အောင်ဇံ
နိ၇ဉ္စရာ၊သြဂုတ် ၂၁/၂၀၂၁
ရက္ခိုင့်တပ်တော်(AA)
တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက်နေ့၌ ပြည်ပ အခြေစိုက် အာရက္ခမီဒီယာနှင့် အင်တာဗျူးအစီအစဥ်တွင် မူဆလင်ဘာသာဝင်များကို အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ရဲလုပ်ငန်းများတွင်ပါဝင်လာနိုင်အောင် စီစဥ်နေကြောင်း ပြောကြားခဲ့သည်။ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ကယခုကဲ့သို့ ပြောဆိုလာခြင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း ရခိုင်နိုင်ငံရေးခေါင်းဆောင် တစ်ဦးက ပထမဆုံးအကြိမ် မူဆလင်များနှင့်ပတ်သက်ပြီး ထူးခြားမှုရှိသည့် အပြုသဘောဆောင် ပြောဆိုလာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။၇ခိုင်ပြည်နယ်တွင် ၇ခိုင်လူမျိုးများနှင့်မူဆလင်ဘာသာဝင်များကြား ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များကြားတွင်ဘာသာရေး၊လူမျိုးရေး ပဋိပက္ခများဖြစ်ပွားခဲ့ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းများကြားမယုံကြည်မှုများ ဖြစ်ပွားခဲ့သည်။ထို့ကြောင့်ရက္ခိုင့်တပ်တော်၏ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးလုပ်ငန်းစဥ်များတွင် မူဆလင် ဘာသာဝင်များကိုပါ ထည့်သွင်းလာမည့်အပေါ်ရခိုင်နှင့်မူဆလင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၏ အမြင်များကို နိရဉ္စရာသတင်းဌာနမှ သတင်းထောက် အောင်ဇံက မေးမြန်းတင်ပြထားပါသည်။-------------
ဦးကျော်မင်း(ဥက္ကဋ္ဌ၊ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ)“ ပျက်အစဉ် ပြင်ခဏပါ။ လုပ်နိုင်ရင်ကောင်းတာ ပေါ့။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတာပဲရှိသေးတယ်။ အောက်က အဖွဲ့ဝင်တွေသဘောထားက တစ်မျိုးဖြစ်နိုင်တယ်လေ ။ မတူညီတဲ့ လူအဖွဲ့အစည်း နှစ်ခုသမိုင်းမှာ အတူတကွ ရှိခဲ့တာကို အသိအမှတ်ပြုရင်၊ အနာဂတ်မှာတန်းတူညီမျှမှုရှိမယ်ဆိုရင် အားလုံး အဆင်ပြေသွားမယ်။ ပြီးတော့ ပိတ်မိနေသူ များ ကိုထွက်ပေါက်ပေးသင့်တယ်လို့ ယူဆတယ်။ ဒီလိုအုပ်ချုပ်ရေးကိစ္စတွေမှာပါဝင်ဖို့ ပြောလာတာကို မူဆလင်တွေကလက်ခံမယ်လို့ ယူဆပါတယ်။ မူဆလင် ခေါင်းဆောင်ပိုင်းက ဆော်သြပေးဖို့လည်းလိုမယ်လို့ ထင်ပါတယ်။
--------------
ဦးဖေသန်း(နိုင်ငံရေးသမား/ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ မူဆလင်တွေက ဒုတိယလူဦးရေအများဆုံးပေါ့။ ပြီးတော့ ၇ခိုင်နဲ့မူဆလင်တွေကြားထဲမှာလည်း စိတ်ခံစားမှုတွေ၇ှိတဲ့ လူမျိုးနှစ်မျိုးပေါ့။ အခုအချိန် ရခိုင်ပြည်နယ်မှာ၇ခိုင်နဲ့မူဆလင်တွေကြား ပြဿနာမဖြစ်ဖို့အရေးကြီးပါတယ်။နောက်တချိန် ကိုယ့်လုပ်ပိုင်ခွင့်တွေ ရှိလာ၊ ရလာတဲ့အခါကျွန်တော်တို့ ဖြေရှင်းလို့ရတဲ့အခြေအနေရှိတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတာက မူဆလင်တွေကိုခွဲခြားပြီး၊ နှိပ်ကွက်ပြီးပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ ရခိုင်တွေနဲ့တန်းတူရည်တူပဲ ရှိတယ်ဆိုတာကို ပုံဖော်ချင်လို့ ဖြစ်ပါတယ်။ နိုင်ငံသား အခွင့်အရေးတို့၊ တိုင်းရင်းသား တို့က ဒုတိယကဏ္ဍပေါ့။ ဒါပေမယ့်သူတို့ဟာ၇ခိုင်ပြည်ထဲမှာနေတဲ့ လူမျိုး တစ်မျိုးဖြစ်တဲ့ အတွက်နဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေမှာရဲလုပ်ငန်းတွေမှာ ပါဝင်သင့်တယ်ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်မူဆလင်တွေကို ၇ခိုင်တွေက သွားပြီး အုပ်ချုပ်တဲ့အခါမှာမကျေနပ်မှုတွေဖြစ်နိုင်သလို ၇ခိုင်တွေကလည်း သူတို့ရွာတွေကို သွားအုပ်ချုပ်ရင် တော်တော်လေးတာဝန်ကြီးပါတယ်။ မူဆလင်တွေကိုလည်း သူတို့ရွာတွေကို အုပ်ချုပ်နိုင်အောင်ရဲလုပ်ငန်းတွေမှာပါဝင်လာအောင် လုပ်ခြင်းအားဖြင့် ULAကလုပ်နေတဲ့အုပ်ချုပ်ရေးလုပ်ငန်းစဥ်တွေ တရား စီရင်ရေးတွေ ပိုမိုလွယ်ကူလာမယ်ဆိုတဲ့ သဘောနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒီလိုပြောဆိုတယ်လို့ ကျွန်တော်သဘောပေါက်ပါတယ်။
-----------------------
ဦးအောင်ခင်(စစ်တွေ)၊မူဆလင်သာသာပြန်စာရေးဆရာအခု ရက္ခိုင့်တပ်တော်ဗိုလ်ချုပ်ကရခိုင်ဒေသက အုပ်ချုပ်ရေးပိုင်းနဲ့ ရဲလုပ်ငန်းတွေမှာ မူဆလင်တွေ ကိုလည်း နေရာပေးမယ်လို့ပြောလာတာကဒီနှစ်၅၀ ကျော်အတွင်းမှာ၇ခိုင်ဒေသမှာ ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခုဖြစ်တဲ့ အတွက်ကြောင့်ကျနော်တို့ အများကြီးကျေးဇူးတင်ပါတယ် ။၇ခိုင်ဒေသ ငြိမ်းချမ်းဖို့အတွက်ကြောင့်နှစ်ဖက်လူ့အသိုင်းအဝိုင်းနှစ်ခုဖြစ်တဲ့ ရခိုင်နဲ့မူဆလင် သဟဇာတ ဖြစ်ဖို့အတွက်လည်း အများကြီးအကျိုးသက်ရောက်မှုရှိမယ်လို့ မြင်ပါတယ်။ သို့သော်လည်း ဒီလိုအုပ်ချုပ်ရေးပိုင်းမှာတော့ မူဆလင်အုပ်စုထဲကလည်း မသမာတဲ့ လူပုဂ္ဂိုလ်တွေ ဝင်လာမှာကိုလည်းသတိထားဖို့ လိုအပ်ပါတယ်။အထူးသဖြင့်အန်ကယ်တို့ လိုလားတာကတော့ ၇ခိုင်နဲ့ မူဆလင် ချစ်ကြည်ရေးကိုလိုလားတဲ့တကယ့်ရခိုင်မြေကို သစ္စာရှိတဲ့၊ အမုန်းတရားကိုမပြောကြတဲ့ မေတ္တာ တရားကို ပြောကြမယ့် မူဆလင်တွေ ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် မူဆလင် လူထုကို ခေါင်းပုံဖြတ်ပြီးတော့ ခေါင်ဆောင်ဆိုပြီးလူတန်းစားက ၂ မျိုးရှိတယ်။တစ်မျိုးက ဘာသာရေး အစွန်းရောက်ပြီး နိုင်ငံရေး၊ လူမှုရေးဘာမှနားမလည်တဲ့ မော်လဝီဆိုတဲ့ မူဆလင် ဘာသာရေး ခေါင်းဆောင်တွေကိုလုံး၀ပါဝင်ခွင့်မပေးနဲ့။ နောက်တမျိုးက မူဆလင်တွေထဲမှာ၇ခိုင်ပြည်မှာ ရှိနေတာကပညာမတတ်ကြတာတွေများကြတယ်။ ခေါင်းဆောင်ဆိုတဲ့ ဟာလည်း မရှိဘူး။ ဒါတွေကို ကျွန်တော့ရဲ့" ရိုဟင်ဂျာရှင်းတမ်း''စာအုပ်မှာအပြည့်အစုံရေးထားပါတယ်။ ဒါပေမယ့် မူဆလင် ပြည်သူတွေကတော့ ဒီလို ပါဝင်ခိုင်းတာကိုသေချာပေါက်လက်ခံမှာ။ ၉၅ ရာခိုင်နှုန်း အထိ လက်ခံကြမှာသေချာပါတယ်။
------------
စောစံငြိမ်းသူ(ဥက္ကဋ္ဌ၊ ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့)ကျွန်မတို့အမြင်အ၇ဆိုလည်းဒီလိုလုပ်တာဟာ သင့်တင်လျောက်ပတ်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မူဆလင်တွေနဲ့ ၇ခိုင်တွေဟာတချိန်တခါက ချစ်ချစ်ခင်ခင်နဲ့အကြာကြီးနေထိုင်လာကြသူတွေ ဖြစ်တယ်။ဒါပေမယ်လည်း၂၀၁၂ ကနေစပြီးတော့ ၂၀၁ရအထိဖြစ်ခဲ့တဲ့ ပြဿနာတွေကလည်း ဒါကတကယ့် ဒီဒေသမှာ ရှိနေတဲ့ မူဆလင်တွေရဲ့ လှုံ့ဆော်မှုတွေထက် ပြည်ပကနေလာတဲ့ ပရောဂ တွေကြောင့်ပဲ ဒီလိုမျိုးပြဿနာတွေဖြစ်ခဲ့တယ်လို့ပဲ ကျွန်မတို့ယုံကြည်တယ်။ အဲ့ဒါကြောင့်မို့ဒီမူဆလင်တွေနဲ့ ၇ခိုင်တွေကြားထဲမှာ ဒီလိုမျိုး ပြဿနာတွေ ထပ်ခါထပ်ခါ ဖြစ်နေဖို့ဆိုတဲ့ဟာထက်တကယ့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတွေကို တည်ဆောက်ပြီးတော့နေထိုင်သွားရမှာ တွေရှိတယ်ပေါ့လေ။ အဲ့အထဲမှာမှ တရားဝင်နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေ ရှိလာမယ်။ပြီးတော့ ယာယီနေထိုင်တဲ့သူတွေဆိုလို့ ရှိရင်လည်းဘယ်သူတွေက ဒုက္ခသည်တွေဖြစ်တယ် စသည်ဖြင့်ပေါ့။အဲ့လိုနေရာချထားမှုတွေနဲ့ အဖြေရှာတဲ့ အစီအစဥ်တွေကိုလည်း လုပ်ကို လုပ်၇မှာဖြစ်တယ်။
ဒါကြောင့်မို့ကျွန်မတို့က ဖယ်ချန်ထားလို့မ၇ဘူး။အတူတကွနေထိုင်လာတဲ့ လူအုပ်စုတစ်ခု ဖြစ်တယ်ဆိုတော့ဒီလိုပါဝင်ဖို့ပြောလာတာဟာ သင့်တင့်လျောက်ပတ်တယ်လို့ မြင်တယ်။
------------------
ကိုမင်းဘာချေ(ဥက္ကဌ၊ ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများ-ကွန်ရက်)ဒီလို အုပ်ချုပ်ရေးလုပ်ငန်းတွေမှာမူဆလင်တွေပါ ထည့်သွင်းလာမယ့်အပေါ်မှာ မှတ်ချက်ပေးစရာတော့ သိပ်မရှိဘူး။ ဘာလို့မရှိဘူးလဲဆိုတော့ လူသားဖြစ်တည်မှုအပေါ်ကိုလက်ခံပြီးတော့ စဥ်စားကြတဲ့အပိုင်းမှာရှိတာပေါ့။ ဆိုတော့ ရခိုင်ပြည်မှာရှိတဲ့ပြည်သူတွေဟာ ၇ခိုင်ဖြစ်မယ်.၇ခိုင်မျိုးနွယ်စု တွေဖြစ်တဲ့ မြို၊သက်၊ခမီ၊ဒိုင်းနက်၊မ၇မာ၊ ကမန် တွေဖြစ်ကောင်းဖြစ်မယ်။ အဲ့ဒါတွေအပြင်ရခိုင်ပြည်မှာရှိနေကြတဲ့ မူဆလင် community အပိုင်းကလည်း ရှိကောင်းရှိမယ်။ဒါတွေ အကုန်လုံးဟာကျွန်တော်တို့ ရခိုင်ပြည်မှာ ဒေသရဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ သဟဇာတရှိရှိ နေထိုင်ဖို့ အရေး၊ ကျနော်တို့ရဲ့ အနာဂတ်သွားလို့အရေးတွေကိုရှေ့၇ှုပြီးတော့ ပြောတဲ့လုပ်ဆောင်မှုတွေ ဖြစ်တယ်။ဒါက လူသားဆန်တဲ့စဥ်းစားမှု၊ တွေးခေါ်မှု လုပ်ဆောင်မှု ဖြစ်တဲ့အတွက်ကျွန်တော်တို့ လက်ခံတယ်။ ဒါက အရမ်းကိုကောင်းတဲ့လုပ်ဆောင်မှုဖြစ်တယ်။ အားလုံး လက်ခံလို့ ၇တဲ့လုပ်ဆောင်မှုလို့ ကျနော်တို့ မြင်တယ်။ အတိုင်းအတာ တစ်ခုအထိတော့ မယုံကြည်မှုတွေ ရှိနေကြအုံးမှာပဲ။ ရခိုင်အသိုင်းအဝိုင်းရောမူဆလင်အသိုင်းအဝိုင်းကြားထဲမှာ ဒါကပြောစရာမလိုဘူး။၇ခိုင်အသိုင်းအဝိုင်းမှာလည်း အဲသလိုပြဿနာတွေရှိနေတာပဲ။ မူဆလင်အသိုင်းအဝိုင်းမှာလည်း အဲ့လိုပြဿနာတွေ ရှိနေတာပဲလေ။ ရက္ခိုင့်တပ်တော်ကမူဆလင်တွေကို အုပ်ချုပ်ရေးပိုင်းမှာ ထည့်မယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့ မယုံကြည်နိုင်စရာ မရှိပါဘူး။
(ပြီး)