စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

“ပဋိပက္ခဖြစ်နေတဲ့တိုင်းပြည်၊ ပစ်ခတ်မှုတွေရှိနေတဲ့တိုင်းပြည်မှာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲဆိုတာ ရှိကိုရှိရမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။” ဗိုလ်မှူကြီးစောကျော်ညွှန့် (တွေ့ဆုံဆွေးနွေးပွဲပြောခွင့်ရသူ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း NCA-S EAO (၇) ဖွဲ့နဲ့  မြန်မာနိုင်ငံ အာစီယံ အထူး ကိုယ်စားလှယ်ကမ္ဘောဒီးယားနိုင်ငံခြားရေးန်ကြီး ပရက်ဆော့ခွန်း (H.E Prak Sokhonn) တို့ ဇူလိုင် ၁ ရက်နေ့က  နေပြည်တော်၌ တွေ့ဆုံခဲ့ပါတယ်။ 

 

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက ၇ ဖွဲ့ ကတော့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC) မွန်ပြည်သစ်ပါတီ(NMSP) ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်(DKBA) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ဖြစ်ကြပါတယ်။  

 

ခုလို တွေ့ဆုံရာမှာ  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့  အပစ်အခတ် ရပ်စဲရေး လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေးနဲ့ အမှန်တကယ်ဒုက္ခရောက်နေသူတွေထံ အကူအညီတွေ ရောက်ရှိရေးနဲ့   နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး တာတွေကို  ဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဆွေးနွေးရှင်းလင်းခဲ့တယ်လို့ သိရှိရပါတယ်။

 

လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်  NCA-S EAO တို့အနေနဲက လည်း NCA အနှစ်သာရ (၃) ချက်ဖြစ်တဲ့  နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံခြင်းနည်းနဲ့ ဖြေရှင်းရေး၊ ပါဝင်သင့်သူတွေ အားလုံးပါဝင်တဲ့  နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးနဲက  အရပ်သားတွေကို အကာအကွယ်ပေးရေးတို့ကို အလေးထား တင်ပြခဲ့တယ်လို့ သိရပါတယ်။

 

 ဒါ့အပြင် ာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ အောက်ပါအချက်တွေကို အလေးထား ဖော်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ ဒါတွေကတော့

 ၁။ ညှိနှိုင်းအဖြေရှာနိုင်သော နိုင်ငံရေး အခင်းအကျင်းတရပ်ဖြစ်ပေါ်လာရေးအတွက် ကူညီပေးရန်၊

၂။ သက်ဆိုင်သူ ပါဝင်သင့် ပါထိုက်သူများ အားလုံးနှင့်တွေ့ ဆုံနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းပေးရန်၊

၃။ အားလုံးလက်ခံနိုင်သော အရပ်သားများအား ကာကွယ်ပေးနိုင်သော ယန္တရားဖော်ဆောင်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအထောက်အပံ့များကို သက်ဆိုင်သူများအားလုံး ခွဲခြား ဆက်ဆံမှုမရှိပဲ လွတ်လပ်စွာ လက်ခံရရှိနိုင် ရေး ကူညီဆောင်ရွက်ပေးရန်၊

၄။ လက်ရှိ နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းရေးနှင့် ရေရှည်လုပ်ငန်းများဖြစ်သော ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးရေးအစီအစဉ် များတွင် အာဆီယံအနေဖြင့် NCA အသိသက်သေနိုင်ငံများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးရန်တို့ ဖြစ်ကြပါတယ်။  ဒီတွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ပြောခွင့်ရသူ (ငြိမ်းချမ်းရေး ကောင်စီ) (KNU/KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်ကို  နိရဉ္စရာသတင်းဌာနက သတင်းထောက် မအေးမြတ်ခိုင်က ဖုန်းနဲ့ ဆက်သွယ်ပြီး မေးမြန်းတင်ပြထားပါတယ်။

 

မေး- ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဘာတွေကိုအဓိကထားဆွေးနွေးခဲ့ကြပါလဲ။ အာဆီယံ ကိုယ်စားလှယ် ဝန်ကြီးပရက်ဆော့ခွန်း ကရော ဘာတွေပြောဆိုခဲ့ပါလဲ။

ဖြေ- အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ပထမကတည်းက တွေ့ဆုံဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် မရခဲ့ဘူး။ ဒီတခေါက်တွေ့ဆုံတာက ပထမဆုံးတွေ့ဆုံတာပေါ့။ အာဆီယံကိုယ်စားလှယ် ကိုယ်တိုင်ကလည်းပဲ အဓိက အချက် ၃ ချက်ကို ပြောသွားတဲ့အထဲမှာ ထုတ်ပြန်ချက်ထဲပါတဲ့အတိုင်းပဲ လက်ရှိဖြစ်ပေါ်နေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ရပ်စဲဖို့ သူကြိုးပမ်းမယ်။ ပြီးတော့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းမှာပဋိပက္ခဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေရအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိသလို ကျွန်တို့အတူ ပြုလုပ်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲပြီးမြောက်ဖို့ကိုလည်း ကြိုးပမ်းသွားမယ်ပေါ့လေ။ အဓိကကတော့  ကျွန်တော်တို့ ပြောချင်တာက ပဋိပက္ခဖြစ်နေတဲ့တိုင်းပြည်၊ ပစ်ခတ်မှုတွေရှိနေတဲ့တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲဆိုတာ ရှိကိုရှိရမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပွဲ မြန်မြန်လုပ်နိုင်လေ ကျွန်တော်တို့နိုင်ငံရဲ ထိခိုက်နစ်နာမှုကလည်း မြန်မြန်လျော့ချနိုင်မှာ ဖြစ်တယ်တဲ့ အတွက်ကြောင့်မလို့ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက် နံပါတ် ၃ ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ လိုအပ်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့အတွက် ကြိုးပမ်းမယ်ဆိုတဲ့ အချက်ကလည်း အားရကျေနပ်စရာအချက်လို့ ခံယူမိတယ်။

 

မေး- တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ကတော့ ဘယ်လိုအချက်တွေကို တင်ပြ ဆွေးနွေးခဲ့တာရှိပါလဲ။

ဖြေ- PPST အနေနဲ့ကတော့ ကိုယ်စားလှယ်လာမယ်လို့သိတဲ့ အချိန်ကစပြီးတော့ ကြိုတင် ပြင်ဆင်ထားတယ်။ ကိုယ်စားလှယ်လာလို့ရှိရင် ဒါတွေ ဒါတွေတ တိုက်တွန်းပြောဆိုသွားမယ် ဆိုပြီးတော့ ကြိုတင်ညှိနှိုင်းမှုတွေလည်း လုပ်ထားတာရှိတယ်လေ။ PPST အနေနဲ့ကတော့ NCA ရဲ့အနှစ်သာရ ၃  ချက်အပေါ်ရပ်တည်တယ်။ NCA အနှစ်သာရ ၃ ချက်ဖြစ်တဲ့  နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းရေး၊ နောက်ပြီး ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး၊ နောက်ပြီးတော့ အရပ်သားများကို အကာကွယ် ပေးရေးပေါ့လေ။ အဲ့ဒီ ၃ ချက်အပေါ်အခြေခံပြီးတော့ အထူးကိုယ်စားလှယ်ကို တိုက်တွန်းဖြစ်တာ ဖြစ်လို့ မိမိတို့နိုင်ငံမှာ မလုပ်တာကြာပြီဖြစ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ရှင်သန်နိုင်ဖို့ ပြန်လည်စတင်နိုင်ဖို့အတွက် ကိုယ်စားလှယ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးဖို့တစ်ချက်ပါမယ်။ နောက်တစ်ချက်က ကိုယ်စားလှယ်အနေနဲ့ တွေ့သင့်တွေ့ထိုက်တဲ့လူတွေအားလုံးနဲ့တွေ့ခွင့်ရဖို့ကိုလည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းသွားတာရှိတယ်။ နောက်တစ်ခုက လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေပေါ့။ မိမိတို့နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်း ကာလမှာဆိုရင် ပဋိပက္ခဒဏ်ခံစားနေရတဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေအများကြီးရှိတယ်။ အဲ့ဒီ အမှန်တကယ် ပဋိပက္ခဒဏ်ခံစားနေရတဲ့ပြည်သူတွေဆီကို ကူညီပံ့ပိုးမှု၊ လူသားချင်းစာနာမှု အကူအညီတွေတကယ် လိုအပ်တဲ့သူတွေကို ထိထိရောက်ရောက်ရောက်နိုင်ဖို့အတွက် ကိုယ်စားလှယ် အနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ နောက်တစ်ချက်က လက်ရှိ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့အတွက်ဆိုရင် ကျွန်တော်တို့ ရေရှည် လုပ်ကိုင်ရမယ့် အလုပ်တွေရှိပါတယ်။ ပြန်လည် ထူထောင်ရေးကိစ္စရပ်တွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေ ဘာဖြစ်လဲဆိုတော့ ကျပ်တည်းသွားတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အဆောက်အအုံးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို ကျွန်တော်တို့ ပြန်လည်ပြီး ပြုစုပျိုးထောင်တဲ့နေရာမှာ အာဆီယံအနေနဲ့ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းကနေပြီး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရရှိဖို့ကိုလည်း ကိုယ်စားလှယ် အနေနဲ့ကြိုးပမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောဆိုတာရှိတယ်။

 

မေး-ဒါဆို ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ် အဖြေတစ်ခုအနေနဲ့ ရရှိနိုင်မယ်လို့ရေ ဗိုလ်မှူးကြီးထင်ပါလား။

ဖြေ- ကောင်းမွန်တဲ့အခင်းအကျင်း၊ ကောင်းမွန်တဲ့ အဖြေတစ်ခုအနေနဲ့ ပြောမယ်ဆိုရင်တော့ ကောင်းမွန်တဲ့အတိုင်းအတာအနေနဲ့ကလည်း ပြန်လည်ချိန်ဆဖို့ ကြိုးစားကြတဲ့အခါ ဒီနေ့တွေ့ဆုံ ဆွေးနွေးပွဲမှာအချိန်အကန့်အသတ်အရ တွေ့ဆုံဆွေးနွေးပွဲဆိုတာထက် သူ့ဘက်က လုပ်မယ့်ဟာတွေကို သူတင်ပြတယ်လို့ပြောတာရှိသလို တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကလည်း သိစေလိုတဲ့ အချက်တွေကို တိုက်တွန်းပြောသွားတာပဲရှိပါတယ်။ ဒီအချက်တွေကို ဘယ်လို လက်တွေ့ကျကျ အကောင်အထည်ဖော်မယ်။ နည်းနာပိုင်းဆိုင်ရာကျတော့လည်း အချိန်အတိုင်းအတာအရ အပြန်အလှန် ဆွေးနွေးဖြစ်တာတော့မရှိခဲ့ပါဘူး။ သို့သော်လည်း မတွေ့နိုင်တာထက်စာလို့ရှိရင်တော့ ကျွန်တော်တို့ အနေနဲ့ အားရကျေနပ်မှုရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)အနေနဲ့ကတော့ ခုနကပြောသလိုပဲ  ပဋိပက္ခဖြစ်နေတဲ့ တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဆိုတာ မရှိမဖြစ် တစ်နည်းမဟုတ်တစ်နည်းရှိဖို့လိုတယ်ဆိုတာ နားလည်တယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကလည်း ကျွန်တော်တို့နိုင်ငံမှာ မလုပ်နိုင်ခဲ့တာ ကြာပြီ NCA ထိုးပြီး ဟို လေးငါးနှစ်တာ ကာလတွေကဆိုရင် ကျွန်တော်တို့ ဒါ ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုနည်းတွေနဲ့ ဖြေရှင်းတဲ့နိုင်ငံရေး ယဉ်ကျေးမှု အသစ် တစ်ရပ်ကိုထူထောင်ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အခိုင်အမာ သံဓိဌာန် ပြုထားတာရှိတယ်။ သို့သော်နိုင်ငံရေးအခင်းအကျင်း ကျွန်တော်တို့နိုင်ငံမှာမရှိခဲ့တာလည်း နှစ်နှစ်နီးပါးရှိခဲ့ပြီ အဲ့ဒါကြောင့်မလို့ ဒီတွေ့ဆုံဆွေးနွေးပွဲကနေ အာဆီယံ အထူး ကိုယ်စားလှယ်ကနေပြီးတော့ နိုငိငံရေးတွေ့ဆုံပွဲဖြစ်မြောက်ဖို့ PPST အနေနဲ့ကြိုးပမ်းမယ်။ PPST အနေနဲ့ကလည်းပဲ လက်ရှိကျွန်တော်တို့ နိုင်ငံအနေအထားအရကတော့ အနာဂတ်မှာလုပ်မယ် ဒီနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲက နိုငငံတကာရဲ့ ပူးပေါင်းပါဝင်ပြီးတော့ ပံ့ပိုးကူးညီမှုကလည်း လိုအပ်တယ်လို့ ခံယူထားတယ်။ အဲ့ နိုင်ငံတကာအကူအညီကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့လည်း လိုက်လျောညီထွေဖြစ်ဖို့ကလည်း လိုအပ်မှု ရှိဖို့လိုအပ်တယ်လို့  ကျွန်တော်တို့ အဖွဲ့ကလည်း ခံယူထားတာမလို့ ဒီလိုမျိုးနိုင်ငံတကာက အဖွဲ့အစည်းခေါင်းဆောင် တစ်ယောက်ကနေပြီးတော့ ဒီလိုမျိုး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ပြန်စနိုင်ဖို့ ကြိုးပမ်းပေးမယ်ဆိုတဲ့ အပေါ်မှာ PPST ခံယူထားတဲ့ အနာဂတ်နိုင်ငံရေးတွ့ဆုံဆွေးနွေးပွဲနဲ့လည်း ကိုက်ညီမှုရှိတဲ့ အတွက်ကြောင့်မလို့ ဒီအပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ အားရကျေနပ်မှု ရှိတယ်။ ပြည့်စုံလုံလောက်တဲ့ အကောင်းကြီး တစ်ခုမဟုတ်ရင်တောင်မှ အတ်ုင်းအတာတစ်ခု အထိတော့ အကောင်းဘက်ကိုရှုမြင်လို့ရတယ်။

 

မေး- ဒီတွေ့ဆုံဆွေးနွေးမှု ရလာဒ်တွေအနေနဲ့ကရော မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခတွေကို လုပ်ဆောင် ဖြေရှင်းနိုင်မှုရှိမရှိအပေါ်ရော ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုမြင်ပါလဲ။

ဖြေ- နံပါတ် ၁ အချက်က မိမိတို့နိုင်ငံက ပုံမှန်အခြေအနေမဟုတ်တဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရဆဲ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ နောက်တစ်ချက်ကတော့ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ကလည်း ပထမဆုံးအကြိမ် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အချိန်တိုတိုအတွင်းမှာ တွေ့ဆုံနိုင်တဲ့ အချိန်လည်းဖြစ်တယ်။ အပြည်အလှန် တွေ့ဆုံဆွေးနွေးတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာ အကောင်အထည်ဖော်ရမယ့် အပိုင်းတွေမှာလည်း အပြန်အလှန်ညှိနှိုင်းဆွေးနွေးနိုင်တဲ့ အချိန်လည်းမရှိပါဘူး။ ပြောဆိုဆွေးနွေးဖို့ အခွင့်အလမ်းမသာခဲ့ပါဘူး။ဒါကြောင့် ခုနကပြောသလို အချက်အလက်တွေနဲ့ လက်တွေ့ အကောင်အထည်ဖော် ညှိနှိုင်းဆောင်ရွက်မလဲဆိုတာတွေဟာ အချိန်ယူပြီး ညှိနှိုင်း ဆောင်ရွက်သွားဖို့လိုပါသေးတယ်။

 

မေး- နိုင်ငံရေးတွေ့ဆုံဆွေးနွေရေးမှာ တင်ပြထားတဲ့အချက်တွေက လက်ရှိမြန်မာနိုင်ငံရဲ မြေပြင်အခြေအနေနဲ့ရော ကိုက်ညီမှုရှိပါလား။

ဖြေ- ပုံမှန်မဟုတ်တဲ့ ပဋိပက္ခတွေရှိနေတဲ့ တိုင်းပြည်တစ်ပြည်အခြေအနေမှာ အစုအဖွဲ့ကြားမှာ သော်လည်းကောင်း၊ အဖွဲ့အစည်းကြားမှာသော်လည်းကောင်း ၊ အဲ့ဒီအဖွဲ့အစည်းကြားမှာရှိတဲ့ လူတွေကြားမှာသော်လည်းကောင်း အမြင်မတူတာတွေ၊ သဘောထားမတိုင်ဆိုင်တာတွေ၊ နားလည်မှုလွဲတာတွေ၊ ချဉ်းကပ်ပုံချဉ်းကပ်နည်း ကွဲပြားတာတွေဟာ ရှိနေမြဲဆိုတာကတော့ လက်ခံပေးရမှာဖြစ်တယ်။ ဒါကအရှိတရားပါ။ သို့သော် တူညီတဲ့အချက်တွေရှိပါတယ်။ အဲ့ဒါတွေက တစ်နိုင်ငံလုံးကိုလွှမ်းခြုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကျွန်တော်တို့အတူတူပဲ ပန်းတိုင်ရှိတယ်။ကျွန်တော်တို့ပြောနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတာက လည်းပဲ ကျွန်တော်တို့နိုင်ငံကို ပြည်ထောင်စုနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စု တည်ဆောက်ရမယ် ဆိုတာကိုလည်း အကုန်လုံးသဘောတူထားပြီးဖြစ်တယ်။ အဲ့လိုတည်ဆောက်နိုင်ဖို့အတွက်ကလည်း နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့ပဲ ညှိနှိုင်းလုပ်ဆောင်ရမယ်ဆိုတာကလည်း သဘောတူခဲ့ပြီးသား ဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုလို့ ပြောမယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေအားလုံး၊ နောက်ပြီး  ဖယ်ဒရယ်လို့ပြောမယ်ဆိုရင်လည်း ကျွန်တော်တို့နိုင်ငံရဲ့တိုင်းရင်းသားတွေ၊ တိုင်းရင်းသားလို့ပြောတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ရင်ဖြစ်မယ် ။ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဖြစ်ရင်ဖြစ်မယ်။ အဲ့ဒီလိုမျိုးအားလုံး ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးအခင်းအကျင်းကတော့ ဒါ အဲ့ဒီအဆင့်ကို ရောက်အောင်တော့ ကျွန်တော်တို့ကြိုးပမ်းရမှာဖြစ်တယ်။ အဲ့ဒီအဆင့်ရောက်မှလည်း ကျွန်တော်တို့ ပြောနေတဲ့ဖယ်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ပြည်ထောင်စု၊ ကျွန်တော်တို့ လိုချင်တဲ့ ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲ့လိုဖော်ဆောင်နိုင်ဖို့ကိုလည်း ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းရမှာပေါ့။

 

မေး- ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့ ဘာများဖြည့်စွက်ပြောချင်တာရှိပါသေးလဲ။

ဖြေ- နံပါတ် ၁ အချက်နဲ့ အာဆီယံကိုယ်စားလှယ်ကို ပထမဆုံး တာဝန်ပေးခန့်အပ်စဉ်ကတည်းကPPST အနေနဲ့ ဂုဏ်ပြုကြိုဆိုတယ်။ တွေ့ဆုံဖို့ကိုလည်း ကျွန်တော်တို့ ကမ်းလှမ်းခဲ့တာ ရှိတယ်။ ဒီလိုတွေ့ဆုံခွင့် ရတာကိုလည်း ဝမ်းသာပါတယ်။ အကျဉ်းချုပ်အနေနဲ့ ပြောချင်တာကတော့ ဒီတစ်ကြိမ်တွေ့ဆုံမှုသည် မြန်မာရဲ့ ပြည်ထာင်စုငြိမ်းချမ်းရေးအတွက် ပြည့်စုံလုံလောက်တဲ့ အခြေအနေ၊ ကိုယ်ထောင်စု ငြိမ်းချမ်းရေးတစ်ခုလုံးအတွက် လွှမ်းခြုံတဲ့ အဖြေရလာဒ်တွေပေါ်လာတဲ့ အခြေအနေမဟုတ်သည့် တိုင်အောင်တောင်မှ အဲ့ဒီလိုမျိုးအခင်းအကျင်းပေါ်လာအောင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေအတွက်၊ ပြည်ထောင်စုတွေ့ဆုံဆွေးနွေးပွဲတွေအတွက် လမ်းစကောင်းတစ်ခု၊ အစပျိုးနည်းတစ်ခုအနေနဲ့ ကျွန်တော်တို့ကတော့ အားရကျေနပ်မှု ရှိပါတယ်။ရှေ့ဆက်ပြီးတော့လည်း ပိုမိုလွှမ်းခြုံတဲ့ တွေ့ဆုံ ဆွေးနွေးမှု၊ ပိုမိုပြီး ရလာဒ်ကောင်းတွေ ထိတွေ့ဆက်ဆံမှုတွေရှိလာဖို့ ဘာတွေလိုအပ်လည်း ဆိုတာကိုတော့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။

 

PPST: Peace Process Steering Team's (PPST)/ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး