သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်မြို့အချို့ အင်တာနက်လိုင်း ထပ်မံဖြတ်တောက်ခံရမှုအပေါ် အမြင်များ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 518

ထက်အောင်
နိရဥ္စာ၊ ဖေဖော်ဝါရီ ၁၂ / ၂ဝ၂၂
ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူ၊ မောင်တောနဲ့ မြောက်ဦးစတဲ့မြို့နယ် ၅ ခုမှာ ဒီကနေ့ ဖေဖော်ဝွါရီလ ၁၂ ရက် မနက်ပိုင်းကစပြီး အင်တာနက်လိုင်းတွေဖြတ်တောက်ခံလိုက်ရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၄ နာရီကနေ ည ၁၁ နာရီအထိ အင်တာနက်လိုင်းဖြတ်တောက်ခံရမယ်လို့လည်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။
ရခိုင်မှာ ၂ဝ၁၈ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ချိန်မှာလည်း ရခိုင်က မြို့နယ် ၈ ခုမှာ အင်တာနက်လိုင်း ၁ နှစ်ကျော်အကြာ ဖြတ်တောက်ခံခဲ့ရပါတယ်။ အဲဒီမြို့နယ်တွေမှာ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်ကနေ အင်တာနက်လိုင်း ပြန်လည်ရရှိခဲ့ပါတယ်။
အဲဒီနောက် ဒီကနေ့မှာ မြို့တချို့ အင်တာနက်လိုင်း ထပ်မံဖြတ်တောက်ခံလိုက်ရတာပါ။ ဒီလိုမျိုး အင်တာနက်လိုင်းဖြတ်တောက်ခံလိုက်ရတဲ့အပေါ် ရခိုင်ပြည်သူတချို့ကို နိရဥ္စရာသတင်းထောက် ထက်အောင်က မေးကြည့်ထားပါတယ်။
ကိုဂျပန်ကြီး (ကုလရက္ခိတအသင်း - ကျောက်ဖြူ)
“အင်တာနက်လိုင်းက မနေ့က ည ၁၀ နာရီလောက်ကတည်းက ပြတ်သွားတာ။ အခုခေတ်က IT ခေတ်ဖြစ်ပါတယ်။ ဒီလောက် နည်းပညာခေတ်မှာ အင်တာနက်လိုင်းမရရင် လူတွေ ဘယ်လိုအလုပ်လုပ်မလဲ။ ဒါကြောင့် ဒီနေ့ ပြည်ထောင်စုနေ့လို့တော့မဟုတ်ဘူး။ ဘယ်အချိန်မဆို အင်တာနက်လိုင်းကို ဖွင့်ထားသင့်တယ်လို့ မြင်တယ်။ အင်တာနက်လိုင်းမရှိရင် ငွေရေးကြေးရေးလည်ပတ်မှုတွေရော၊ အလုပ်အကိုင်တွေပါအကုန်လုံး ရပ်တန့်သွားနိုင်တယ်။ အဲဒါက ပြည်သူလူထုရဲ့ တုံ့ပြန်မှုကို သူတို့တွေက လက်မခံနိုင်ဖြစ်နေတဲ့ သဘောပါပဲ။ ပြည်သူလူထုကို သူတို့ ထားတဲ့အတိုင်းနေရမယ်။ ပြောတဲ့အတိုင်းလုပ်ရမယ်ဆိုတဲ့စနစ်က အခုအချိန်ထိမပျောက်သေးဘူးဆိုတာ သိသာသွားပါတယ်”
ဒေါ်မိမိခိုင် (၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ၊ သံတွဲမြို့)
“သံတွဲမှာရှိတဲ့ ပုလဲရတနာကျောင်းတိုက်မှာ ထူပါရုံစေတီမှာဘုရားပွဲလုပ်နေတယ်။ အဲဘုရားပွဲမှာ ဒီနေ့ဆိုရင် ကျင်ပွဲတွေကျင်းပပါမယ်။ အဲဒါကို ကိုယ့်ရခိုင်လူမျိုးတွေကြည့်ရှုနိုင်အောင် လိုင်းပေါ်မှာ Live လွှင့်မယ်လို့ လုပ်နေတာ အခု လွှင့်လို့မရတော့ဘူး။ ဘုရားပွဲလုပ်နေတာဆိုတော့ လိုင်းပေါ်ကနေ အလှူခံရတယ်။ အဲဒီ အလှူခံမယ့်ကိစ္စလည်း မရတော့ဘူး။ ပြည်ထောင်စုနေ့ကို ခမ်းခမ်းနားနားနဲ့ပတ်သက်ပြီး တစ်ချိန်လုံး TV မှာ ထုတ်လွှင့်နေတယ်။ ဆိုတော့ ပြည်သူတွေက ဒီဟာတစ်ခုတည်းကို ကြည့်နေရမှာလား။ တခြားအကြောင်းအရာတွေကို ကျမတို့သိခွင့်မရှိဘူးလား။ ဒီနေ့မနက်ကစပြီး ကျမတို့မှာ အဆက်အသွယ်တွေပြတ်ကုန်ပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကုန်လုံးအဆက်အသွယ်ပြတ်ကုန်တာပေါ့။ အခုလို အင်တာနက်လိုင်းဖြတ်တာကို ကျမ မနှစ်သက်ပါဘူး။ ဒီလိုမလုပ်သင့်ဘူးလို့လည်း မြင်တယ်။ ဘာကိုစိုးရိမ်လို့ လိုင်းဖြတ်တာလဲ။ ဘာကြောင့်ဒီလိုလုပ်တာလဲ။ ပြဿနာတစ်ခုဆိုတာ ကျော်သွားလို့ရတာမျိုးမဟုတ်ဘူး။ ဖြေရှင်းစရာရှိတာကို ဖြေရှင်းရမှာပဲ။ ဒီလိုမျိုး ပြည်သူတွေကို မျက်စိပိတ်၊ နားပိတ်လုပ်တာကို လုံးဝလက်မခံနိုင်ပါဘူး”
ကိုမင်းဘာချေ (ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ စစ်တွေ)
“လက်ရှိရခိုင်မှာ မောင်တောဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့သဘောမျိုး ရှိလာပါတယ်။ ညမထွက်ရအမိန့်လည်း ထုတ်တယ်။ အခုလည်း အင်တာနက်လိုင်းဖြတ်တယ်ဆိုတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။ ရှေ့မှာလည်း အတွေ့အကြုံ၊ သာဓကတွေ ရှိပြီးသားပါ။ ဖြစ်တယ်ဆိုတာနဲ့ သတင်းအချက်အလက်တွေကို ပိတ်ဖို့၊ ပြီးတော့ တခြားမလိုလားအပ်တဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာမှာ စိုးရိမ်မိပါတယ်။ ဒီလို အင်တာနက်လိုင်းဖြတ်လိုက်တဲ့အခါမှာ လူအခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာရင် နိုင်ငံတကာကသိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ကျနော်တို့အားလုံး စဉ်းစားဖို့လိုပါတယ်”
ဦးမြတ်ထွန်း (ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့)
“အင်တာနက်လိုင်းဖြတ်တာကတော့ မီဒီယာကိုဖြတ်တောက်တာနဲ့အတူတူပါပဲ။ သူတို့လုပ်ချင်တာလုပ်မယ်ဆိုတဲ့သဘောပါဘဲ။ ဒါကြောင့်လည်း အင်တာနက်လိုင်းတွေကို ဖြတ်လိုက်ပြီး သတင်းအမှောင်ချတာဖြစ်နိုင်တယ်လို့သုံးသပ်တယ်။ ပြည်သူလူထုရဲ့သတင်းသိပိုင်ခွင့်တွေနဲ့ ပွင့်လင်းမြင်သာမှုကို ပိတ်ပင်တာဖြစ်ပါတယ်။ မီဒီယာဆိုတာက ပြည်သူတစ်ရပ်လုံးရဲ့ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်ကို ဖော်ပြတာဖြစ်ပါတယ်။ ဒါကလည်း လူ့အခွင့်အရေးချိုးဖောက်ခံခြင်းတစ်ခု ဖြစ်ပါတယ်။ အဓိကပြောချင်တာကတော့ ဒီလိုလုပ်တာမကောင်းဘူးလို့ ပြောခင်တယ်။ ဒီလောက် အင်တာနက်ခေတ်မှာ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေးစနစ်တစ်ခုကို လုပ်ပေးစေချင်တယ်လို့ပဲ ပြောချင်ပါတယ်”

ဆက်စပ် သတင်းများ