အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့နှင့်ပတ်သက်ပြီး ရခိုင်ရှိ အမျိုးသမီးအချို့၏အမြင်များ


ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅ / ၂ဝ၂၁
ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့နှင့်ပတ်သက်ပြီး ရခိုင်မှအမျိုးသမီးအချို့၏ရင်တွင်းစကားသံများကို စုစည်းဖော်ပြပေးလိုက်ပါသည်။
မိုင်စုစုလှိုင် (ရခိုင်ပြည်နယ်ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း)
“ရခိုင်ပြည်နယ်ဟာဆိုလို့ရှိရင် လမ်းပန်းဆက်သွယ်ရေးဆိုရင် အရင်ကခက်ခဲတယ်။ ဖွံ့ဖြိုးမှုနောက်အကျဆုံးဆိုလို့ရှိရင် တစ်နိုင်ငံလုံးမှာဆိုရင် ဒုတိယမြို့တော်ဖြစ်တယ်။ အဲဒီအထဲမှာဆိုလို့ရှိရင် ကျွန်မတို့ရခိုင်ပြည်နယ်မှာရှိတဲ့အမျိုးသမီးအနေနဲ့ပေါ့နော်၊ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေကိုလည်း အများကြီးဆိုးကျိုးတွေကိုလည်းခံရတယ်။ ပြီးတော့ ပဋိပက္ခဆိုးကျိုးတွေကိုလည်း တန်းတူညီမျှစွာဖြင့်ခံရတယ်။ ခံရတဲ့အထဲမှာပေါ့နော်၊ အမျိုးသမီးရဲ့လုံခြုံမှုတွေ၊ အမျိုးသမီးရဲ့စိန်ခေါ်ချက်တွေလည်း ၁ဝဝ ရာခိုင်နှုန်း အပြည့်အဝပေါ့နော်။ အမျိုးသမီးတွေမှာခံစားနေရတယ်။ နောက်ပြီးလို့ရှိရင် အစ်မတို့ဒေသမှာပေ့ါနော်။ အခုဆိုရင် အမျိုးသမီးအကြမ်းဖက်မှုတွေကပေါ့နော်။ တစ်နေ့နဲ့တစ်နေ့၊ တစ်နေ့နဲ့တစ်နေ့ဟာပေါ့နော်။ ပိုပြီးတော့ကြီးစိုးလာတယ်။ အခုအချိန်မှာဆိုရင်လည်း အခုနိုင်ငံရေးအခင်းအကျင်းဆိုလို့ရှိရင်လည်း အမျိုးသမီးတွေကိုပေါ့နော်။ အကြမ်းဖက်မှုတွေကို ပိုမိုအရှိန်မြင့်စေတယ်လို့ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးအရကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးရဲ့အကြမ်းဖက်မှု၊ အမျိုးသမီးဘဝလုံခြုံမှု၊ အမျိုးသမီးတွေအတွက် ကာဗာဖြစ်ဖို့အတွက်က အရမ်းနည်းသွားပြီးတော့ အမျိုးသမီးကိုဖိနှိပ်ဖို့အတွက်ကပေါ့နော်။ ရေရှိန်မြင့်နေတယ်လို့ ကျမက နိုင်ငံရေးအခင်းအကျင်းမှာမြင်နေရတယ်ပေါ့နော်”
ဒေါ်ညိုအေး(ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ)
“ကမ္ဘာ့နိုင်ငံအသီးသီးမှာ အကုန်လုံးဒီနေ့မှာ အခမ်းအနားတွေပြုလုပ်နေကြတယ်။ ဒါပေမယ့် ဒေါ်ညိုတို့ ရခိုင်ပြည်နယ်မှာတော့ အကြမ်းဖက်မှုတွေနဲ့ အမျိုးသမီးတွေကြုံတွေ့နေရဆဲလို့ပြောချင်တယ်။ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေပပျောက်ဖို့ အမျိုးသားတွေနဲ့အများကြီးသက်ဆိုင်တဲ့အတွက် သူတို့အနေနဲ့ ဒီအကြမ်းဖက်မှုပပျောက်ရေးလုပ်တဲ့နေရာတွေမှာ အများကြီးပါဝင်ပေးဖို့လိုတယ်လို့မြင်တယ်။ တချို့နိုင်ငံတွေမှာ သိပ်ဆိုးဝါးတဲ့အခြေအနေတွေကြုံရသလို အလားတူပဲ ဒေါ်ညိုတို့ ရခိုင်ပြည်နယ်မှာလည်း အမျိုးသမီးတွေဟာ သိပ်ဆိုးဝါးတဲ့အဖြစ်အပျက်တွေကြုံနေရတာရှိတယ်။ ဥပမာ- ဒေါ်ညိုတို့ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဦးဂါအမျိုးသမီး မုဒိမ်းကျင့်ခံရမှုကိစ္စတွေပေါ့။ ဒါပေမယ့် လူစိတ်ဝင်စားမှုမရှိခဲ့ကြဘူး။ မြန်မာနိုင်ငံထဲကလူတွေ တော်တော်များများစိတ်ဝင်စားကြတဲ့ကိစ္စမဖြစ်ခဲ့ဘူး။ ဒေါ်ညိုတို့ တတ်နိုင်သလောက် ရင်ဆိုင်ဖြေရှင်းလိုက်ကြရတယ်။ တစ်ခါတစ်ခါ မြန်မာနိုင်ငံမှာ ရှိနေတဲ့အမျိုးသမီးတွေဟာ ကိုယ့်အမျိုးသမီးတွေရဲ့စွမ်းဆောင်ခြင်းတွေကို ချီးမွန်းဂုဏ်ပြုဖို့ ခက်ခဲသလိုဖြစ်ခဲ့ကြတယ်။ အမျိုးသားတွေနားမလည်တာတွေကို လက်ခံပေးလို့ရသေးတယ်။ မြန်မာနို်င်ငံထဲက အမျိုးသမီးအဖွဲ့အများစုက တစ်ယောက်သောသူကမှ ကူညီစွမ်းဆောင်ပေးခဲ့သူတွေကို ဂုဏ်ပြုစကားပြောတာမကြားဖူးသေးဘူး။ အမျိုးသမီးအချင်းချင်းတောင် ခွဲခြားဆက်ဆံမှုလုပ်နေကြရင် အမျိုးသားတွေက ကိုယ်တွေကို ဘယ်လို လေးစားမှုပေးမလဲပေါ့နော်။ ဒါကြောင့် အမျိုးသမီးတွေအချင်းချင်း စည်းလုံးဖိို့ုလိုပါမယ်”
ဒေါ်စောစံငြိမ်းသူ( ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ)
“အဓိကကတော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့အမျိုးသမီးတွေပဲဖြစ်ဖြစ် ကျွန်မတို့ဟာ နိုင်ငံတစ်ခုအတွင်းမှာ နေထိုင်ကြတဲ့အမျိုးသမီးတွေဖြစ်တယ်။ အဲဒါကြောင့် ရခိုင်အမျိုးသမီးဖြစ်သည့်တိုင်အောင် ချင်းအမျိုးသမီးတစ်ယောက်ထိခိုက်ခံစားရတယ်ဆိုလို့ရှိရင်လည်း ကျွန်မတို့ခံရတယ်လို့ ခံစားရတယ်။ ဒါကြောင့် ဒီနိုင်ငံအတွင်းမှာရှိနေတဲ့ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံက အမျိုးသမီးတွေရဲ့ခံစားမှုဟာ ကျွန်မတို့ရဲ့ခံစားမှုဖြစ်တယ်လို့ ပြောချင်တယ်။ ပြောချင်တာက မိသားစုဘဝကစပြီးတော့ ပြည်နယ်တစ်ခု၊ တိုင်းဒေသတစ်ခု၊ နို်င်ငံတစ်ခုအတွင်းမှာ အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုအာမခံချက်ရှိတဲ့ဘဝကိုသာမဖန်တီးနိုင်ရင် အဲဒီမိသားစုဘဝ၊ အဲဒီပြည်နယ်၊ အဲဒီလူမျိုး ၊ အဲဒီတိုင်းပြည်ဆိုတာ ဘယ်တော့မှ ပြည့်ဝတဲ့ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်လာနိုင်မှာမဟုတ်ဘူး။ ဒီနေ့အထိမ်းအမှတ်ကို ကမ္ဘာ့ကုလသမဂ္ဂက ၂ဝဝဝ ခုနှစ်ကတည်းကသတ်မှတ်လာတာဆိုတော့ အခုဆိုရင်သိပ်ကြာသွားပြီ။ အမျိုးသမီးများအပေါ်နည်းမျိုးစုံနဲ့အကြမ်းဖက်မှုုတိုက်ဖျက်ရေးသဘောတူစာချုပ် (CEDAW)စာချုပ်ကို မြန်မာနို်င်ငံအစိုးရက လက်မှတ်ရေးထိုးထားသည့်တို်င်အောင် အခုအချိန်အထိ် အဲဒီစာချုပ်ပါအချက်တွေအပေါ်မှာ ထိထိရောက်ရောက်အမျိုးသမီးတွေလုံခြုံရေးနဲ့ အမျိုးသမီးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးမှုက အခုအချိန်အထိ မပြောစလောက်ဆိုတဲ့အခြေအနေမျိုးမှာ ရှိပါသေးတယ်။ ဆိုတော့ အဲဒီစာချုပ်နဲ့အတူ နောက်ဆက်တွဲ ကမ္ဘာ့ကုလသမဂ္ဂဌာနခွဲတွေကနေပြီးတော့ ထွက်လာတဲ့ဆုံးဖြတ်ချက်တွေဖြစ်တဲ့လုံခြုံရေးကောင်စီရဲ့ ၁၃၂၅ ဆိုလို့ရှိရင်လည်း စစ်ပွဲဒေသတွင်းက အမျိုးသမီးများရဲ့ ဘဝလုံခြုံရေး၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို ဦးတည်ပြီးတော့ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ်ဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်တွေကိုလည်း လုံးဝ ကိုင်တွယ်ပြီးလုပ်ဆောင်တာကို လုံးဝ အခုအချိန်အထိ တရားဝင်မတွေ့ရသေးဘူး။ အဲဒီဆုံးဖြတ်ချက်အမှတ်တွေကို အကောင်အထည်ဖော်မှုအားနည်းတဲ့အတွက်မို့လို့ ဒီအမျိုးသမီးတွေအပေါ် နည်းမျိုးစုံးနဲ့အကြမ်းဖက်မှုပပျောက်ရေးလုပ်ဆောင်တဲ့နေရာမှာ ထိရောက်မှုအားနည်းတယ်ဆိုတဲ့တစ်ချက်ကိုလည်း အဓိက ပြောချင်ပါတယ်”
မခင်အေးဇံ( ကျန်းမာရေးဝန်ထမ်း၊ ပေါက်တောမြို့နယ်)
“ဝန်ထမ်းတစ်ယောက်အနေနဲ့လည်းဖြစ်တယ်၊ မိန်းမတစ်ယောက်အနေနဲ့လည်း ဖြစ်တယ်ဆိုတော့ အခက်အခဲတွေလည်း အများကြီးရှိတယ်ပေါ့။ ဘာလို့လဲဆိုတော့ အလုပ်ကိစ္စတွေ သွားရလာရတာတွေမှာ မိန်းမတစ်ယောက်တည်း အဆင်မပြေတာတွေရှိတယ်။ အဲဒီအချိန်တွေမှာ ယောကျ်ားတွေနဲ့သွားရတာ ရှိတယ်ပေါ့နော်။ တစ်ခါတလေ တစ်ချို့ခရီးတွေဆိုရင် နားလည်ပေးတဲ့သူတွေလည်း ရှိသလို တချို့ယောကျ်ားတွေဆိုရင် မိန်းကလေးမို့ စတာတွေ၊ နောက်တာတွေလည်းရှိတယ်။ ရပ်ရွာတွေမှာဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။ ဝန်ထမ်းမိန်းကလေးတွေ နေရတဲ့အချိန်မှာ တချို့ကလည်း နှုတ်အားနဲ့ စချင်ကြတာတွေ၊ ထိကပါး ရိကပါးလုပ်တာတွေကတော့ မဖြစ်သင့်ဘူးပေါ့နော်။ တချို့တွေကျတော့လည်း အရင်တုန်းကနေ ဓလေ့ထုံးထမ်းတွေ ခေါက်ရိုးကျိုးနေတဲ့ အနေအထားမှာရှိနေတယ်။ ဥပမာဆိုလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ခံရတဲ့အမျိုးသမီးတွေအနေနဲ့ အဲဒါကိုပဲ အဲဒီအမျိုးသမီးတွေရဲ့စိတ်ထဲမှာ ဓလေ့ဆိုပြီး ခေါက်ရိုးကျိုးနေကြတာတွေရှိတယ်။ ယောကျ်ားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ အဓိကကတော့ မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးတွေကို အကြမ်းဖက်မှုပပျောက်ရေးအတွက် နိုင်ငံတကာမှာ လက်မှတ်တွေရေးထိုးထားပေမဲ့လည်း မြို့ပြနဲ့ဝေးတဲ့ နေရာတွေမှာဆိုလို့ရှိရင်တော့ အဲဒါတွေက သူတို့အသိထဲမှာ မရှိဘူး။ အဲလိုမျိုးကာကွယ်ပေးထားတဲ့အကြောင်းတွေကို ဒေသအထဲကမိန်းကလေးတွေသိမြင်နိုင်ဖို့အတွက် သူတို့ကို အသိပညာတွေများများပေးရမယ်။ မိန်းမအဖွဲ့အစည်းတွေကဖြစ်ဖြစ်၊ NGO အဖွဲ့အစည်းတွေကဖြစ်ဖြစ် ကြီးမှူးပြီးတော့ အမျိုးသမီးအကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍတွေနဲ့ အများကြီးအသိပညာပေးရမယ်။ ဒီဟာက မိန်းမတွေရဲ့အခွင့်အရေးကို ဒီလိုကာကွယ်ပေးလို့ရတယ်ဆိုတဲ့ ဥပဒေတွေကို သူတို့နားလည်လာအောင်စွမ်းဆောင်ရမယ်”

Share: