ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော်အမှတ်(၂)မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမောင်ဘစောနဲ့ တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9k

အိမ်စိုးဖြူ မေမြန်းတင်ပြသည်။
နိရဥ္စရာ၊ နိုဝင်ဘာ၂/ ၂ဝ၂ဝ

မေး- ဘယ်ပါတီ၊ ဘယ်မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါလဲ။
ဖြေ- ဦးလေးကတော့ ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကို ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီကနေ ကိုယ်စားပြုယှဉ်ပြိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

မေး- ဦးလေးအနေနဲ့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း အကြောင်းအရင်းနဲ့ ရည်ရွယ်ချက်လေးပြောပြပေးပါ။
ဖြေ-  ကျောက်ဖြူမြို့နယ်မှာ ရွေးကောက်ပွဲ ဆယ်နှစ်သက်တမ်းရှိသွားခဲ့ပြီ။ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတတ်မှုကို သတ်မှတ်တဲ့အချိန်မှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ အဆင့် ၁၃ လောက်၊ အခုဆိုရင် အဆင့် ၁၄ လောက်ရောက်သွားပြီလို့ပြောသံကြားတယ်။ အဲဒီလောက်ထိ အောက်ဆုံးကို ရောက်သွားတဲ့အချိန်မှာ ကျွန်တော်က အားမရတဲ့အတွက်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လွှတ်တော်ကိုယ်စားလှယ်အရွေးခံပြီးတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတတ်ရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်လိုတဲ့အတွက်ကြောင့် ရွေးကောက်ပွဲ ဝင်ရခြင်းဖြစ်ပါတယ်။

မေး-ရွေးကောက်ပွဲမှာ ဦးလေးအနေနဲ့ အနိုင်ရခဲ့လို့ရှိရင် ဘာတွေလုပ်ပေးသွားဖို့ရှိပါလဲ။
ဖြေ- ကျွန်တော့အနေနဲ့ ရည်မှန်းချက်ကတော့ ကျောက်ဖြူမြို့နယ်မှာ ဆည်မြောင်း၊ တာတမံတွေ အများကြီး ပျက်စီးနေတယ်။ အဲဒီဆည်မြောင်းတာတမံတွေကို စပါးအထွက်တိုးဖို့အတွက် လုံလုံခြုံခြုံဖြစ်အောင် လုပ်ဖို့ ရည်မှန်းချက်ရှိပါတယ်။ နောက်တစ်ခုကတော့ ကျောက်ဖြူမြို့မှာ ဒီရေကျချိန်ဆိုရင် ငလပွေ့ဆိပ်ကမ်းကနေ အလျားအားဖြင့် တစ်မိုင်ကျော်အထိ သောင်ပြင်ဖြစ်ပွားနေတယ်။ အနံအားဖြင့်ပေ သုံးလေးရာလောက်ရှိမယ်။ အဲဒီဟာတွေကို အနက်ပေ ခြောက်ပေခုနစ်ပေလောက်ချပြီးမြေဖို့ပြီး  ကွန်ကရစ်ကာရံပြီး အဲဒီကွန်ကရစ် ကာရံထားတဲ့ နေရာမှာ လူနေအိမ်များ ဖြစ်လာအောင် ကုန်တိုက်၊ စျေး၊ အားကစားကွင်း၊ ပန်းခြံ ပန်းမန်နဲ့ စသည်အားဖြင့် သဘာဝ လှလှပပနဲ့ မြို့ကို လှပသောမြို့။ သန့်ရှင်းသောမြို့ဖြစ်အောင်၊ မြို့ကို နိုင်ငံခြား၊ ပြည်တွင်း ပြည်ပကလည်း လာရောက်လည်ပတ်ပြီးတော့ တစ်နှစ်တစ်နှစ်ကို လူထုအနေနဲ့ အကျိုးစီးပွား ဖြစ်ထွန်းအောင် ရည်မှန်းထားပါတယ်။

မေး- ဦးလေးအနေနဲ့ မဲဆွယ်စည်းရုံးရေးနဲ့ တခြားနေရာတွေမှာအခက်အခဲတစ်စုံတရာရှိခဲ့တာများရှိလား။
ဖြေ- ရွေးကောက်ပွဲစည်းရုံးရေးအတွက်က အခက်အခဲတော့ မရှိပါဘူး။ အတိုက်အခံမရှိပါ။ သို့သော်လည်း ပြည်သူ လူထုအနေနဲ့လည်း နိုင်ငံရေးအတွေ့အကြုံ မရင့်ကျက်သေး၊ နိုင်ငံရေးအတွေ့အကြုံ နုနေတဲ့ အတွက်ကြောင့်၊ ပြည်သူလူထုဟာအမှန်မှာ အခုဟာ လူကောင်း၊ သူကောင်း ရှာဖွေဖို့ အချိန်ကျနေပြီ။ အဲဒီခါ နိုင်ငံရေးပါတီတစ်ခုကို၊ လူပုဂ္ဂိုလ်တစ်ယောက်ကို တစ်ဖြတ်သာ စမ်းသပ်ရမယ်။ တကယ်လို့ ဒီလူဟာ သာမာန် အဆင့်သာဆိုလို့ရှိခဲ့ရင် သူ့ကို ထပ်ပြီးတော့မရွေးသင့်တော့ဘူး။ ထူးထူးခြားခြားပေါ်ပေါ်လွင်လွင်နဲ့ ဥပမာ အားဖြင့် ကာယ၊ ဥာဏအားလုံးကောင်းတယ်၊ အတွေးအခေါ်လည်းကောင်းတယ် ဆိုလို့ရှိရင် နှစ်ဖြတ်လောက် ပေးသင့်တယ်။ အဲလိုမဟုတ်ပဲနဲ့ သာမာန်ရိုးကျ သာမာန်လုပ်နေတဲ့အဆင့်လောက်ကို နှစ်ဖြတ်ပေးထားပြီးပြီ။ ရခိုင်မှာလည်း ၂ဝ၁ဝ မှာ တစ်ပါတီ၊ နှစ်ပါတီလောက်ပြိုင်တယ်။ ၂ဝ၁၅ တုန်းက သုံးပါတီ ပြိုင်တယ်။ အခု၂ဝ၂ဝ မှာလေးပါတီလောက်ပြိုင်တယ်။ အဲဒီလေးပါတီထဲက အကောင်းတွေကို ရွေးထုတ်ရမယ်။ နိုင်ငံရေးထဲမှာ အများ အကျိုးလုပ်တဲ့လူတွေ၊ နောက်ပြီးတော့ နိုးနိုးကြားကြား တိတိကျကျမှန်မှန်ကန်ကန်လုပ်ဖို့လူကို ရွေးကြပါ။ အခုက ရခိုင်ပြည်နယ်မှာ တစ်ပါတီတည်းကို နှစ်ဆက်တောင်ရွေးထားတယ်ဆိုတော့ နှစ်ဆက်စလုံးမှာ သိသာမြင်သာအောင် တိုးတက်မှု မရှိရင် ရွေးကောက်ပွဲမှာ မဲထည့်တဲ့လူတွေက စိတ်ပျက်စကားပြောလာတယ်။ အမှန်က ကိုယ်ကနေပြီးလိုအပ်တာလေ။ ရွေးကောက်ပွဲဆိုတာက လုပ်တဲ့လုပ်ရင်လည်း ပြည်သူလူထုကလည်း အဲဒီဟာကို ဆုံးဖြတ်ဖို့၊ ဝေဖန်ဖို့လိုပါတယ်။ အဲဒီလို မဝေဖန်၊ မသုံးသပ်၊ မဆင်ခြင်ပဲနဲ့ ရခိုင်သား၊ ရခိုင်ပါတီကို ပေးရမယ်ဆိုလို့ရှိခဲ့ရင် အမှားနဲ့တွေ့မယ်။ အခုလည်းပဲ လူတစ်ယောက်ို နှစ်ဆက်ပေးထားတာကိုက ရခိုင်သား တွေဟာ နိုင်ငံရေးမှာ အတွေ့အကြုံနည်းတယ်လို့ ဝေဖန်သုံးသပ်လို့ရတယ်။

မေး- ဟုတ်ကဲ့ ဦးလေးရဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘယ်လိုပြောချင်ပါလဲ။
ဖြေ- ကျွန်တော့ရဲ့မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့ကို ဆန္ဒမဲပေးပြီး ထောက်ခံ ကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်ကလည်း လူထုကထောက်ခံသလို ကျွန်တော်ကိုယ်တိုင်ကလည်း ဖြစ်လာခဲ့လို့ရှိရင် ကျောက်ဖြူမြိုကနဲ့ပတ်သက်လို့ (သို့မဟုတ်)ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့ အစွမ်းကုန် တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပါမယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ အဆင့် ၁၃ အဆင့် အနှိမ့်ဆုံးထိ ရောက်နေတဲ့ရတာကို မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ အဲဒါကြောင့် ကျွန်တော့အနေနဲ့ ပထမအကြိမ် ရွေးကောက်ပွဲမှာ သက်တမ်းငါးနှစ်အတွင်း ကျွန်တော့အနေနဲ့ အဆင့် ငါးလောက်ဖြစ်အောင် ကြိုးစားမယ်။ ပြည်သူလူထုအနေနဲ့လည်း ကျွန်တော်ရဲ့ ရည်မှန်းချက်ဖြစ်လာအောင် ထောက်ခံ အားပေးကြပါလို့ ပြောချင်ပါတယ်။

မေး- တခြားဖြည့်စွပ်လို့ပြေချင်တာများရှိပါလား။
ဖြေ- ဖြည့်စွပ်လို့ပြောချင်တာကတော့ ရခိုင်ပြည်နယ်ဟာ ပထဝီအနေအထား၊ တောတောင် သဘာဝ အနေအထားနဲ့ နိုင်ငံတော်အစိုးရက ဒေသအလိုက်လုပ်ပိုင်ခွင့်ပေးမယ်ဆိုလို့ရှိခဲ့ရင် ကျွန်တော်တို့ စိတ်ဆန္ဒ ဆိုလို့ရှိရင် နှစ်ဖြတ်လောက်ဆိုလို့ရှိရင် ရွေးကောက်ပွဲနှစ်ဖြတ်ဆယ်နှစ်အတွင်းမှာ ရခိုင်ပြည်နယ်ဟာ ဖွံ့ဖြိုးပြီး အနေအထားဖြစ်အောင် ကျွန်တော်တို့အနေနဲ့လုပ်နိုင်ပါတယ်လို့ပြောချင်တယ်။


(ပြီး)
 

ဆက်စပ် သတင်းများ