စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်ဦးဆောင်ပါတီ (AFP) ရမ်းဗြဲနှင့်အမ်းမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးထွန်းဝင်းလတ်နှင့် တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ နိုဝင်ဘာ ၂ / ၂ဝ၂ဝ

မေး - အကိုက ဘယ်ပါတီကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်ကတော့ ဒေါက်တာအေးမောင် မျိုးစေ့ချခဲ့တဲ့ ရခိုင်ဦးဆောင်ပါတီ (AFP) ကနေပြီးတော့ ရမ်းဗြဲမြို့နယ်နဲ့ အမ်းမြို့နယ် မြို့နယ်နှစ်ခုပါသည့် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးထွန်းဝင်းလတ်ဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ရွေးကောက်ပွဲ ဝင်ပြိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ၂ဝ၁ဝ၊ ၂ဝ၁၅ ကာလတစ်လျှောက်ကို ကြည့်လိုက်တဲ့အခါ နိုင်ငံရေးသမားတွေဟာ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုလိုရှိရင် မိမိ၏ မိသားစုကို ကိုယ်စားပြုတယ်။ မိမိ၏ စီးပွားရေးကို ကိုယ်စားပြုတဲ့ ပွဲစားသမားတွေ ပေါ်ပေါက်လာတာကို မခံချင်တဲ့ စိတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်တယ်။ ကျနော်တို့ အမ်းမြို့နယ်မှာ လက်ရှိဆိုလို့ရှိရင် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်။ အဲဒါတွေကို ကာကွယ်ပေးချင်တဲ့ ဆန္ဒနဲ့ ရခိုင်ပြည်သူတွေ အတွက်ပဲဖြစ်ဖြစ် ကိုယ့်ဒေသ အတွက်ပဲဖြစ်ဖြစ် လုပ်ပေးချင်လို့ သန့်ရှင်းတဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

မေး - အကိုအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါသလဲ။
ဖြေ - ကျနော်တို့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရခိုင်လူမျိုးနဲ့ ရခိုင်မျိုးနွယ်စုတွေရဲ့ အသက်အန္တရာယ်တွေ၊ နောက်ဘယ်ကိစ္စတွေမဆို ပတ်သက်လာလို့ရှိရင် လုံခြုံမှုရှိအောင်၊ အထူးသဖြင့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အခြေခံအချက်ဖြစ်တဲ့ လူ့အခွင့်အရေးဖြစ်တယ်။  လူတိုင်းဟာ အသက်ရှင်နေထိုင်ခွင့်၊ လုံခြုံစိတ်ချစွာ နေထိုင်ခွင့်ဆိုတဲ့ အစိတ်အပိုင်းတွေကိုလုပ်ဆောင်သွားမယ်လို့တော့ ကျနော်က ရည်ရွယ် ထားပါတယ်။

မေး - မဲဆန္ဒရှင်ပြည်သူတွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - မဲဆန္ဒရှင်ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့အခါ ၂ဝ၁ဝ၊ ၂ဝ၁၅ ကလိုမျိုး အတ္တကို ဗဟိုပြုပြီး စီးပွားရေးလုပ်တဲ့ ပွဲစားနိုင်ငံရေးသမားတွေကို မရွေးချယ်ဘဲ၊ ပါတီပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်မဆို မကောင်းတဲ့လူကိုပယ်ပြီး ကောင်းတဲ့လူကိုရွေးချယ်ပါ။ ဒါကြောင့် ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်မဆို အမှန်တကယ် အမျိုးသားရေးကို ချစ်မြတ်နိုးတဲ့ သူတွေကို ရွေးချယ နိုင်ကြပါစေလို့တော့ ကျနော်ပြောချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ