် လုံးဝ မဟုတ်ဘူးလို့ ပြောတယ်။ ဖြစ်ပုံ ဒီလို မဲပြား အဖုံးက မဲဆန္ဒနယ် (၁၁) က မှန်တယ်။ ဒါပေမယ့် အထဲက စာရွက်တွေကျတော့ ကျောက်ဖြူ မဲဆန္ဒနယ် တစ်က မဲပြားတွေ၊ မဲဆန္ဒနယ် ရှစ်က မဲပြားတွေ၊ ၁ဝ က မဲပြားတွေ၊ အကုန် သောကော ရောကောဖြစ်နေတယ်။ အဲဒီတော့ အဲဒီမဲပြားတွေကို ဝေလိုက်တာပေါ့။ အဲဒီတော့ သူတို့က အဖုံးကို ကြည့်တဲ့အခါ ရခိုင်မဲဆန္ဒနယ် (၁၁) ဆိုတော့ မှန်တယ်ပေါ့နော်။ နောက်ကြောမှာတော့ ကော်မရှင် က တံဆိပ်တုံးထုတာပေါ့။ အဲဒီတော့ အတွင်းက စာရွက်ကို သူတို့ မကြည့်ဘူး။ဘာကြောင်းလဲဆိုတော့ နောက်ကျောမှာ တံဆိပ်တုံး ထုပေးလိုက်တာပေါ့။ ဒါကြောင့် သူတို့မှာ တာဝန်မရှိဘူးတဲ့။ သူတို့ မမှားဘူးပေါ့လေ။ သူတို့ တံဆိပ်တုံးထုရမယ့် စာရွက်နောက်ကြောမှာ သူတို့ ထုပေးလိုက်တယ်။ အဲဒီတော့ မြို့နယ်  ရပ်ကွက် ကျေးရွာ မဲရုံမှူးတွေကလည်း နောက်ကျောမှာက ကော်မရှင် တံဆိပ်တုံး ထုပြီးသား ဖြစ်တယ်။ ဒါကြောင့် သူတို့ကလည်း ဒါကို စာအိတ်ကို ဆုတ်ဖြဲပြီးတော့ ကြိုတင်မဲ ပေးလိုက်တယ်။ အဲဒီတော့ သူတို့မှာလည်း တာဝန်မရှိဘူးလို့ ပြောတယ်။ ဘာကြောင့်လည်းဆိုတော့ မြို့နယ် က ကော်မရှင်က ရိုက်ပေးလိုက်တဲ့ မဲပြားဖြစ်လို့ မဲစာအုပ်ဖြစ်လို့ သူတို့ ဒီအတိုင်း ထည့်ပေးလိုက်တယ်ပေါ့။ အတွင်းစာသားကို မကြည့်ဘူး။ နောက်ကြောကို ကြည်တဲ့ အဓိပ္ပါယ်ဘဲ။ အထဲမှာ ဘာတွေလည်းဆိုတာ မစိစစ်ဘူးပေါ့။ အဲဒါ သူတို့ တာဝန် မရှိဘူးတဲ့။ မြို့နယ် ဒုဦးစီးမှူး အမျိုးသမီးကတော့ ပြောတယ်ပေါ့။ တိုတို ပြောရလို့ရှိရင် ဒါတွေနဲ့ ပတ်သက်လို့  ကော်မရှင်မှာလည်း အပြစ်မရှိဘူး။ မဲရုံမှူးတွေမှာလည်း အပြစ်မရှိဘူးပေါ။ အဓိကတော့ ဒီစာအုပ်ကို ရိုက်လိုက်တဲ့ အဲဒီ ပုံနှိ်ပ်စက်မှာပဲ အပြစ်ရှိတယ်လို့ သူက ပြောတယ်။ အဲလို သူက ပြောတယ်။ ပုံနှိပ်စက်က မှားလို့။ ဒီလို သူတို့က ပြောတယ်။ ဘယ်သူမှ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ မရှိဘူး။ တို့ဘက်ကတော့ ခံရတာ တော်တော် ကျပ်တာပေါ့။ ဒီမဲတွေက ကိုယ်ရမယ့်မဲတွေဘဲ။ ပြောရလို့ရှိရင်။ အဲဒါနဲ့ သူတို့ကို ကန့်လည်း ကန့်ကွက်တယ်။ UEC ကိုလည်း တိုင်လိုက်တယ်ပေါ့။

မေး- အမှားအယွင်း ဖြစ်သွားတဲ့ အတွက် နောက်တစ်ကြိမ် မဲပေးတာကကော မဖြစ်နိုင်ဘူးလား။
ဖြေ- အခုသူတို့ နောက်တစ်ကြိမ်လုပ်မယ်ဆိုတဲ့ အစီအစဉ်ကို ရပ်ပစ်လိုက်တယ်လို့ ကြားရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါတွေက UEC ကိုလည်း ရောက်သွားပြီ။  နှစ်ကြိမ်မဲမပေးရဘူးလို့ မနေ့က သူတို့ကို ပြောလိုက်တယ်။ ခင်ဗျားတို့ အခုလုပ်နေတာက မဲနှစ်ကြိမ်ပေးတဲ့ အဓိပ္ပါယ်ပဲလို့။ လူတစ်ယောက်က နှစ်ကြိမ် မဲပေးခွင့်ရှိလားလို့။ ဥပဒေမှာ မရှိဘူးလို့ ပြောလိုက်တယ်။ သူတို့ကတော့ ပြောတာပေါ့။ ကျနော်တို့ တစ်ယောက်တည်းဆုံးဖြတ်တာမဟုတ်ဘူး။ ဒီက ညှိနိုင်းရေး ကော်မရှင် အကုန်လုံးနဲ့ ပါတီတွေကို အကုန်လုံးခေါ်တယ်။ ငါ့ကို မခေါ်တာ ရှင်းရှင်းပြောရရင်။ အဲဒီတော့ ဒါအများနဲ့ ညှိနိုင်းဆုံးဖြတ်တာဖြစ်တယ်။ ဟုတ်တယ်။ ခင်ဗျားတို့ အများနဲ့ ညှိနိုင်းဆုံးဖြတ်တာမှန်တယ်။ ဒါပေမယ့် ဥပဒေကို ကျော်လွန်ပြီးတော့ ဆုံးဖြတ်လို့ရလား။ မဲနှစ်ကြိမ်ပေးလို့ ရလား။ ငါက အဲဒီအတိုင်း ပြောခဲ့တဲ့အခါ သူတို့ မပြောနိုင်ဘုူး။ အဲဒီတော့ ငါကန့်ကွက်တယ်။ မနေ့မနက် စာတင်ကန့်ကွက်တယ်။ ရွေးကောက်ပွဲကော်မရှင် UEC ကိုလည်း ဒါနဲ့ ပတ်သက်လို့ မှန်မှန်ကန်ကန် ဖြေရှင်းပေးပါလို့။ ဒါ UEC ကိုလည်း စာတွေအကုန် ရောက်သွားပြီ။ သူတို့ဘယ်လို ဒီဟာနဲ့ ပတ်သက်ပြီး ဖြေရှင်း ပေးလာမလဲဆိုတာ အဲဒီအဖြေတော့ မရသေးဘူး။  

(ပြီး)

ဆက်စပ် သတင်းများ