Preview

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်မှရုပ်သိမ်းလိုက်ခြင်းအပေါ် ကြိုဆိုကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခဆို

မတ် ၁၁/ ၂၀၂၁ | ကြည့်ရှုသူ :6144
အင်တာဗျူး

နိရဉ္စရာ၊ မတ်လ ၁၁/၂၀၂၁

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှယနေ့ မတ်လ ၁၁ ရက်နေ့စွဲဖြင့် ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်းမှ ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။၎င်းရုပ်သိမ်းချက် ထွက်ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို ရက္ခိုင့်တပ်တော် (AA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို နိရဉ္စရာသတင်းဌာနမှ မဆောင်းဇာခြည်နှင့် ထွန်းခိုင် (တောင်ရင်းကျွန်း)တို့က  ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်။ မေးမြန်းထားခြင်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

မေး - အကြမ်းဖက်အဖွဲ့အစည်းကနေ ပယ်ဖျက်လိုက်တဲ့အတွက်ဘာတွေ ပြောချင်လဲ။

ဖြေ - ဒီနေ့ မြန်မာစစ်တပ်ဘက်က ထုတ်ပြန်တဲ့ထုတ်ပြန်ချက်က အပြုသဘောဆောင်တဲ့ ထုတ်ပြန်ကြေငြာချက်တစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်ကတော့ကြိုဆိုပါတယ်။ ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံအခြေနေမှာ ဒီကြေငြာချက်က တစ်ပြည်လုံးပြဿနာတွေကိုမဖြေရှင်းနိုင်ပေမယ့်လည်း ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက်လမ်းစတစ်ခုဖြစ်လာနိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က ဒီကြေငြာချက်ကို ကြိုဆိုတယ်။

 

မေး - လက်ရှိမှာ ငြိမ်းချမ်းရေးနှင့်ပတ်သက်လို့တပ်မတော်နဲ့ ဘာတွေဆွေးနွေးနေကြတာ ရှိပါလဲ။

ဖြေ - တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီးတော့အဓိက အတားအဆီးဖြစ်နေတဲ့ ဒီအကြမ်းဖက်ဆိုပြီး ကြေငြာထားတယ်ဆိုတာကို မြန်မာစစ်တပ်ဘက်ကရုတ်သိမ်းပေးလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အနာဂတ်မှာ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကတော့လမ်းပွင့်သွားနိုင်တယ်လို့ သုံးသပ်လို့ရတယ်ပေါ့။ ဆိုလိုတာကတော့ တွေ့ဆုံဆွေးနွေးရေးမှာအဓိကအတားအဆီးဖြစ်နေတဲ့ ကိစ္စတစ်ခုကို မြန်မာစစ်တပ်ဘက် ဖယ်ရှားပေးတဲ့အတွက်ကြောင့် ကျန်တဲ့ရှေ့ဆက် ဆွေးနွေး၇မယ့်ကိစ္စတွေမှာ ပိုပြီးတော့ အပြုသဘောဆောင်အနေအထားတွေ ဖြစ်လာနိုင်ပါတယ်။

 

မေး - နောက်တစ်ခုက စစ်ဘေးရှောင်တွေနေရပ်ပြန်မယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ တပ်မတော်နဲ့ ဘာတွေဆွေးနွေးနေကြတာရှိပါသလဲ။

ဖြေ - အခုက ဒီဆယ်စုနှစ်တစ်ခုအတွင်းမှာရခိုင်ဒေသဟာ လူမှုရေး၊ ဘာသာရေး အဓိကရုဏ်းတွေ၊ နောက်စီးပွားရေးကျတာတွေ၊ သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ရတာတွေ၊ပြည်တွင်းစစ်ပွဲတွေ၊ နောက်ပြီး ၇ခိုင်က မြို့/ရွာတွေမှာ ညမထွက်ရအမိန့်တွေ ထုတ်ထားတဲ့အတွက်ကြောင့်ပြည်သူ လူထုတွေဟာ အကြီးအကျယ်မွန်းကျပ်ပြီး အခက်အခဲဒုက္ခတွေ ရောက်ခဲ့ကြတယ်။ ဆိုတော့အခုတိုက်ပွဲရပ်ထားတဲ့ ကာလတစ်ခုမှာ တည်တည်ငြိမ်ငြိမ်အနေအထားတစ်ခုကို ပြန်ပြီးရောက်နိုင်ဖို့အရေးကြီးတယ်။ ဆိုတော့ နောက်တစ်ခုက ပြည်တွင်းစစ် ၂ နှစ်ကျော် အပြင်းအထန်ဖြစ်တဲ့ ကာလအတွင်းမှာအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ အဖမ်းခံထားရတဲ့ လူတွေကိစ္စ၊ နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူလူထုတွေရဲ့ ကိစ္စ။ အဲလိုနစ်နာတဲ့လူတွေရဲ့ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ လမ်းစတစ်ခုပေါ်လာတယ်လို့ ပြောလို့ ရတယ်ပေါ့။ အဲဒါကြောင့်အဲဒီကိစ္စတွေအားလုံးကို ကျွန်တော်တို့က ရှေ့ဆက်ပြီး နှစ်ဦးနှစ်ဖက် ညှိပြီးတော့ ဘယ်လိုအကောင်းဆုံးလုပ်ရင်ရမလဲဆိုတာကိုဆက်ပြီးတော့ ကျွန်တော်တို့ ညှိနှိုင်း သွားဖို့တော့ ရှိတယ်။

 

မေး - ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးမင်းသန်းကလည်း တောတောင်တွေမှာ မိုင်းရှင်းလင်းရေးကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ရက္ခိုင့်တပ်တော် (AA)တို့ ညှိနှိုင်းနေကြတယ်ဆိုပြီး မီဒီယာတချို့ကို ပြောထားတာရှိတယ်။ဒီအပေါ်ရော ဘာပြောချင်လဲ။

ဖြေ - ဒါကိစ္စကတော့ ကျွန်တော် ရုံးချုပ်ကိုပြန်မေးထားပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သိသလောက်ကတော့ လောလောဆယ် သူတို့မြန်မာစစ်တပ်ဘက်ကမိုင်းရှင်းတာလည်း ကားလမ်းမတစ်လျှောက် သူတို့ပါသူတို့ ရှင်းနေကြတယ်။ ကျွန်တော်တို့ကတော့ရှင်းသင့်ရှင်းထိုက်၊ လုပ်သင့်လုပ်ထိုက်တဲ့ လိုအပ်တဲ့နေရာတွေကို ရှင်းထားပြီးပြီ။ အဲလိုအနေအထားရှိပါတယ်။ဒါပေမယ့် အဲဒါတွေကို ရုံးချုပ်ကို ပြန်မေးပြီးမှ အသေအချာ ပြန်ဖြေပေးပါ့မယ်။

 

မေး- နောက်ဆုံးအနေနဲ့ ၇ခိုင်ပြည်သူတွေကိုလတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဘာတွေပြောချင်လဲ။

ဖြေ - အခုတိုက်ပွဲရပ်ထားတဲ့ကာလမှာရခိုင်ဒေသထဲက ကျွန်တော်တို့ ပြည်သူတွေ တည်တည်ငြိမ်ငြိမ်နဲ့ အခြေနေတစ်ခုကို ပြန်ပြီးရောက်ရှိနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားလုပ်ဆောင်သွားဖို့အချိန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.