သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုး မျိုးဗီဇပြောင်းလဲတွေ့ရှိမှုအပေါ် ရခိုင်ပြည်သူတွေရဲ့ အမြင်များ (Voxpop)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 1.2k

မြန်မာနိုင်ငံအတွင်း ကိုဗစ် ၁၉ မျိုးဗီဇကွဲ ရောဂါပိုးတွေ့ရှိသူ (၁၁) ဦးထိရှိခဲ့ကြောင်း နစကအစိုးရရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာမှာ ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ ဖော်ပြထားပါတယ်။
ကိုဗစ် ၁၉ မျိုးဗီဇကွဲ ရောဂါပိုးတွေ့ရှိတဲ့ သူတွေဟာ မြန်မာနိုင်ငံအနှံ့ မန္တလေးမြို့မှာ (၄) ယောက်၊ စစ်ကိုင်းတိုင်း တမူးမြို့က (၂) ယောက်၊ တနင်္သာရီတိုင်း မြိတ်မြို့က (၃) ယောက်၊ စစ်ကိုင်းတိုင်း ကလေးမြို့က (၁) ယောက်နဲ့ ရန်ကုန်မြို့အတွင်း နိုင်ငံခြားက ပြန်လာသူ (၁) ယောက်တို့မှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဆေးစစ်ချက်အရ မျိုးရိုးဗီဇပြောင်းလဲတဲ့ Alpha, Delta, Kappa ပိုး(၃) မျိုးကို တွေ့ရှိရပြီး အဲဒီ မျိုးဗီဇပြောင်း ပိုး(၃) မျိုးကို မူလက အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အိုင်ယာလန်နဲ့ ဆွစ်ဇာလန် စတဲ့နိုင်ငံတွေမှာ တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အစီရင်ခံစာတစ်စောင်မှာ တွေ့ရပါတယ်။
အဲဒီ မျိုးဗီဇပြောင်းလဲတွေ့ရှိတဲ့ ကိုဗစ်ပိုး (၃) မျိုးထဲက Alpha, Delta တို့ဟာ ရောဂါပိုးကူးစပ်ပျံ့နှံ့မှု ပိုမိုမြင့်မားပြီး ရောဂါပြင်းထန်မှုအနေနဲ့ ဆေးရုံတက်ရောက်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိကြောင်း သုံးသပ်ထားချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားပါတယ်။
အခုလိုမျိုး မြန်မာနိုင်ငံအတွင်းက တိုင်းဒေသကြီး အသီးသီးရှိ မြို့နယ်တွေမှာ မျိုးရိုးဗီဇကွဲ ကိုဗစ် ၁၉ ရောဂါပိုးတွေ တွေ့ရှိလာတာနဲ့ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးကနေတဆင့် ကိုဗစ်ကူးစပ်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဌာနတို့ကို နိရဥ္စရာသတင်းဌာနက သတင်းထောက် ကိုထက်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးခိုင်ကောင်းစံ (ဒါရိုက်တာအဖွဲ့ဝင်၊ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)
"ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ စီမံခန့်ခွဲမှုကောင်းတဲ့ အခြားနိုင်ငံကြီးတွေမှာတောင် ကိုဗစ် ၁၉ ဖြစ်လာလို့ရှိရင် စီးပွားရေး၊ လူမှုရေး၊ ကုန်စည်စီးဆင်းမှုတွေကအစ အခက်အခဲတွေအများကြီးဖြစ်တယ်။ ကိုဗစ်ကြောင့် သေဆုံးသွားတာတွေလည်း အများကြီးရှိတယ်။ ဆိုတော့ ကျနော်တို့နိုင်ငံမှာက ကိုဗစ်နဲ့ဆက်စပ်ပြီးတော့ စီမံခန့်ခွဲမှုတွေကလည်း အရမ်းအားမကောင်းသေးဘူး။ အခုလည်း ကိုဗစ် ၁၉ မျိုးရိုးဗီဇကွဲပြားတဲ့ ရောဂါပိုးတွေ မြန်မာနိုင်ငံကို ရောက်လာပြီဆိုတာနဲ့ ပြည်သူတွေကလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့လိုတယ်။ လူစုလူဝေးတွေကိုလည်း မသွားဖို့လိုတယ်။ နောက်တစ်ခုက ကျနော်တို့ ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်မှုလုပ်နေတာပေါ့။ တကယ်လို့ အဲဒီဖက် နယ်စပ်ကုန်သွယ်ရေးကို ဖွင့်ထားတယ်ဆိုရင်လည်း အဲဒီလမ်းကြောင်းကို သတိပြုဖို့လိုတယ်။ အစိုးရကိုယ်တိုင်ကလည်း သေချာစွာနဲ့ စီမံခန့်ခွဲဖို့လိုပါတယ်။
ကိုဗစ် ၁၉ ဒုတိယလှိုင်းမှာဆိုရင် ကျနော်တို့ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရနဲ့ပူးပေါင်းပြီးတော့ ရောဂါကာကွယ်မှုတွေ လုပ်နိုင်ခဲ့ကြတယ်။ သို့သော်လည်း လုပ်နေတဲ့ကြားကပဲ ရခိုင်မှာ ဘာသာရေးဆိုင်ရာ၊ မိသားစုရေးရာ ပွဲလမ်းသဘင်တွေ ကြီးကြီးမားမားလုပ်ဆောင်တာ အများစုရှိခဲ့ပါတယ်။ နောက်တစ်ခုကလည်း ကိုဗစ်အပေါ် ရခိုင်လူထုက ယုံကြည်မှုမရှိတာကလည်း ပြဿနာတစ်ခုပါ။ တချို့ကဆိုရင် ကိုဗစ်ဟာ နိုင်ငံရေးအရ ဆိုပြီး ယုံကြည်မှုတွေ ရှိနေပါတယ်။ အဲဒါဟာလည်း လွဲမှားတဲ့ ယုံကြည်မှုဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ ကိုဗစ်က ရခိုင်ပြည်နယ်မှာ ဖြစ်လာပြီဆိုရင် ရခိုင်လူထုကို တိုက်တွန်းလို့ရမယ့်ဟာက ဥပမာ- ULA/ AA တို့အနေနဲ့ လူထုကို ကိုဗစ်နဲ့ပတ်သက်ပြီး တိုက်တွန်းနှိုးဆော်တဲ့စာစောင်တွေ ထုတ်ပြန်လို့ရှိရင် ရခိုင်လူထုက ကိုဗစ်အပေါ်မှာ ULA/ AA ရဲ့တိုက်တွန်းမှုကို လက်ခံနိုင်တယ်လို့ မြင်မိတယ်။
အခုလက်ရှိ မြန်မာနိုင်ငံမှာတွေ့တဲ့ မျိုးဗီဇကွဲ ဗိုင်းရပ်စ်ကလည်း ဖြစ်နိုင်ခြေရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဗိုင်းရပ်စ်က မူလကနေ မျိုးဗီဇပြောင်းတဲ့ ဟာတွေဖြစ်တယ်လို့ သိရတယ်။ အဲလိုဆိုတော့ လူတွေကို သေစေနိုင်ခြေ ရှိတယ်လို့ သိရတယ်။ အဲဒါကလည်း ရခိုင်မှာဆိုရင် ဒုတိယလှိုင်းမှာလည်း အသေအပျောက်ရှိခဲ့ကြတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ သွေတိုးရောဂါ၊ နှလုံးရောဂါအခံရှိတဲ့သူတွေ သေဆုံးသွားတာကို တွေ့ရတယ်။
ကျနော်တို့လူမှုအဖွဲ့အစည်းတွေအနေနဲ့ ကျန်းမာရေးအရ ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစပ်မှုဖြစ်လာတာ၊ ကူးစက်မှုမြင့်လာတာတွေ ရှိတယ်ဆိုရင်တော့ နိုင်တဲ့ဖက်က ကျနော်တို့ကူညီဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"
ကိုမောင်မြင့်စိုး (ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ၊ ရခိုင်မျိုးဆက်သစ် ပရဟိတအဖွဲ့)
"ကျနော့်အနေနဲ့ကတော့ ကိုဗစ် ၁၉ မျိုးရိုးဗီဇကွဲ ရောဂါပိုး မြန်မာနိုင်ငံတွင်းကို ရောက်နေပြီဆိုတော့ ဘယ်သူ့ကိုမှ မပေါ့ဆစေချင်ပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာက ကိုဗစ် ၁၉ ကူးစက်မှုတွေဖြစ်တဲ့ First wave, Second wave တွေတုန်းကလည်း အရမ်းကြီး စိုးရိမ်ကြတာမတွေ့ရဘူး။ ကိုဗစ် ၁၉ ပထမဆုံး ကူးစက်မှုဖြစ်တဲ့အချိန်မှာတော့ လူတွေက စိုးရိမ်စိတ်ကြီးမားခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ အစိုးရကို မယုံကြည်၊ လိမ်ညာနေတယ်လို့ ထင်လာကြတယ်။ တကယ်လို့ Third wave ဖြစ်လာလို့ အဲဒီရောဂါပိုးဟာ First wave, Second wave ထက် ပိုကြောက်စရာကောင်းတဲ့အရာဆိုရင် ကျနော်တို့က ပိုပြီးစိုးရိမ်ရပါမယ်။ အခုဆိုရင်လည်း ကျနော်တို့ရခိုင်ပြည်နယ်မှာ ကိုဗစ်ပိုးတွေ့တာတွေ ရှိတယ်လို့ကြားတယ်။ အဲဒါကလည်း Third wave ပုံစံမျိုး ကျမယ် ထင်ပါတယ်။ အဲဒါကလည်း ဘယ်လိုပုံစံမျိုးလဲဆိုတာကို ကျနော်တို့ အသေးစိပ်မသိရသေးပါဘူး။ တစ်ခုခု အခြေအနေရောက်ရင်တော့ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တတ်စွမ်းတဲ့ဖက်က ကူညီလုပ်ဆောင် သွားဖို့ အဆင်သင့်ရှိပါတယ်။
ကျနော်တို့အနေနဲ့ကတော့ ကိုဗစ် ၁၉ ရောဂါကြောင့် အပြင်မထွက်ရဘဲ Stay Home ကာလတွေဆိုရင် စားဝတ်နေရေးအခက်အခဲဖြစ်တဲ့ လူတွေကို အရပ်ဖက်အဖွဲ့အစည်း (CSO) အနေနဲ့ ကူညီပေးတာတွေရှိတယ်။ အဲဒီလို ကူညီပေးရင်းနဲ့ပဲ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ အသိပညာပေးပြောကြားတာတွေလည်း လုပ်ဖြစ်ပါတယ်။"
မဦးခင်သိန်း (ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများ ကွန်ရက်)
"ကျမတို့သိရသလောက်ကတော့ ကိုဗစ်က ရှေ့မှာလည်း နှစ်ကြိမ်ဖြစ်ခဲ့ပြီးပါပြီ။ ကိုဗစ် ၁၉ နှစ်ကြိမ်ဖြစ်ခဲ့တဲ့ အတွေ့အကြုံအရ ဆိုရင် ရခိုင်ပြည်နယ်က တော်တော်များများ လူထုအနေနဲ့ အများကြီး စိုးရိမ်မှုသိပ်မရှိကြဘူး။ မြို့ပေါ်လူထုလောက်ပဲ စိုးရိမ်မှု နည်းနည်းရှိကြတာ တွေ့ရပါတယ်။ နယ်ဖက်ပိုင်းက လူတွေဆိုရင် ယုံကြည်မှုသိပ် မရှိကြဘူး။ နိုင်ငံရေးကစားကွက်တစ်ခု၊ လှည့်ကွက်တစ်ခုလို့ပဲ မြင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့အနေနဲ့က သတိထားရမယ့် အနေအထားရှိလာပါမယ်။
ပြည်မဖက်မှာ ကိုဗစ်ကူးစက်မှုတွေ ဖြစ်လာပြီဆိုရင် ကျမတို့မှာ စိုးရိမ်ရမယ့်ဟာက ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားမယ့်အခြေအနေဆိုရင် ရခိုင်ဒေသမှာ မထွက်တဲ့ကုန်စည်စီးဆင်းမှုတွေဆိုရင် စိုးရိမ်စရာတွေဖြစ်လာပါမယ်။ အခုလက်ရှိတောင် ကုန်ဈေးနှုန်းတွေက တစ်နေ့တစ်ခြားမြင့်တက်လာတဲ့ အခါ ကိုဗစ်ထက် အစားအသောက်ပိုင်းမှာ ပိုပြီး စိုးရိမ်စရာရှိလာမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေက ကိုဗစ် ကူးစက်မှုတွေဖြစ်တဲ့အခါမှာလည်း ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့ပေးမှုတွေ လုပ်ခဲ့ကြတာပေါ့။ ဒါကြောင့် ရှေ့ကကြုံတွေ့ခဲ့ရတဲ့ ပုံစံမျိုးထက် လက်လုပ်လက်စား၊ ဆင်းရဲတဲ့လူတွေ၊ အခြေခံလူတန်းစားတွေအနေနဲ့ ပိုပြီးကြုံတွေ့ လာနိုင်မယ်လို့ထင်တယ်။
ကိုဗစ်စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်လူထုအနေနဲ့ ယုံကြည်မှုမရှိလို့ မလိုက်နာတာရှိတယ်။ ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှားရတဲ့အခါမှာ မလိုက်နာတဲ့ပုံစံမျိုးတွေလည်း ရှိပါတယ်။ နောက်ပြီး သူတို့အတွက် နေ့စဉ်နဲ့အမျှ နှာခေါင်းစည်း မက်စ်( Mask)တွေ၊ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူရတဲ့အပိုင်းမှာ ငွေရေးကြေးရေး မတတ်နိုင်တဲ့ အခြေအနေ အခက်အခဲတွေလည်း ရှိတတ်ပါတယ်။"
ဒေါက်တာစိုးဝင်းပိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန)
"ကျနော်တို့ ကျန်းမာရေးဌာနအနေနဲ့တော့ ရောဂါစောစော သိရှိနိုင်အောင် ရောဂါရှာဖွေတဲ့လုပ်ငန်းတွေ လုပ်နေပါတယ်။ အဲတော့ နိုင်ငံခြားက ဝင်လာတဲ့လူ၊နယ်စပ်ကုန်သွယ်ရေးက ဝင်လာတဲ့လူ၊ နယ်စပ်ဖြတ်ကျော်ခိုးဝင်လာတဲ့လူ သူတို့တွေအကုန်လုံးကို လူအများနဲ့ ထိတွေ့မှုမရှိအောင် အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ (Quarantine) ရက်ပေါင်း (၁၀) ထားတယ်။ (၃) ရက်မြောက်နေ့မှာ နှာခေါင်းတို့ဖတ်ယူတယ်။ အဲဒီတစ်ကြိမ်မှာ မတွေ့ဘူးဆိုရင်တွေင် နောက်ထပ် (၇) ရက်မြောက်နေ့မှာ နှာခေါင်းတို့ဖတ်ယူတယ်။ အဲဒီ (၁၀) ရက်အတွင်းမှာ ဆရာတို့က သူတို့ကို ရောဂါရှိမရှိ စစ်ဆေးတယ်။ အဲဒီလို စစ်ဆေးမှုတွေလုပ်လို့ ကိုဗစ်ပိုးတွေ့တယ်ဆိုရင် အတည်ပြု(Positive) လူနာ အနေနဲ့ ဆေးရုံမှာ နေရတယ်။ ပိုးမတွေ့ရင်တောင် နိုင်ငံခြားကဝင်လာတယ်၊ နယ်စပ်ကုန်သွယ်ရေးက ဝင်လာတဲ့လူဖြစ်တဲ့အတွက် အသွားအလာ ကန့်သတ်ထိန်းချုပ်မှုကို (၁၀) ရက်ထားတယ်။ ဒါတွေနဲ့ ဆရာတို့က ရောဂါကိုထိန်းချုပ် ဆောင်ရွက်နေပါတယ်။
အဲတော့ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးပေးတာကလည်း တစ်ပိုင်း၊ အသွားအလာကန့်သတ်ထိန်းချုပ်တာကလည်း တစ်ပိုင်း၊ ပြည်သူတွေကို ကျန်းမာရေးအသိပညာပေးတာကလည်း တစ်ပိုင်းပေါ့။ ကျန်းမာရေးအသိပညာ ပေးတယ်ဆိုတာလည်း လူစုလူဝေးမလုပ်ဖို့၊ လုစုလူဝေးမလုပ်ဖို့၊ တစ်ယောက်နဲ့ တစ်ယောက် (၆) ပေ အကွာအဝေးနေဖို့၊ မက်စ်(Mask) တပ်ဖို့၊ နှာခေါင်းနဲ့ ပါးစပ်တွေကို လက်နဲ့ ခဏခဏပွတ်တိုက်ကိုင်တွယ်တာတွေမလုပ်ဖို့၊ အပြင်ကလာပြီးတိုင်း လက်ကို ခဏခဏ စင်ကြယ်အောင် ဆပ်ပြာနဲ့ ဆင်ကြည်အောင်ဆေးဖို့ ဒါတွေကိုလည်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေက လုပ်နေတယ်။ ဒါတွေကို ပြည်သူတွေကလည်း လိုက်နာဆောင်ရွက်ပေးဖို့လိုပါတယ်။"

ဆက်စပ် သတင်းများ