ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ANP နဲ့ NLD တွေ့ဆုံရေး ဘယ်လိုအခြေအနေရှိနေပါသလဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ANP ပါတီက တကယ်တောင်းမှာလား
(ANP ဥက္ကဋ္ဌ ဦးသာထွန်းလှနဲ့ မေးမြန်းခန်း)

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/၂ဝ၂ဝ (အင်တာဗျူး)
ရခိုင်ပြည်နယ်မှ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) နဲ့ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နောက်ဆုံး အခြေအနေဘယ်လိုရှိနေတယ်ဆိုတာ သိရှိနိုင်အောင် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှကို မေးမြန်းတင်ပြပေးလိုက်ပါတယ်။

မေး- ဥက္ကဋ္ဌခင်ဗျား။ NLD နဲ့ တွေ့မယ့် တိုင်းရင်းသားပါတီတွေအထဲမှာ ANP လည်း တွေ့မယ်ဆိုပြီးတော့ သိရပါတယ်။ အဲတာ ဘယ်တော့လောက် တွေ့ဖြစ်မှာပါလဲ ခင်ဗျာ။
ဦးသာထွန်းလှ- ကျနော်တို့ကိုတော့ လောလောဆယ် တရားဝင်တွေ့ဆုံဖို့အတွက် တရားဝင်ကမ်းလှမ်းတာ ဘာမှ မရှိသေးပါဘူး။ ရွေးကောက်ပွဲအလွန် နိုဝင်ဘာ ၁၁ ရက်နေ့က အွန်လိုင်းပေါ်မှာတင်ခဲ့တဲ့ NLD ပါတီက တိုင်းရင်းသားပါတီတွေကို ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းတယ် ဆိုတဲ့ အဲဒီ စာတစ်စောင်တော့ ကျနော်တို့ဆီကို ပါတီကိုရောက်တာရှိခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့ အဲဒီစာကို လက်ခံရရှိတဲ့အကြောင်း ကျနော်တို့ NLD ကို တရားဝင် စာပြန်ထားတာရှိပါတယ်။ အဲလို အခြေအနေမျိုးပဲ ရှိပါသေးတယ်။

မေး-  NLD က တိုင်းရင်းသားပါတီတွေနဲ့ ရှေ့လဆန်းပိုင်းလောက်မှာ တွေ့မယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအထဲမှာရော တွေ့မယ့် အစီအစဉ် ရှိပါလား။
ဖြေ- ကျနော်တို့ကတော့အခု NLD (CEC) အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာအောင်မိုးညိုပါဝင်တဲ့ ပုဂ္ဂိုလ် ၃ ဦးကို တာဝန်ပေးထားတယ်လို့ ကျနော်တို့ အဲဒီ သတင်းမီဒီယာတွေက တဆင့် ကျနော်တို့ သိထား ရပါတယ်။ ကျနော်တို့ ပါတီအနေနဲ့တော့ အဲလို တွေ့ဆုံဆွေးနွေးဖို့အတွက် အဆင့်ဆင့် ဖန်တီးတာကို ကြိုဆိုတဲ့ သဘောထားနဲ့ ကျနော်တို့ အဲလိုပြောထားတာရှိတဲ့အတွက်ကြောင့် အဲလို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်း လာရင်တော့ ကျနော်တို့ပါတီအနေနဲ့ လက်ခံတွေ့ဆုံမယ်ဆိုတဲ့သဘောထားတော့ ကျနော်တို့ အဲဒီလို အတည်ပြုပေးနိုင်ပါတယ်။

မေး- ဟုတ်ကဲ့။ အဲဒီတော့ တကယ်လို့ NLD နဲ့တွေ့တယ်ဆိုရင် ဥက္ကဋ္ဌတို့ဘက်က ဘယ်လိုဟာတွေကို အဓိကထားပြီးတော့ ဆွေးနွေးမယ်ဆိုတဲ့ အစီစဉ်မျိုးရော၊ ဆုံးဖြတ်ထားတာမျိုးရော ရှိပါသလား။
ဖြေ- ကျနော်တို့ ဟို ရှေ့ကရောက်ခဲ့တဲ့ စာတစ်စောင်ဟာဆိုရင် ဒီတိုင်းရင်းသားတွေရဲ့ဆန္ဒကို အလေးထားမယ် ဆိုတဲ့ သဘောထားပါတာရှိတဲ့အတွက်ကြောင့် ကျနော်တို့ အဲဒီအပေါ်မှာလည်း ကျနော်တို့ ကြိုဆိုတဲ့အကြောင်း ကျနော်တို့ အဲဒီလို အကြောင်းထားတာရှိပါတယ်။ ဒါပေမဲ့ အခုတော့ လောလောဆယ် ကျနော်တို့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ဒီကော်မတီက တွေ့ဆုံဆွေးနွေးမယ့် ပုံစံရယ်၊ အခင်းအကျင်းကျတော့ ကျနော်တို့က သတင်းမီဒီယာကတဆင့် သိရတဲ့အခြေအနေရှိနေတဲ့အတွက် အဲဒီလိုအခြေအနေပဲ ရှိတဲ့ အတွက်ကြောင့် ကျနော်တို့က အဲဒီ NLD ပြောရေးဆိုခွင့်ရှိသူတွေရဲ့ သတင်းမီဒီယာပေါ်မှာ ပြောကြားချက်တွေကို ကျနော်တို့ လေ့လာသုံးသပ်နေတဲ့အခြေအနေပဲ ရှိနေပါသေးတယ်။ ကျနော်တို့ တိတိကျကျ၊ ကျနော်တို့ဆီကို ဘာအကြောင်းအရာတွေကို ဆွေးနွေးမယ်ဆိုတာကိုလည်း ကျနော်တို့ တိတိကျကျ၊ ဒီနေ့အချိန်ထိ သိရတဲ့အခြေအနေမရှိသေးပါဘူး။ သတင်းမီဒီယာ ပြောကြားတဲ့အခြေအနေကိုပဲ ကျနော်တို့ သိရတဲ့အခြေအနေပဲရှိပါသေးတယ်။

မေး- နောက်တစ်ခုနေပြီးတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ပတ်သက်ပြီးတော့ ANP ဘက်ကရော ဘယ်လိုသဘောထားရှိပါသလဲ ခင်ဗျာ။ သူတို့နဲ့တွေ့ရင် ဘယ်လို အဲဒီသဘောထားလေး သိချင်ပါတယ်။
ဖြေ- ကျနော်တို့ကတော့ လောလောဆယ်မှာ ကျနော်တို့ကတော့ အဲဒီလိုဆိုရင် ကျနော်တို့က ရွေးကောက်ပွဲ အခင်းအကျင်းကိုလည်း ကျနော်တို့ ပြန်သုံးသပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲက မဲဆန္ဒနယ်မြေနဲ့တွက်မယ်ဆိုရင် ၆မြို့နဲ့ ၂ခြမ်းပဲလုပ်ခဲ့တဲ့ အခြေအနေရှိပါတယ်။ မဲဆန္ဒနယ်မြေက ကျရင် ၄ဝ% လောက်ပဲ လုပ်ခဲ့တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူတွေ မဲပေးတဲ့ အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင်လည်း ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင် ၁၆သိန်းကျော်မှာ ၄သိန်း နီးပါးလောက်ပဲ မဲပေးနိုင်ခဲ့တဲ့ အခြေအနေရှိတဲ့အတွက်ကြောင့် ၂၅% ပတ်ဝန်းကျင်လောက်ပဲ မဲပေးနိုင်တဲ့ အခင်းအကျင်း အခြေအနေပဲ ရှိခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ ဒီနေ့အချိန်ထိ ရခိုင့်တပ်တော် AAကလည်း ထုတ်ပြန်ကြေညာတယ်။ မြန်မာ့တပ်မတော်ကလည်း ထုတ်ပြန်ကြေညာတယ်။ ကျနော်တို့ ပါတီကလည်း အဲဒီထုတ်ပြန် ကြေညာချက် အပေါ်မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေကို ပြန်လည် ကျင်းပဖို့အတွက် ပါတီကလည်း အဲဒီအပေါ်မှာ သဘောတူတဲ့အကြောင်း၊ ကြိုဆိုတဲ့အကြောင်း ကျနော်တို့ ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၅၊ ရခိုင်ပြည်နယ်နေ့မှာလည်း နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့အတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းတဲ့ဥစ္စာကိုလည်း တွေ့တဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရခိုင်ပြည်သူ အများစုကို ကိုယ်စားပြုတဲ့ရွေးကောက်ပွဲ အခင်းအကျင်းဖြစ်အောင် အတွက် အရင်ဖန်တီးပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒီလိုမှ ကျနော်တို့ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ကိုက်ညီတဲ့ လွှတ်တော်တစ်ရပ် ပေါ်လာတဲ့ အခါမှ အဲဒီလွှတ်တော်ကို ကိုယ်စားပြုတဲ့ အစိုးရ အဖွဲ့ကလည်း ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။

မေး- ဝန်ကြီးချုပ်နေရာကို ANP ပါတီက တောင်းမယ်ဆိုပြီးတော့ သတင်းတွေ ထွက်နေပါတယ်။ အဲဒါကရော တကယ် တောင်းမှာပါလား။
ဖြေ- အဲဒါကတော့ ကျနော်တို့လည်း သတင်းမီဒီယာက တစ်ဆင့် ကျနော်တို့ ANP ပါတီက မူဝါဒရေးရာ ဦးဆောင်ကော်မတီ အဖွဲ့ဝင်တစ်ယောက်က မိမိဆန္ဒသဘောထားကို သတင်းမီဒီယာကို ဖြေကြား လိုက်တယ်လို့ အဲဒီလိုပဲ ကျနော်တို့ ယူဆပါတယ်။ အဲဒီ ပုဂ္ဂိုလ်ရဲ့ သဘောဆန္ဒတွေကို သတင်းမီဒီယာက လှမ်းမေးလို့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ သဘောဆန္ဒအတိုင်းဖြေလိုက်တယ်လို့ ကျနော်တို့ အဲဒီလို သုံးသပ်ပါတယ်။

မေး- ဟုတ်ကဲ့။ ဥက္ကဋ္ဌ ခင်ဗျား။ အခုက ဒီရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ပထမတစ်ခေါက်ကလည်း USDP ကရသွားတယ်။ တစ်ခါ NLD ကလည်း ရသွားတယ်။ ပြီးရင် ဒီပြည်နယ်မှာက အနိုင်ရရှိတာက ရခိုင်အမျိုးသားပါတီတွေပဲ အနိုင်ရရှိနေတာဆိုတော့ ဒီတစ်ကြိမ်မှာ ဒီဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲဆိုတာ ဥက္ကဋ္ဌတို့ အမြင်လေးကိုလည်း သိချင်ပါတယ်။
ဖြေ- အမှန်က ဝန်ကြီးချုပ်ဆိုတာက ရခိုင်ပြည်နယ်လွှတ်တော်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့ အရေးကြီး ပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ရခိုင်ပြည်သူ အများစုကို ကိုယ်စားပြုတဲ့ လွှတ်တော် အခင်းအကျင်းဖြစ်ဖို့ အရေးကြီးသလို၊ ဝန်ကြီးချုပ်ကလည်း ရခိုင်ပြည်နယ်လွှတ်တော်ကို တာဝန်ခံတဲ့၊ တာဝန်ယူတဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ဟာ လွှတ်တော် အင်္ဂါရပ်နဲ့ပြည့်စုံတဲ့၊ ပြည်သူအများစုကို ကိုယ်စားပြုတဲ့ လွှတ်တော်အခင်းအကျင်းဖြစ်အောင် ဖန်တီးပြီး ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်အများစုက သဘောတူတဲ့လွှတ်တော်ကိုယ်စားလှယ်က ဝန်ကြီးချုပ် ဖြစ်လာဖို့ အရေးကြီးတယ်လို့ ကျနော် အဲဒီလိုမြင်ပါတယ်။

မေး-  ဟုတ်ကဲ့ ဥက္ကဋ္ဌ။ ကျေးဇူးတင်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးရော ဖြည့်စွက်ပြီးတော့ ဘာများ ပြောစရာရှိပါသလဲ။ တွေ့ဆုံဆွေးနွေးပွဲတို့၊ ဝန်ကြီးချုပ်တို့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဥက္ကဋ္ဌတို့ဘက်က ဘာများ နောက်ထပ်ဖြည့်စွက်ပြီးတော့ ပြောစရာများရှိပါလဲ။
ဖြေ- ဟုတ်ကဲ့။ ကျနော်တို့က ဒီလက်ရှိ အနိုင်ရပါတီ NLD ပါတီက ဒီတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အခင်းအကျင်းဖန်တီးတာကိုတော့ ကျနော်တို့အနေနဲ့ပြောရမယ်ဆိုရင် ဒါကိုတော့ ကျနော်တို့ ကြိုဆိုတယ်လို့ ပြောလို့ရမယ်။ ဘာဖြစ်လို့လဲရင် NLD ပါတီကလည်း ၂ဝ၁၅ရွေးကောက်ပွဲ အလွန်တုန်းကလည်း တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှုလုံးဝမရှိခဲ့တဲ့ အခြေအနေမျိုး ရှိတဲ့ အတွက်ကြောင့် အခုအချိန်မှာ ၂ဝ၂ဝရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတဲ့ အယူအဆမျိုး ပေါ်ပေါက်လာနိုင်တယ်လို့ ကျနော်တို့ အဲလိုမျိုး ယူဆတယ်။ အဲတာကြောင့် အခုလို ကော်မတီဖွဲ့ပြီး တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် အခင်းအကျင်း ဖန်တီးတဲ့ အခင်းအကျင်းကိုတော့ ကျနော်တို့ ကြိုဆိုတယ်လို့ ကျနော်တို့ အဲလို ပြောချင်ပါတယ်။

မေး- ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
ဖြေ-  ကျေးဇူးတင်ပါတယ်။

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး