AA တပ်မှူးချုပ်ရဲ့ Twitter မှာ အနောက်ပိုင်းတိုင်းမှူးကို ရည်ရွယ်ရေးသားထားတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှနှင့်အင်တာဗျူး


(အကြီးတန်းသတင်းထောက် ကိုမျိုးထွန်း မေးမြန်းသည်။)

(၆-၅-၂၀၂၂)

ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးထားရုံနဲ့တော့ လက်ရှိမှာ ငြိမ်းချမ်းရေးအသီးအပွင့်ကို ပြည်သူလူထုခံစားခွင့် ရတယ်လို့ မမြင်ဘူး

 ဦးသာထွန်းလှ ( ဥက္ကဋ္ဌ၊ ရခိုင်အမျိုးသားပါတီ)

ရက္ခိုင့်တပ်တော် ( AA) ပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး ရည်ရွယ်ပြီးရေးထားတဲ့ ပိုစ့်တစ်ခု ဒီကနေ့မနက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာမှာ ပြန့်နှံ့လာတာကို တွေ့ရပါတယ်။ အဲဒီပိုစ့်မှာ ကိုထင်လတ်ဦး သိပ်လျောက်မလုပ်နဲ့ အာရုံနောက်နေပြီ  ငြိမ်းချမ်းရေး ဘာညာလောက် သောက်ဂရုစိုက်မှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာနော် လို့ ရေးသားထားပါတယ်။ အခုလို လူသိရှင်ကြား  ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ဖော်ရေးသားလိုက်တဲ့အတွက် ရခိုင်ပြည်မှာ စစ်ပွဲတွေပြန်ပြီးဖြစ်လာ နိုင်မလားလို့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးသာထွန်းလှကို မေးကြည့်တဲ့အခါ သူကအခုလိုစပြောပါတယ်။

ဦးသာထွန်းလှ-  ဖြစ်နိုင်လားဖို့လားဆိုတာကတော့ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်က အခုလို စာနဲ့ထုတ်ပြီးရေးလာတာက တချို့ကိစ္စတွေရှိနိုင်တယ်။ အဲဒီကိစ္စတွေကို ဖြေရှင်းဆောင်ရွက်သွားဖို့လိုတဲ့အတွက် ဖြစ်တယ်လို့ မြင်တယ်။ ဖြေရှင်းဆောင်ရွက်ဖို့ လိုတဲ့အတွက်ကြောင် ဒီလို စာထုတ်ပြီး ရေးလာတဲ့ အခြေအနေလို့မြင်တယ်။ ရခိုင်ပြည်မှာက အပစ်အခတ် ရပ်စဲထားတာက ၂၀၂၀ ရွေးကောက်ပွဲအလွန်ကတည်းက အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူထားတဲ့သဘောဘဲရှိတယ်။ ဒါကြောင့် ဒီငြိမ်းချမ်းရေးရယူထားတက Gentleman  Agreement  သာဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးပြီး အဖြေရယူထားတဲ့ ငြိမ်းချမ်းရေး မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆိုတာ ပြည်သူလူထု အကျိုးခံစားခွင့်ရဖို့ အရေးကြီးတယ်။ ဥပမာပြောရရင် ရခိုင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ထားရုံနဲ့တော့ လက်ရှိမှာ ငြိမ်းချမ်းရေးအသီးအပွင့်ကို ပြည်သူလူထုခံစားခွင့် ရတယ်လို့ မမြင်ဘူး။ ဒီကြားထဲမှာလည်း ဥပမာတစ်ခုပြောရရင် လက်ရှိ ရက္ခိုင့်တပ်တော်  AAနဲ့ဆက်စပ်တယ် ဆိုပြီး တချို့ပုဂ္ဂိုလ်တွေကို အခုရက်ပိုင်းအတွင်းမှာ ဖမ်းဆီးစစ်ဆေးမှုတွေ ကြားနေရတယ်။ တစ်ဘက်က ပြန်ကြည့်ရင်လည်း ရခိုင်ပြည်နယ်မှာ ကူးလူးဆက်ဆံရာတွေမှာ ကုန်ပစ္စည်းတွေကို ကုန်းလမ်းနဲ့သယ်ယူရာတွေမှာလည်း စစ်ဆေးရေး ဂိတ်တွေ တင်းကျပ်မှုတွေများလာနေတယ်လို့ ကြားနေရတယ်။ ဒါတွေက လက်တလော ရခိုင်ပြည်နယ်မှာ ဖြစ်လာတာတွေ၊ ဒါတွေကို ဆက်လုပ် နေတယ်ဆိုရင်တော့ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တယ်။

 

မေး- တစ်ဘက်မှာလည်း စစ်ကောင်စီဥက္ကဌက ငြိမ်းချမ်းရေး ခေါ်ထားပြီးတော့ တစ်ဘက်မှာ လည်း ရခိုင်ပြည်မှာသာမက ဧရာဝတီနဲ့ ချင်းပြည်နယ်ဘက်တွေမှာလည်း AA နဲ့ဆက်စပ်တယ်ဆိုပြီး လူတွေကို ဖမ်းဆီးနေတာတွေကရှိနေပါတယ်။ ဒါတွေက  ဘယ်ကို ဦးတည်သွားနိုင်တယ်လို့မြင်ပါလ
ဦးသာထွန်းလှ- လူတွေကို ဖမ်းဆီးတယ်။ စစ်ဆေးတယ်။ တားဆီးတယ်။ ပိတ်ပင်တဲ့လုပ်ရပ်တွေက ငြိမ်းချမ်းရေးမှာ ပြည်သူလူထုက အကျိုးခံစားခွင့် မရှိဆိုတဲ့ လက္ခဏာကိုပြနေတာဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး လူထုက အကျိုး မခံစားရသေးဘူး။ အပစ်အခတ်ရပ်စဲထားရုံသက်သက်နဲ့  လူတွေအကျိုး မခံစားရ သေးဆိုတာကို ပြနေတာဖြစ်တဲ့အတွက်ကြောင့် တစုံတရာသံသယရှိတိုင်း ဖမ်းဆီးဖို့ စစ်ဆေးဖို့ ဒီလိုလုပ်နေ တာတွေက တစ်ဘက်က ပြန်ကြည့်ရင် စစ်ရေးအရပိုတင်းမာတဲ့ အခြေအနေ တရပ်ကိုလည်း မရောက်သွားနိုင်ဘူးလို့ ပြောမရတဲ့ အခြေအနေတရပ် ဖြစ်တယ်။ တစ်ဘက်မှာ ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့ ခေါ်နေပေမဲ့ တစ်ဘက် မှာ ဒီလို ဖမ်းဆီးမှုတွေ ပိတ်ဆို့မှုတွေလုပ်နေတာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်မှာ ပြည်သူတွေမခံစားရ ဆိုတဲ့ ဆန့်ကျင်ဘက်ရလာဒ်တွေ ဖြစ်နေတယ်လို့မြင်တယ်။ ဒါကြောင့် စစ်ရေးတင်းမာမှု တွေ မဖြစ်လာနိုင်ဘူး လားမေးရင်။ စစ်ရေးတင်းမာမှုဘက်ကိုပိုပြီး ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ အဲလိုသုံးသပ်လို့ ရတယ်။

မေး- နောက်တခုက ရခိုင်ပြည်မှာ စစ်ပွဲတွေဖြစ်လာရင် အခုဖြစ်နေတဲ့  မြန်မာနိုင်ငံတစ်ခုလုံးမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ အခြေအနေ ချိန်ခွင်လျှာက ဘယ်လိုပြောင်းလွဲမှုတွေ ဖြစ်လာမယ်လို့မြင်ပါသလဲ
ဦးသာထွန်းလှ- လောလောဆယ် တည်ငြိမ်နေတဲ့ ရခိုင်ပြည်မှာ စစ်ပွဲတွေ ထပ်ဖြစ်လာရင် မြန်မာနိုင်ငံမှာ စစ်မျက်နှာ ပိုကျယ်လာဖို့ ဖြစ်တယ်။ အဲလိုဖြစ်လာတဲ့အတွက်ကြောင့် တခြားဒေသတွေမှာလည်း စစ်ရေး ပဋိပက္ခတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျယ်ပြန်တဲ့ စစ်ရေးပဋိပက္ခတွေ မဖြစ်သွားနိုင်ဘူးလို့ ပြောလို့မရ ဖြစ်မယ်။

မေး- အခုလက်ရှိ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေက ဘယ်လိုရှိပါလဲ။  တင်းမာမှု ရှိတယ်လို့ ပြောလို့ရနိုင်မလား  ဒါမှမဟုတ် ပုံမှန်အနေအထားလို့ ပြောနိုင်မလား ဘယ်လိုမြင်ပါသလဲ။
ဦးသာထွန်းလှ- လတ်တလောအခြေအနေမှာတော့ စစ်တွေမြို့တွေမှာတောင် ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတဲ့ အတွက်ကြောင့် အခြေအနေက ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် အကျိုးရှိတဲ့ လုပ်ငန်းစဉ်တွေမဟုတ်ဘူးလို့ မြင်တယ်။ ဒါကြောင့် ရှေ့ကပြောခဲ့သလို ငြိ်မ်းချမ်းရေးဖြစ်စဉ်ဟာ လူထု အကျိုး ခံစားခွင့်မရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်သာဖြစ်တယ်။ ဒါကြောင့်လူထု ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားခွင့်ရဖို့ အရေးကြီးတယ်။ လူထုခံစား ခွင့်မရတဲ့ ငြိမ်းချမ်းရေးဟာ အချိန်မရွေးပုံစံတမျိုးနဲ့ စစ်ရေးတင်းမာမှု မဖြစ်နိုင်ဘူးလို့ ပြောလို့ မရတဲ့အခြေ အနေပါ။

 

(ပြီး)

Share: