ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးမျိုးဆွေနဲ့ တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8k

ဆောင်းဇာခြည်မေးမြန်းသည်။
နိဂဥ္စရာ၊ နိုဝင်ဘာ၃/၂ဝ၂ဝ


မေး - ပထမဆုံးအနေနဲ့ ဦးမျိုးဆွေရဲ့ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမလဲဆိုတာကို သိလိုပါတယ်။
ဖြေ - ကျွန်တော်က ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ပါ။ အမှတ် (၁၂) ဆိုတာက အခု တောင်ကုတ်မြို့နယ်တစ်မြို့တည်းကိုပါ။ အဲဒီကနေ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ကို ကိုယ်စားပြု  ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရတာပါလဲ။
ဖြေ - အဓိကကတော့ ကျွန်တော်တို့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ALD အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ကိစ္စဖြစ်တယ်။ အဲဒီရည်ရွယ်ချက်ကလည်း ၂ဝ၂ဝ အတွင်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာမယ့် အစိုးရဟာ တိုင်းရင်းသားပါတီတွေပါတဲ့ အဲလိုမျိုး အစိုးရမျိုးဖြစ်ပေါ်လာဖို့ ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်တယ်။ အဲဒီအတွက် ပြည်နယ်တွေမှာ အနိုင်ရဖို့ လိုတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီလို ပါဝင်ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ကိုယ့်ရဲ့ မဲဆန္ဒနယ် ပြည်သူတွေကို ဘာတွေ လုပ်ပေးသွားမလဲ။
ဖြေ - ကျွန်တော်တို့ကတော့ အဓိက ပြည်ထောင်စုကို သွားမယ့်လူတွေ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ပါတီက မူဝါဒဖြစ်တဲ့ အဓိက ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့အတွက် ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို အဲဒီနေရာတွေကို သွားဖို့အတွက် ကျွန်တော်တို့ တိုက်ပွဲဝင်သွားမယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဖို့အတွက် တိုက်ပွဲဝင်သွားမယ်။ ဒါက ပြည်ထောင်စုပိုင်းမှာ လုပ်မယ့်အပိုင်းပေါ့နော်။ ကိုယ့်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပါတီအနေနဲ့လည်း စီးပွားရေးမူဝါဒတွေ ချမှတ်ထားလို့ ရှိတယ်။ ကျွန်တော်တို့ကတော့ ဒါကတော့ ပြည်နယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်နယ်ပိုင်း ဆိုင်ရာက လုပ်သွားမယ့်လူတွေက လုပ်သွားမယ်။ ကျွန်တော်တို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တကယ်လို့ ဖြစ်လာခဲ့လို့ရှိရင် ရခိုင်ပြည်တစ်ပြည်လုံးနဲ့ပတ်သက်ပြီးတော့ စီးပွားရေးမူဝါဒတွေ ပြောင်းလဲဖို့ အတွက်တော့ ကျွန်တော်တို့ လုပ်သွားမယ်။ ဒါလည်း ကိုယ့်မဲဆန္ဒနယ်ကို သက်ရောက်မှုရှိမယ်လို့ ထင်တယ် ပေါ့နော်။ ကိုယ့်မဲဆန္ဒနယ်အတွက်ဆိုတာဟာ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံးအတွက်ကိုပဲ ကျွန်တော်တို့က လုပ်သွားဖို့ စဉ်းစားထားတာ ရှိပါတယ်။

မေး - မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါလဲ။
ဖြေ - အခက်ခဲကတော့ အရင်ကလို လူအများကြီး မပြောရဘူး။ လူအများကြီးနဲ့ မပြောရတော့ အခု တစ်ရက်မှာ လေး/ငါးဝိုင်းလောက် ပြောပေမယ့်လည်း Public ထဲကို တကယ့်ကို မရောက်ဘူး။ တစ်ရက်ကို လေး/ငါးဆယ်၊ လေး/ငါးဆယ်ဆိုတော့ တောင်ကုတ်မြို့ကို လေးရပ်ကွက်ပဲ အခု ယှဉ်ပြိုင်ရမှာတောင် လူလေး/ငါးဆယ်နဲ့ ပြောနေရတော့ တချို့ လူတွေက ဖေ့စ်ဘုတ်လည်း မသုံးဘူး။ ဟောပြောပွဲလည်း လာနားမထောင်ဘူးဆိုတော့ အဲဒီလူတွေက ဘယ်ပါတီကို မဲထည့်ရမယ်မှန်းလည်း မသိဘူး။ ရခိုင်ပါတီ ဘယ်နှစ်ခုရှိမှန်းတောင် မသိကြဘူး။ ဒါတွေက အစ လူထုထဲကို ပျံ့နှံ့နိုင်ဖို့အတွက် ကျွန်တော်တို့ နည်းပေါင်းစုံနဲ့တော့ လုပ်တယ်။ သို့သော်လည်း မရောက်နိုင်တဲ့ အခြေနေတွေ ရှိတယ်ပေါ့နော်။

မေး - နောက်ဆုံးအနေနဲ့ ကိုယ့်ရဲ့ မဲဆန္ဒရှင် ပြည်သူတွေကို ဘာတွေ ပြောချင်လဲ။
ဖြေ - အဓိကတော့ ကျွန်တော်တို့ ALD က မှန်းထားတာကတော့ ရခိုင်နိုင်ငံရေးကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ဖို့အတွက် ရည်မှန်းထားတယ်။ ကိုယ်ကိုယ်တိုင်ကလည်း သန့်ရှင်းတဲ့ နိုင်ငံရေးသမား တစ်ယောက် ဖြစ်အောင် လုပ်မယ်လို့လည်း စဉ်းစားထားတယ်။ အဲဒါကတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှာပါတဲ့ ကိုယ်စားလှယ်တွေ အားလုံးဟာ နိုင်ငံရေးအာဏာနဲ့ ကိုယ်ကျိုးစီးပွားမလုပ်ရဘူးလို့ စည်းကမ်း သတ်မှတ် ထားတဲ့အတိုင်းပဲ လိုက်နာပြီးတော့ လုပ်သွားမယ်။ နောက်တစ်ခုက ပြည်နယ်ရဲ့ အဓိက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ကျွန်တော်တို့ အသေအချာ အစီအမံတွေ စဉ်းစားထားတယ်။ ဒီဟာက တောင်ကုတ်မြို့နယ်အတွက်လည်း အကျိုးသက်ရောက်မှုရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ