ရခိုင်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူများလာတဲ့အပေါ် ဒေသခံတွေ ဘာပြောသလဲ


(Voxpop)
ရခိုင်တစ်ပြည်နယ်လုံးမှာ မေလကနေ ဇွန်လ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နယ်စပ်ကုန်သွယ်ရေးလုပ်ပြီးပြန်လာသူတွေနဲ့ တရားမဝင် ခိုးဝင်လာသူတွေဆီကနေ ကိုဗစ်အတည်ပြုလူနာ ၆၉ ယောက်အထိ မြင့်တက်လာနေပါတယ်။
ဇွန်လ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ နှစ်ရက်အတွင်းမှာဆိုရင် ကိုဗစ်လူနာ ၄၂ ယောက်အထိ ရှိသွားခဲ့ပါတယ်။
တစ်ပြည်လုံး ကိုဗစ်လူနာ ၆၉ ယောက်ထဲမှာ ၃ ယောက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာသူတွေဖြစ်ပြီး ကျန်တဲ့သူတွေကတော့ နယ်စပ်ကုန်သွယ်ရေးလုပ်ပြီး ပြန်ဝင်လာသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၁၅ ရက်နေ့ကစစ်ဆေးချက်အရ ကိုဗစ်ပိုး မျိုးဗီဇကွဲ ရောဂါပိုးတွေ့ရသူ (၁၁)ယောက်တွေ့ရှိထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ကိုဗစ်ပိုး မျိုးဗီဇကွဲ ရောဂါပိုးတွေ့ရသူ မရှိသေးပါဘူး။
ဒါပေမဲ့ ရခိုင်မှာတော့ ကိုဗစ်အတည်ပြုလူနာတွေကတော့ တစ်နေ့တစ်ခြား မြင့်တက်လာနေဆဲပါ။ ဒီအပေါ်မှာ ဒေသခံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လိုမြင်ကြပါသလဲ။ ဘယ်လောက်ထိ စိုးရိမ်နေကြပါသလဲ။
မီရှဲလ် (စစ်တွေမြို့ခံ၊ ကိုဗစ်ဒုတိယလှိုင်းအတွင်း စစ်တွေဆေးရုံကြီးတွင် Volunteer (စေတနာ့ဝန်ထမ်း) လုပ်ကိုင်ပေးခဲ့သူ)
ဒေသခံတစ်ဦးအနေနဲ့စိုးရိမ်တာပေါ့။ ပိတ်သင့်ပိတ်ထိုက်တာကတော့ ပိတ်ရမယ်။ လေယာဉ်တွေကတော့ အကြောင်းမဟုတ်ဘူး။ နှာခေါင်းစည်းတွေဘာတွေ သေချာတပ်ပြီးလုပ်တာဆိုတော့ ကူးဖို့ရာခိုင်နှုန်းက နည်းတာပေါ့နော်။ ဒါပေမဲ့ ဟိုးဘက်ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ကုန်သင်္ဘောတွေနဲ့လာတဲ့ဟာတွေကို ပိတ်လိုက်လို့ရှိရင်တော့ ဒီဘက်တွေမှာ ကိုဗစ်ဖြစ်ပွားမှု လျော့ကျသွားမယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ ကျွန်မပြောချင်ပါတယ်။ ပြီးတော့ သွားတာ၊ လာတာရှိရင်လည်း နှာခေါင်းစည်း (mask) လေးတွေပြန်တပ်ကြဖို့ပေါ့နော်။ ကိုဗစ်ဒုတိယလှိုင်းမှာတော့ ကိုယ်ကိုယ်တိုင်ကလည်း Positive အတည်ပြုလူနာဖြစ်ခဲ့တယ်ဆိုတော့လေ။ ရောဂါဖြစ်ခဲ့တာက အရင်ဆုံး Green Network Sittwe နဲ့ပူးပေါင်းပြီးတော့ volunteer (စေတနာ့ဝန်ထမ်း) လုပ်တယ်။ ပြီးတော့ ကိုဗစ်အတည်ပြုလူနာတွေကို ထမင်းသွားပြီးတော့ပို့ရတဲ့အထဲမှာလည်း ကိုယ်တွေက တာဝန်ယူပြီးတော့၊ ဦးစီးပြီးတော့ လုပ်တယ်။ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့တာတွေများတော့လေ။ ဒုတိယလှိုင်းမှာလေ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် Positive လူနာဖြစ်လာပြီး ကုသခဲ့ရတယ်။ ကိုယ်တိုင်ကလည်း ပေါ့ဆလို့ဖြစ်တာပါ။ နှာခေါင်းစည်းသေချာတပ်ထားလို့ရှိရင် ဘာမှမဖြစ်ပါဘူး။ တတိယလှိုင်းကို စိုးရိမ်မှုရှိတာပေါ့။ အခုက နှာခေါင်းစည်းမတပ်ကြဘူးလေ။ စစ်တွေတစ်မြို့လုံးနီးပါးပေါ့။ ဖြစ်လာလို့ရှိရင် အကုန်လုံး ဝုန်းဒိုင်းတွေကြဲပြီးတော့ ဖြစ်မှာကိုစိုးရိမ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးတွေကို ဘယ်လိုလုပ်သင့်လဲဆိုတော့ အဲဒီဘက်က စပြီးကူးတာဆိုတော့လေ၊ ဟိုဘက်တွေမှာလည်း အရမ်း Positive လူနာတွေကများနေတာဆိုတော့လေ။ နားမလည်တဲ့လူတွေ၊ ကျန်းမာရေးအသိပညာမရှိသူတွေ၊ နယ်စပ်ကလူတွေကိုလေ။ အဲလိုမျိုး ဝုန်းဒိုင်းတွေကူးသွားမှာစိုးရိမ်ပါတယ်။ အဲဒီလိုင်းကို ပိတ်လိုက်လို့ရှိရင် လောလောဆယ်၊ တစ်ပတ်ဆယ့်ငါးရက်၊ အဲလိုပိတ်လိုက်လို့ရှိရင် အခြေအနေတစ်ခုကောင်းတဲ့အခါကျတော့ပြန်ဖွင့်ပေါ့လေ။ အဲလိုမျိုးအကြံပေးချင်ပါတယ်။ ဝုန်းဒိုင်းကြီးပိတ်လိုက်လို့ရှိရင်လည်း အလုပ်အကိုင်တွေ၊ စားဝတ်နေရေးတွေကျပ်တည်းမယ်။ မပိတ်လို့ရှိရင်လည်း ကိုဗစ်ကျန်းမာရေးစစ်ဆေးမှုလက်မှတ်တွေပါမှ ဝင်ရမယ်။ အဲလိုမျိုးတွေ။ နှာခေါင်းစည်းသေချာတပ်ပြီးမှ ဝင်ရမယ်ဆိုတာမျိုးတွေပေါ့။ အခုက အဲလိုမဟုတ်ဘူး။ ဒီတိုင်းသွားလာနေကြတဲ့အခါတော့လေ။ သင်္ဘောသားတွေကိုလည်း ကမ်းကိုမဝင်နဲ့ပေါ့။ ဒါပေမဲ့ သင်္ဘောပေါ်မှာ အစားအစာပို့တဲ့လူတွေရော ပစ္စည်းဝယ်တဲ့လူတွေရော အသွားအလာရှိတာပေါ့။ ဒါပေမဲ့ အဲဒီလူတွေနဲ့ဆက်စပ်နေတဲ့အခါ ဒေသခံတွေအနေနဲ့ သတိဝိရိယနဲ့ နှာခေါင်းစည်းသေချာတပ်ပြီးတော့ သွားရမယ်။ နယ်စပ်ကုန်သွယ်ရေးကို လုံးဝကြီးပိတ်လိုက်လို့ရှိရင်လည်း ဘယ်လိုအဆင်ပြေမလဲနော်။ ညှိနှိုင်းရမှာပေါ့နော်။ အာဏာပိုင်တွေနဲ့ သူတို့တွေ့နဲ့။ စစ်တွေမြို့ခံတွေအနေနဲ့သွားလာလှုပ်ရှားတဲ့အခါ ကိုဗစ်တတိယလှိုင်းက Positive လူနာတွေလည်းများလာတဲ့အခါ တတ်နိုင်သလောက်အိမ်မှာပဲ နေကြဖို့၊ အပြင်သွားတဲ့အခါ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ အကြံပေးချင်တယ်။
ဒေါ်ခင်စောဦး (လူမှုရေးလှုပ်ရှားသူ၊ မောင်တောမြို့ဒေသခံ)
မောင်တောဒေသခံအနေနဲ့ပြောရရင် တစ်ဘက်နို်င်ငံက ခဏခဏ ခိုးဝင်နေကြတာတွေရှိနေတယ်။ အဲဒါတွေကို အာဏာပိုင်အဖွဲ့အစည်းတွေက တင်းကျပ်စွာစောင့်ကြည့်ဖို့လိုပါတယ်။ ပြီးတော့ အဝင်အထွက်ဂိတ်တွေမှာလည်း စောင့်ကြည့်ဖို့လိုပါတယ်။ နောက်တစ်ခါ စျေးမှာလည်း နှာခေါင်းစည်းမတပ်တဲ့လူ၊ ကားပေါ်မှာလည်း နှာခေါင်းစည်းမတပ်တဲ့လူတွေကို အရေးယူဖို့လိုပါတယ်။ နယ်စပ်ဒေသမှာဆို ကညင်ချောင်းစီးပွားရေးဇုံဘက်မှာ အလုပ်သမားတွေက များနေတော့ စိုးရိမ်ရပါတယ်လေ။ လက်ရှိမောင်တောအခြေအနေက တစ်ဘက်နိုင်ငံက ခိုးဝင်လာတဲ့လူတွေမှာ ပါလာတယ်ဆိုတော့ မြို့သူ၊ မြို့သားတွေက စိုးရိမ်ကြတာပေါ့။ ကိုဗစ် တတိယလှိုင်းကိုဖြစ်ဖို့ကို စိုးရိမ်နေကြပါတယ်။ လက်ရှိအာဏာပိုင်တွေက နယ်စပ်ဒေသလုံခြုံရေးအတွက် အကုန်လုံးတာဝန်ယူရသူတွေလည်းဖြစ်ပါတယ်။ လက်နက်ကိုင်တွေရော၊ လူမှုအဖွဲ့အစည်းတွေရောအကုန်လုံးကရော စောင့်ကြပ်ကြည့်ရှုဖို့လိုပါတယ်။ ခဏခဏ လည်း ခိုးဝင်နေကြတယ်ဆိုတော့လေ။ လူသာလာပါ၊ ရောဂါပါမလာပါနဲ့ဆိုသလိုပေါ့။ တရားမဝင်ဘဲ ခိုးဝင်လာတဲ့လူတွေများတော့ အများကြီး အနည်းနဲ့အများဆိုသလိုပေါ့။ ခိုးဝင်တဲ့လူဆိုတော့ ခိုးဝင်တဲ့နေရာမှာပဲ ရောနှောပြီးနေထိုင်တာရှိပါတယ်။ မောင်တောဒေသခံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့တွေရော၊ ကျန်းမာရေးအဖွဲ့တွေရော၊ အဖွဲ့ပေါင်းစုံကရော ကျွန်မတို့ဆီမှာလုပ်နေတာတွေရှိပါတယ်။ ဂိတ်အဝင်အထွက်တွေမှာလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီတွေကြားထဲကမှ အဲလိုစည်းမဲ့ကမ်းမဲ့လုပ်ရင် ထိရောက်စွာအရေးယူဖို့လိုပါတယ်ရှင့်။ စိုးရိမ်စရာကတော့ အနည်းအများရှိနေပါတယ်။ ကျန်းမာရေးဌာနကလည်း နှာခေါင်းစည်းတပ်ဖို့ ပြောနေကြတာတွေလည်း ရှိပါတယ်။
ဦးခင်မောင်ကြီး (မန်နေဂျင်းဒါရိုက်တာ၊ ရခိုင်ပြည်နယ်စီးပွားရေးဦးဆောင် အများပိုင်ကုမ္ပဏီလီမိတက်)
ရခိုင်ပြည်မှာ ကိုဗစ်က ခြောက်ဆယ်ကျော်သွားပြီဆိုတော့ တဖြည်းဖြည်း စိုးရိမ်ရတဲ့ အခြေအနေရောက်လာပြီလို့ဆိုရမှာပေါ့။ အဲဒီတော့ နယ်စပ်ကုန်သွယ်ရေးကို အကြောင်းပြုပြီးတော့ ဖြစ်လာတယ်ဆိုတာကလေ။ တကယ့်တကယ်မှာကျတော့ စိစစ်နိုင်တဲ့အား နည်းနေသေးတယ်လို့မြင်တယ်။ အဲဒီတော့ လူထုအနေနဲ့ကတော့ စိုးရိမ်ရတဲ့အတွက် အခုက ဗီဇပြောင်း ကိုဗစ်ဖြစ်နေတာလို့ထင်တယ်။ ရခိုင်ပြည်အတွက်ကတော့ အများကြီးစိုးရမ်စရာလို့မြင်မိတယ်။ အခုကလည်း အစိုးရကလည်း နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ မဖွင့်မဖြစ် ဖွင့်ထားရတဲ့အခြေအနေလို့ သိရတယ်လေ။ အဲဒီတော့ ပိုပြီးတော့ စိစစ်နို်င်တဲ့အနေအထားတစ်ရပ်နဲ့ လုံခြုံတဲ့အနေအထားပေါ့လေ။ ပိုပြီးစိစစ်နိုင်တဲ့အနေအထားရှိရင်တော့ ပိုကောင်းတာပေါ့။ လူထုကလည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဒီချမှတ်ထားတဲ့ ကိုဗစ်ကာကွယ်ရေး (၉) ရပ်အပြုအမူ၊ အကျင့်အကြံတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင်တော့ တာဝန်ရှိတဲ့လူတွေအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့ပြောချင်တယ်။ အခုနက ပြောသလို လူတစ်ဦးချင်ရဲ့ကျင့်ကြံရမဲ့ အမူအကျင့်တွေပေါ့လေ။ ကိုဗစ်ကာကွယ်ရေးနဲ့ လိုက်နာမူအားနည်းတယ်။ ဒီဟာကိုပို်ပြီးလိုက်နာနိုင်ဖို့အတွက် အကာအကွယ်ပိုပြီးရနိုင်အောင် ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်ရမယ်ဆိုတဲ့ အသိဉာဏ်တွေပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာအောင် လုပ်ပေးစေချင်တယ်။ တစ်ချိန်တည်းမှာ ကိုဗစ်ကာကွယ်ဆေးကို တတ်နိုင်မျှ အနှ့ံအပြားဖြစ်ဖို့ရယ်။ အသက်အရွယ်ကြီးသူတွေကို တတ်နို်င်သမျှ လုံလုံခြုံခြုံအနေအထားမျိုးမှာ ဖြစ်သင့်တယ်၊ လုပ်ပေးသင့်တယ်လို့ အကြံပေးချင်တယ်။ နယ်စပ်ကုန်သွယ်ရေးအစီအမံတွေကတော့ စောစောပိုင်းတုန်းကတော့ တော်တော်လေးကောင်းနေတဲ့အနေအထားမျိုးရှိခဲ့တယ်လို့ ဦးတို့က သိထားတယ်လေ။ ဒါပေမဲ့ အခုအချိန်မှာကျတော့ ကိုယ့်ဘက်ကိုရောက်လာပြီဆိုတော့လေ။ ဒီဗီဇပြောင်း ကူးစက်ခံထားရတဲ့လူတွေ ရောက်လာပြီဆိုတော့ ဒီအနေအထားဟာ ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ကြပ်မတ်ကာကွယ်ပေးတဲ့အစီအစဉ်တွေ အရင်ထက်ပိုကောင်းအောင်လုပ်သင့်တယ်လို့ပြောချင်တယ်။ ဖြည့်စွက်ပြီးပြောရရင် ရခိုင်က အဆင်းရဲဆုံး ပြည်နယ်ထဲမှာပါတယ်။ နယ်စပ်ကုန်သွယ်ရေးတို့ဘာတို့ဆိုတာကလည်း စီးပွားရေးအရ မရှိမဖြစ် အနေအထားမျိုးဖြစ်တယ်။ လိုအပ်လို့ရှိရင် လူ့အသက်လောက် ဘယ်ဟာမှ အရေးမကြီးဘူးလေ။ အဲဒီတော့ စီးပွားရေးနဲ့ပတ်သက်တဲ့အနေအထားတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သေသေချာချာ စနစ်တကျ လေ့လာပြီးတော့ ဒီစီးပွားရေးနဲ့ပတ်သက်ပြီး ကြပ်မတ်သင့်တယ်။ လူတွေရဲ့နေထိုင်မှုပုံစံကိုလည်း ကိုဗစ်ရဲ့တားမြစ်ထားတဲ့အချက်တွေကို သေသေချာချာလိုက်နာဖို့ တိုက်တွန်းသင့်တယ်လို့ ပြောချင်တယ်။
ဒေါက်တာနုကေသီစံ (ကုသရေးဦးစီးဌာနမှူး၊ မောင်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန)
အခုမောင်တောအနေနဲ့ကတော့ ကိုဗစ် Positive အနေနဲ့ကတော့ သုံးယောက်ရှိတယ်ပေါ့နော်။ ဒီတွေ့တဲ့လူသုံးယောက်စလုံးကတော့ တစ်ဘက်နိုင်ငံက တရားမဝင်ခိုးဝင်လာတဲ့သူတွေပေါ့။ စစ်တွေမှာတွေ့တဲ့လူတွေကလည်း ဘင်္ဂလားဒေ့ရှ်ကနေပြန်လာတဲ့လူတွေလို့ ကျွန်မတို့သိရတယ်။ အဲဒီတော့ အန္တရာယ်ရှိတာကတော့ တရားမဝင် ဝင်လာတဲ့ဟာတွေကို တကယ်လို့ ကျွန်မတို့မတွေ့လိုက်ဘူးဆိုလို့ရှိရင်တော့ မြို့ထဲမှာ အကုန်ပြန့်နိုင်တဲ့သဘောရှိတယ်ပေါ့နော်။ အဲဒီတော့ တရားမဝင် ဝင်တဲ့ဟာတွေကို ကျွန်မတို့ သတိထားဖို့လိုပါလိမ့်မယ်။ နယ်စပ်ကုန်သွယ်ရေးက ဝင်တဲ့လူတွေကတော့ ကျွန်မတို့က သူတို့ဘယ်အချိန်ဝင်မယ်၊ ဘယ်အချိန်ထွက်မယ်ဆိုတာ အကုန်လုံးသတင်းရရှိပြီးသားဖြစ်တဲ့အတွက် ပြဿနာမရှိဘူးပေါ့။ တရားမဝင် ဝင်တဲ့လူတွေအတွက်ကြောင့်တော့ ကျွန်မတို့မြို့အနေနဲ့ အန္တရာယ်ရှိပါတယ်။ အကောင်းဆုံးကတော့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ပြည်သူလူထုသိမှပဲ၊ သတင်းပို့မှပဲ ကျွန်မတို့က သိနိုင်မှာပေါ့။ ဘာလို့လဲဆိုရင် ရွာတိုင်းမှာက ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းက မရှိနိုင်ဘူးလေ။ အဲဒီတော့ ပြည်သူတွေက တရားမဝင် ဝင်လာတဲ့သူ သိပြီ၊ တွေ့ပြီဆိုရင် ကျန်းမာရေးဌာနကိုဖြစ်ဖြစ်၊ မြို့နယ်ထွေ/အုပ်ကို ဖြစ်ဖြစ် အမြန်ဆုံးသတင်းပို့ပြီးတော့ သူတို့ကို သီးသန့် ကွာရန်တင်းထားဖို့၊ သူတို့ကို နောက်ဆက်တွဲလုပ်ရမဲ့ဟာတွေကို ကျွန်မတို့ဌာနတွေ ပူးပေါင်းလုပ်ဖို့ပေါ့နော်။ အဲလိုတော့ လိုအပ်ပါတယ်ရှင့်။ လက်ရှိတော့ နယ်စပ်ကုန်သွယ်ရေးက ဝင်လာတဲ့လူတွေကို သူတို့ကုန်သွယ်ရေးစခန်းမှာပဲ ကွာရန်တင်းထားပါတယ်။ သက်ဆိုင်ရာ ဘုတ်သမားအလိုက် ကွာရန်တင်းထားတယ်။ အခုလက်ရှိ သူတို့တွေကို စစ်တဲ့အထဲမှာတော့ positive မတွေ့ရသေးပါဘူး။ မောင်တောကိုဝင်တဲ့လူတွေကတော့ မောင်တောမှာပဲစစ်ပါတယ်။ နှစ်မျိုးတော့ရှိတာပေါ့။ ပထမအကြိမ် Test Care နဲ့စစ်တာပေါ့။ စစ်ပြီးလို့ရှိရင် negative ဆိုလို့ရှိရင် ကွာရန်တင်းဆက်ထားတယ်။ နောက်ထပ်တစ်ပတ်ကြာရင် PCR စက်နဲ့စစ်တာပေါ့။ PCR စက်ကတော့ လောလောဆယ် ကျွန်မတို့မောင်တောမှာစစ်လို့မရသေးတော့ စစ်တွေကို ပို့ပါတယ်။ ပို့တဲ့အထဲမှာလည်း ပိုးတွေ့တာမရှိသေးပါဘူး။ မောင်တောနယ်စပ်ကုန်သွယ်ရေးအနေနဲ့ကတော့ တကယ်တမ်းပြောရလို့ရှိရင်ကွာရန်တင်းကို သီးသန့်ထားနိုင်မယ်။ ပြီးလို့ရှိရင် ဘုတ်ပိုင်ရှင်တွေရော၊ ဘုတ်သမားတွေရောစည်းကမ်းလိုက်နာနိုင်မယ်ဆိုရင်တော့ သိပ်တော့ ပြသနာမရှိပါဘူး ဒီဟာက။ ကိုဗစ် ၁၉ ကတော့ အခုကတော့ ဘင်္ဂလားဒေ့ရှ်က ဝင်လာမဲ့ဟာမျိုးကို ကြောက်တာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာလည်း နဂိုကတည်းကလည်း ရှိနေနိုင်တာပဲလေ။ ရှိခဲ့တာပဲ။ ကျွန်မတို့ မောင်တောဆိုလည်း ပထမလှိုင်း၊ ဒုတိယလှိုင်းဖြစ်ခဲ့တာပဲ။ အဲဒီတော့ တတိယလှို်င်းအနေနဲ့ မလာနိုင်ဘူးလို့မပြောနိုင်ဘူး။ ဆိုတော့ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့တော့ လိုပါလိမ့်မယ်။ အပြင်ထွက်လို့ရှိရင် နှာခေါင်းစည်းတပ်မယ်။ တတ်နိုင်သရွေ့အပြင်မထွက်ဘဲနေမယ်။ လူစုလူဝေးတွေကို ရှောင်မယ်။ ပြီးလို့ရှိရင်လက်ဆေးမယ်။ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ လူတိုင်းမှာလိုအပ်ပါတယ်။
ဦးအောင်မြင့်သိန်း (ဒုဥက္ကဋ္ဌ၊ ကညင်ချောင်းစီးပွားရေးဇုန်၊ မောင်တောမြို့။)
နယ်စပ်ကုန်သွယ်ရေးက နှစ်ပိုင်းရှိတယ်။ စစ်တွေကသွားတဲ့အပိုင်းနဲ့ မောင်တောကသွားတဲ့အပိုင်း။ စစ်တွေက သွားတဲ့အပိုင်းမှာ အဲဒီဘက်ကမ်းမှာစက်လှေဟာ ခြောက်ရက်၊ ခုနစ်ရက်တင်ရတယ်။ မတင်ရဘဲ တစ်ရက်နှစ်ရက်စောင့်ရရင်တော့ အဲဒီမှာ ၁ဝ ရက်လောက် အေးအေးဆေးဆေးနေရတယ်။ စစ်တွေက စက်လှေတွေကျတော့ပေါ့။ ဒီလိုဆိုရင် မောင်တောဘက်ကစက်လှေတွေက မနက်ကသွားရင် ညပြန်တယ်။ လွန်ရော တစ်ညပဲအိပ်ရတယ်။ မောင်တောက စက်လှေမှာပါသွားရင် အိတ်အရေအတွက်က ဥပမာ စက်လှေတစ်စီးမှာ တစ်ထောင်ပါတယ်ဆိုရင် ဒိုနာတစ်သောင်းလောက်ပါတယ်ပေါ့။ စစ်တွေက စက်လှေကကျတော့ အကြီး။ လှေလိုက်သားက ရှစ်ယောက်၊ ကိုးယောက်။ မောင်တောက စက်လှေတွေမှာက သုံးယောက်။ မောင်တောကစက်လှေတွေက တစ်နေ့မှာတစ်ခေါက်။ လွန်ရော၊ ကျွံရော တစ်ညအိပ်ပဲ။ နေ့ချင်းပြန်လည်း သွားကြတယ်။ သူတို့ကတော့ အဲဒီမှာကပ်ပြီးတော့ ဆယ်ရက်လောက်နေနေတဲ့ ကာလအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းမှာ စက်လှေတစ်စီးဟာ ဆယ်ရက်လောက်ကြာအောင်ရပ်နားတယ်။ စစ်တွေကစက်လှေပေါ့။ မောင်တောက စက်လှေကတော့ တင်တယ်။ နာရီပိုင်းရပ်နားတယ်။ အချိန်မမီလိုက်ရင် တစ်ညအိပ်တယ်။ ဒီရောဂါက ရိုးရိုးပြောရရင် မောင်တောကစက်လှေမှာ တစ်ကောင်ပါလာရင် စက်လှေမှာ ဆယ်ကောင်ပါလာမယ်ပေါ့။ ဆယ်ရက်နေလို့။ ကျွန်တော်တို့သည် မောင်တောဘက်ကပေါ့။ နည်းနည်းလောက် စေ့စပ်တယ်လို့ ပြောလို့ရတယ်။ ရောဂါကူးစက်မှုလည်း ရာခိုင်နှုန်းနည်းတယ်။ သို့သော် ရောဂါပိုးက ဘယ်သူ့ကို ရွေးလို့ကူးမယ်လို့ပြောတာမဟုတ်ဘူး။ ဟိုက ဆယ်ရက်လောက်နေတယ်။ ဒီက တစ်ရက်ပဲနေရတယ်။ ပိုးစစ်လို့တွေ့ရင်လည်း စစ်တွေဘက်မှာပဲ တွေ့တယ်။ မောင်တောမှာ တွေ့တဲလူတွေက နယ်စပ်ကုန်သွယ်ရေးနဲ့လာတဲ့လူတွေမဟုတ်ဘူး။ ခိုးဝင်။ ခိုးဝင်ဘင်္ဂါလီတွေပေါ့။ ခိုးလို့ရွာမှာရောက်နေလားမသိဘူး။ အဲဒီမှာသူ့ကိုစစ်တော့့ ပိုးတွေ့တာ။ နယ်စပ်ကုန်သွယ်ရေးမှာ လုပ်နေတဲ့လူတွေကလည်း ဒီဘက်မှာ စက်လှေမှာနေတယ်။ ပစ္စည်းတင်တယ်။ ပြန်ထွက်သွားတယ်။ ကညင်ချောင်းစီးပွားရေးရှိသွားတာက နယ်စပ်ကုန်သွယ်ရေးမှာ အားရှိသွားတယ်။ ဒေါင့်ပေါင်းစုံကကောင်းသွားတယ်။ မြို့နဲ့လည်းအဝေးကြီး။ ကွာရန်တင်းစင်တာဆောက်ဖို့လည်း ကုတင်၊ အဆောက်အအုံတွေမှာ ကွာရန်တင်းစင်တာလုပ်ထားကြတယ်။ တစ်ဦးနဲ့တစ်ဦးထိတွေ့မှုသိပ်မရှိဘူး။ အဖြစ်မှန်နော် မြေပြင်မှာ။ ဟိုလိုမျိုး စစ်တွေကောင်းတယ်။ မောင်တောမကောင်းဘူး။ မောင်တောကောင်းတယ်။ စစ်တွေမကောင်းဘူး ပြောတာမဟုတ်ဘူး။ မောင်တောကိုပိတ်မလားဆိုရင် ကျွန်တော်တို့ဘက်ကပိတ်နိုင်တယ်။ ကျန်းမာရေးလောက် ဘာမှ အရေးမကြီးဘူး။ အသက်ထက်အရေးကြီးတာ ဘာမှ မရှိဘူး။ ငွေဟာ နောက်ကပါ။ ကျွန်တော့်အနေနဲ့ပြောရရင် ကညင်ချောင်းစီးပွားရေးဇုန်ဖွင့်လိုက်တယ်။ နိုင်ငံတော်က အမြတ်ရတယ်။ ကုန်သွယ်ရေးအမြတ်ရတယ်။ နောက်ပြီး အဲဒီမှာ လုပ်စားနေတဲ့ ကုန်သည်တွေလည်း အမြတ်ရတယ်။ ကျွန်တော့်အနေနဲ့ ဘာအမြတ်မှမရှိဘူး။ ကညင်ချောင်းစီးပွားရေးဇုန်ကို အလကားတောင်ပေးထားတယ်။ ဘာမှလည်း မကောက်ဘူး။ လူသားအားလုံးအတွက် အဆင်ပြေဖို့ လုပ်ထားတာပါ။ တကယ့်တကယ်ပိတ်သင့်ရင်တော့ ပိတ်ရမှာပါပဲ။ ပိတ်လာနိုင်ပါတယ်။ စစ်တွေမှာလည်း တစ်နေ့တည်းမှာ သုံးဆယ်ကျော်တွေ့ထားတယ်ဆိုတော့။ ကျွန်တော်ကတော့ အဲလိုသုံးသပ်တယ်။ ကျွန်တော်ကတော့ ရန်ကုန်ရောက်နေတဲ့အတွက် အစိုးရက တစ်စုံတစ်ရာအကြောင်း ကြားလာပြီလားမသိသေးဘူး။ အခုထိတော့ မကြားသေးပါဘူး။
(ပြီး)

Share: