သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဂွမြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)မှ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းအေးကျော်နဲ့ တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 835

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂ /၂ဝ၂ဝ

မေး- ဘယ်ပါတီကနေကိုယ်စားပြုပြီး ဘယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါလဲ။
ဖြေ- ဦးလေးကတော့ ရခိုင်အမျိုးသားပါတီ ဂွမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ  ဝင်ရောက် ယှဉ်ပြိုင်သွားမယ့် ဦးထွန်းအေးကျော်ပါ။ အငြိမ်းစား အထက်တန်း ကျောင်းအုပ်ဆရာကြီး တစ်ဦးဖြစ်ပါတယ်။

မေး- ဦးလေးရဲ့ ရွေးကောက်ပွဲဝင်ရောက်ရတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရင်းလေး ပြောပြပေးပါ။
ဖြေ- အကြောင်းအရင်းကတော့ ကိုယ်နေတဲ့ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်ကို အရမ်းတိုးတက်စေချင်တယ်။ ဂွမြို့နယ်မှာလည်း အနေကြာလာတော့ ဂွမြို့နယ်က လူတွေလည်း မိသားစုတစ်ခုလို ဖြစ်လာတယ်။ အဓိကတော့ ဒီဒေသကို အရမ်းတိုးတက်စေချင်တယ်။ ကိုယ်တတ်နိုင်သလောက် ပေးဆပ်ချင်တယ်။ ရခိုင်ပြည်နယ်ဆိုလို့ရှိရင် တိုင်းနဲ့ပြည်နယ်ထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခုလည်း ဖြစ်နေတယ်။ အဲဒါကြောင့် ကိုယ်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ အခါ အကောင်းဆုံးလုပ်ပေးနိုင်ဖို့ ရည်ရွယ်ချက် ရှိပါတယ်။ ရည်ရွယ်ချက်တွေမှာ ဘာတွေပါလဲဆိုရင် မြန်မာနိုင်ငံဆိုတာ စိုက်ပျိုးမွေးမြူရေး နိုင်ငံဖြစ်တယ်။ ဒါပေမယ့် စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ သက်မွေးဝမ်းကျောင်းပညာတွေက ဘာတစ်ခုမှ မရှိတဲ့အတွက် လူငယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းမရရှိဖြစ်နေကြတယ်။ ဒါတွေကို လုပ်ပေးချင်တယ်။ နောက်ပြီး ကိုယ်က ပညာရေးဝန်ထမ်းကနေ အငြိမ်းစားယူခဲ့တယ်။ ဒီပညာရေးလောကထဲက အခြေအနေ တွေကို သိတယ်။ ဆရာဆရာမတွေရဲ့ အခြေအနေမှန်တွေကို သိတယ်။ သူတို့တွေရဲ့ ဘဝတွေ မြင့်မားရေးကို အတတ်နိုင်ဆုံး လွှတ်တော်ထဲကနေ တဆင့် ကြိုးစားချင်တယ်။ ပညာရေးလောကတိုးတက်ဖို့ ကြိုးစားဆောင်ရွက်ချင်တယ်။ နောက်တစ်ခုက အိမ်တွင်း စက်မှု၊လက်မှု၊ အသေးစားတွေကနေပြီးတော့ ကုန်ထုတ်စွမ်းအားတွေ တိုးမြှင့်သွားနိုင်ဖို့လည်း ရည်ရွယ်တယ်။

မေး- လက်ရှိမှာ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှု တစ်စုံတစ်ရာကြုံတွေ့ရတာတွေရှိပါလား။
ဖြေ- စိန်ခေါ်မှုလို့ပဲ ပြောရမလားမသိဘူး။ ကိုယ်ရဲ့ ဇနီးကလည်း အထက်ကျောင်းအုပ်ဆရာမကြီး အငြိမ်းစား။ သူရဲ့ ဘိုးဘွားပိုင်မြေက အစိုးရဆီကနေ ဂရန်ကျပြီးသားမြေ။ ဒါကို ကိုယ်က ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ်လုပ်တော့ ပြည်နယ်အစိုးရက ဒီဂရန်မြေကို ပြန်လည် သိမ်းဆည်းခြင်းကို ခံခဲ့ရတယ်။ ဒါပထမဆုံး ကြုံတွေ့ရတဲ့ စိန်ခေါ်မှုပါပဲ။ ကျန်တာတွေကတော့ သိပ်မရှိပါဘူး။

မေး- ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ဘာတွေလုပ်ဆောင်သွားဖို့ရှိပါမလဲ။
ဖြေ- လုပ်ဆောင်သွားမှာကတော့ ခုနကပြောခဲ့တဲ့ အချက်တွေလေ။ စိုက်ပျိုးမွေးမြူရေးကျောင်းတွေ ဖန်တီးဖို့၊ နောက်တစ်ခုက လယ်သမားတွေဟာ လက်ရှိအခြေအနေမှာ လယ်အလုပ်ကို လုပ်ကိုင်သူတွေ နည်းပါး လာနေတယ်။ ဘာလို့နည်းပါးလဲဆိုရင် လုပ်ငန်းကုန်ကျစရိတ်နဲ့ ရငွေအပေါ်မှာ ကွာခြားမှုရှိနေလို့ လယ်တွေ မလုပ်နိုင်ဖြစ်နေကြရတယ်။ ဒီဂွမြို့နယ်မှာဆိုရင် ဒေသခံတွေ မိဘဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာတဲ့  ပင်လယ်ကမ်း ခြေတစ်လျှောက်ရှိ ဥယာဉ်ခြံမြေတွေ၊ လယ်ယာမြေတွေ အများအပြားက ဒေသခံတွေရဲ့ လက်ထဲမှာ မရှိတော့ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်ကမှန်း မသိတဲ့ ချမ်းသာတဲ့ သူတွေရဲ့ လက်ထဲကို ရောက်သွားပြီ။ နောက်ဆို ဒေသခံတွေက အခြေအနေ ဒီထက်ပိုဆိုးမယ်။ ကိုယ်က ရွာသားတွေ၊ ဒေသခံတွေနဲ့ ပြောမနာဆိုမနာ မိသားစုတွေ ဖြစ်နေတော့ ဒါတွေကို သိနေတယ်။ ဒါတွေကို ကာကွယ်ဖို့ အာဏာသာ အဆက်ဆက် ရသွားကြတယ်။ ဘယ်သူမှ ကြိုးစားတာ မတွေ့ရဘူး။  အဲဒါတွေကိုလည်း အဖြေ ရှာဖွေ လုပ်ဆောင်သွားမယ်။ လယ်သမားတွေ လယ်ယာပိုင်ဆိုင်ရေး ဒါတွေကို လက်ရှိတည်ဆဲ ဥပဒေတွေနဲ့ အညီ လွှတ်တော်ထဲကနေ ကြိုးစားဆောင်ရွက်ချင်တယ်။

မေး-  ဦးလေးရဲ့မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်ပါလဲ။
ဖြေ- မဲဆန္ဒရှင်တွေကိုပြောချင်တာက။ ယုံယုံကြည်ကြည်နဲ့ မဲပေးပါ။ အတတ်နိုင်ဆုံး ဂွမဲဆန္ဒရှင် ပြည်သူတွေ အတွက် ကိုယ်ကျိုး မဖက်ပဲ ဆောင်ရွက်မယ့် ကိုယ်စားလှယ်လောင်းတွေကို မဲပေးပါ။ ရခိုင်ပြည်နယ်အတွင်း တစ်နေရာနဲ့ တစ်နေရာ နေရာဒေသ အလိုက် လိုအပ်ချက်တွေရှိမယ်။ ကွာခြားမှုတွေရှိမယ်။ ဒါပေမယ့် အားလုံး ရခိုင်တိုင်းရင်းသားတွေ ဖြစ်ကြတယ်။ “ အမျိုးချစ် သွီးကိုစစ်၊ ရခိုင်ပီပီ တာဝန်ကျီ” ဆိုသလို ကိုယ်ပြည်နယ် အတွက် နိုင်တဲ့ဘက်က တာဝန်ယူပြီး လုပ်ပေးချင်တယ်။ ဂွဆိုလို့ရှိရင် ရေထွက်သယံဇာတလည်း ပေါများတယ်။ သစ်တော သယံဇာတလည်း ပေါများတယ်။ ရေထွက် လုပ်ငန်းနဲ့ဆိုင်တဲ့ လုပ်ငန်းတွေလည်း အများကြီး။ နောက်ပြီးတော့ သစ်တော သယံဇာတနဲ့ ဆိုင်တဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေ အများကြီးရှိတယ်။ ဒါတွေကို အားလုံး ကိုယ်တို့ ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်မှ ရနိုင်မယ်။  

မေး- နောက်ထပ်ဖြည့်စွက်ပြောချင်တာများရှိပါလား။
ဖြေ- ပြောချင်တာနောက်တစ်ခုက တစ်ခြားတိုင်းရင်းသားဒေသတွေမှာ ကိုယ်ပြည်နယ် အခြေစိုက် တိုင်းရင်းသား ပါတီတွေကို မဲပေးဖို့ ပြင်ဆင်နေကြပြီ။ တိုင်းရင်းသားပါတီတွေ အနိုင်ရမှ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ်အနေနဲ့ လွှမ်းမိုးနိုင်မယ်။ ဒါမှ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ တိုင်းရင်းသားတွေရဲ့ အသံ ပိုထွက်လာမယ်။ တိုင်းရင်းသား အခွင့်အရေးအတွက် တောင်းဆိုဖို့ လွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ် တွေ များများရောက်ဖို့လိုတယ်။ ကိုယ့်တိုင်းရင်းသားတွေထက် ကိုယ့်ပြည်နယ်ကို ဘယ်သူမှ ပိုမချစ်နိုင်ဘူး။ ဒါကြောင့် တိုင်းရင်းသားအရေးကို တကယ်တောင်းဆိုမယ့် ကိုယ့်တိုင်းရင်းသားပါတီကို မဲပေးဖို့လိုတယ်။ တစ်ခြားပြည်နယ်တွေမှာ ညီညီညွတ်ညွတ်နဲ့ ဒေသ အခြေစိုက် ကိုယ့်တိုင်းရင်းသားပါတီတွေကို မဲပေးကြမှာ ဖြစ်တဲ့ အတွက် ရခိုင်မှာလည်း ရခိုင်အမျိုးသားပါတီ (ANP) ကိုသာ မဲပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ