"ဒီတစ်ကြိမ်တိုက်ပွဲပြန်ပြီး ဖြစ်လာလို့ရှိရင် တိုက်ပွဲကတော့အရင်ကထက် ပိုပြင်းထန်နိုင်တဲ့ အနေအထားရှိတယ်"
(ရက္ခိုင့်တပ်တော် ပြောခွင့်၇သူ ဦးခိုင်သုခကပြောဆိုလိုက်ပါတယ်)
နိရဉ္စရာ၊ဇူလိုင်၂၀/ ၂၀၂၂
ဇူလိုင် ၁၈ ရက်နေ့ နံနက်က မောင်တောမြို့နယ် မြောက်ပိုင်းတွင်စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တို့ ပါဝင်သည့် ပူပေါင်းတပ်ဖွဲ့ကို ရက္ခိုင့်တပ်တော်( AA) က နေရာ ၂ ခုတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့သလိုရဲမှူးတစ်ဦးအပါအဝင် နယ်ခြားစောင့်ရဲတပ်သား ၁၄ ဦး လက်နက်ချ အညံ့ခံခဲ့သည်။ အဆိုပါ တိုက်ပွဲနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာက ဇူလိုင် ၁၉ ရက်နေ့က ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းပြီးတင်ပြပေးလိုက်ပါတယ်။
နိရဉ္စရာ- မနေ့မနက်က မောင်တောမြို့နယ်မှာရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တပ်တို့ အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိချင်ပါတယ်ဆရာ။
ဦးခိုင်သုခ- တိုက်ပွဲဖြစ်ပွားခဲ့တာကတော့ ဇူလိုင် ၁၈ ရက်နေ့ မနက် ၉ နာရီလောက်မှာမောင်တောမြို့နယ် ဆောင်ပညာရွာ နဲ့ စံကားပင်ရင်းရွာအကြားမှာတစ်ကြိမ်၊ ၁၀ နာရီခွဲလောက်မှာဒုံးကုလားရွာနဲ့ ဝက်ကျိန်းရွာကြားမှာတစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ဒီ စစ်ကောင်စီနဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရက္ခိုင့်တပ်တော် AA တို့ ၂ ဘက်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
နိရဉ္စရာ- တိုက်ပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်ကျဆုံးမှုတွေ၊ ဖမ်းဆီရရှိမှုတွေ၊လက်နက်ခဲယမ်းကော ဘယ်လောကထိ ဖမ်းမိတာတွေရှိပါလဲ ဆရာ။
ဦးခိုင်သုခ- မနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့ပါတယ်။နောက်ပြီး လက်နက်ချအညံ့ခံတဲ့ ရဲမှူးတစ်ယောက် အပါအဝင် သုံ့ပန်းစုစုပေါင်း (၁၄)ယောက်၊ ပီစတို(၂)လက်၊လက်နက်ငယ်(၂၄)လက်အပါအဝင်ပေါ့။ နောက်လက်နက်ယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိထားတာရှိပါတယ်။
နိရဉ္စရာ- ဟုတ်ကဲ့ပါ။ ဒါဆိုဒီတိုက်ပွဲက စစ်ကောင်စီဘက်ကထိုးစစ်ဆင်လာလို့ဖြစ်တာပါလား။ ဘယ်လိုဖြစ်ကြတာပါလဲ။
ဦးခိုင်သုခ-တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းကတော့ KNLAတပ်မဟာ ၅ ဧရိယာမှာရှိတဲ့ ရက္ခိုင့်တပ်တော်ရဲ့ တပ်စခန်းတစ်ခုကို မြန်မာစစ်တပ်ဘက်ကလွန်ခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က သူတို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော်၆ ဦးကျဆုံးခဲ့တာရှိတယ်။ နောက်အဆောက် အအုံတွေ ၊ဆေးရုံ၊စက်ချုပ်ရုံတွေ ပျက်စီးခဲ့တာ ရှိတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ဘက်က အခုလို လက်တုံ့ပြန် တိုက်ခိုက်တာဖြစ်တယ်ဗျ။
နိရဉ္စရာ- ဟုတ်ကဲ့ဆရာ။ နောက်တစ်ခုရှိတာကကျောက်ဖြူဘက်တွေမှာရော၊ တခြား မြို့နယ်တွေ ဘက်မှာရော ဒီရက္ခိုင့်တပ်တော် AA ဖက်က တိုက်နယ်မှူးတွေအပါအဝင်ဆက်စပ် သံသယ ရှိသူတွေဆိုပြီးတော့သူတို့က စစ်ကောင်စီဖက်က လိုက်ဖမ်းနေတာတွေ ရှိတယ်ပေါ့နော်။အခုလို နှစ်ဘက် နားလည်မှုနဲ့ အပစ်ရပ်ထားချိန်မှာ အဲဒါဘာကြောင့် လုပ်တယ်လို့ ဆရာအနေနဲ့ ဘာများပြောလို့ ၇ပါလဲ။
ဦးခိုင်သုခ- အဓိကကတော့ အခုဒီတင်းမာမှုတွေမြင့်တက်လာတဲ့အထဲမှာ ဟို အခု ဒီမြန်မာ စစ်တပ်ဖက်ကနေပြီးတော့ ကျနော်တို့ ULA/AA တပ်ဖွဲ့ဝင်တွေကို လိုက်ပြီးတော့ ဖမ်းဆီးနေတာတွေ၊ နောက်ပြီးလို့ရှိရင် တရားရေးဝန်ထမ်းတွေရဲ့နေအိမ်တွေ၊ နောက် တရားရုံးတွေကို အင်အားသုံးပြီးတော့ ဒါ ဝင်ရောက်ဖမ်းဆီးဖို့ကြိုးစားတာတွေနော်။ အပြစ်မဲ့ ၇ခိုင်ပြည်သူတွေကိုတောက်လျောက် မတရားဖမ်းဆီးနေတာတွေ၊ အဲဒီကိစ္စတွေကြောင့်ပဲ အခုက တင်းမာမှုတွေပိုပြီးတော့ မြင့်တက် လာဖြစ်တယ်။ နောက်ပြီးလို့ရှိရင် ဒါကတော့ အပြန်အလှန်အားဖြင့်ပေါ့နော်၊သူတို့ဖက်က ဖမ်းလို့ရှိရင်တော့ ကျနော်တို့ကလည်းဒါ ပြန်ပြီးတော့ ဖမ်းရမှာဘဲ။ ဒါကြောင့်မို့လို့ အခု ဒီ ၇ခိုင်ပြည်အနှံ့မှာ တစ်ဖက်နဲ့တစ်ဖက်ဖမ်းဆီးမှုတွေက တောက်လျောက်ဖြစ်နေတာပေါ့။
နိရဉ္စရာ- ဟုတ်ကဲ့ပါဆရာ။ဒါဆိုရင် လောလောလတ်လတ် သတင်းတစ်ခုအနေနဲ့ပေါ့နော်၊ ဒီနေ့ဆိုလို့ရှိရင် ဒီ၇ခိုင်က ပြည်နယ်အဆင့်စစ်ကောင်စီဝင် တစ်ဦးကို ရက္ခိုင့်တပ်တော် AA ဖက်က ဖမ်းဆီး သွားတယ်ဆိုတာမျိုးတွေလည်း ကြားရပါတယ်။ အဲတော့ ရက္ခိုင့်တပ်တော်ဖက်ကရောဖမ်းဆီးထားတာမျိုးရှိပါလား။
ဦးခိုင်သုခ-အဲဒီကိစ္စတော့ ကျနော်အသေအချာ မသိသေးဘူးဗျ။
နိရဉ္စရာ- ဟုတ်ကဲ့ပါဆရာ။အဲဒါဆို ပုဏ္ဏားကျွန်းမြို့နယ်ရဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးတယ်ဆိုတဲ့ကိစ္စရောဟုတ်မှန်ပါလားရှင့်။ AA ဖက်က ဖမ်းဆီးထားတယ်ဆိုတာမျိုး ကြားရပါတယ်။အဲဒီကိစ္စရော သတင်းအမှန်ပါလား။ဖမ်းထားတယ်ဆိုရင် ဘယ်လိုမျိုးကြောင့် သူ့ကိုဖမ်းဆီး၇တာပါလဲ။
ဦးခိုင်သုခ- ဒီဟာကတော့ ကျနော့်ဆီကိုသတင်းတော့ရောက်လာတာမျိုးမရှိသေးဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေတော့ရှိတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင်အခု ဒီ ကျနော်တို့ ULA အဖွဲ့ဝင်တွေကို သူတို့ နေရာတိုင်းမှာ ဖမ်းဆီးဖို့ ကြိုးစားနေတာတွေရှိတယ်။နောက် လိုက်ရှာနေတာတွေရှိတယ်။ ဆိုတော့ ဒီ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို သူတို့ဒီ လိုက်ပြီးတော့ အနှောင့်အယှက်ပေးတာတွေ နော်၊ တရားရေးဝန်ထမ်းတွေကို ဖမ်းဆီးဖို့ တောက်လျောက်ကြိုးစားတာတွေ၊အဲဒါမျိုးတွေ မြန်မာ စစ်တပ်ဖက်က တောက်လျောက်လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီဖက်ကလည်းကျနော်တို့ အပြန်အလှန် ဖမ်းဆီးတဲ့ဟာတွေတော့ရှိနိုင်တယ်ဗျ။
နိရဉ္စရာ- ဟုတ်ကဲ့ပါဆရာ။ဒါဆိုရင် ဒီလိုမျိုး အခု ရခိုင်ပြည်မှာ နှစ်ဖက်က တင်းမာမှုတွေက တောက်လျောက်ရှိနေတာဆိုတော့နောက်ပိုင်း စစ်ရေးအခြေအနေပေါ့နော်၊ လက်ရှိ ဒီတင်းမာမှု အခြေအနေတွေ နောက်ပိုင်းရော ပိုမိုဆိုးဝါးလာနိုင်တယ်လို့ပြောနိုင်ပါလား။ တိုက်ပွဲ ဖြစ်ပွားနိုင်မှုအခြေအနေကရော ဘယ်လိုများရှိနေပါလဲဆရာ။
ဦးခိုင်သုခ- တိုက်ပွဲကတော့မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ်မှာ မူတည်တယ်ဗျ။ မြန်မာ စစ်တပ်ဖက်နေပြီးတော့ သူတို့ဆက်ပြီးတော့ ထိုးစစ်ဆင်မယ်။ နောက် ဒီလိုမျိုး စစ်ရေးလှုပ်ရှားမှုတွေသူတို့လုပ်လာမယ်ဆိုလို့ရှိရင် ကျနော်တို့ဖက်ကလည်း အလားတူ တုံ့ပြန်သွားမှာဖြစ်တယ်ဗျ။
နိရဉ္စရာ- ဟုတ်ကဲ့ပါဆရာ။ရခိုင်မှာကလည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ် ရှိနေတာတွေကြားနေရပါတယ်။ သူတို့ဖက်က ဒီလိုမျိုး တောက်လျောက် ဟိုဟာဖြစ်လာမယ်ဆိုလို့ရှိရင်ရခိုင်မှာလည်း တချို့က စိုးရိမ်မှုတွေရှိနေတာပေါ့နော်။ ပြီးတော့ရှိတာက မိုင်းကိစ္စပေါ့။၇ခိုင်မှာ မိုင်းပေါက်ကွဲပြီးတော့ ထိခိုက်ဒဏ်ရာရရှိတာက ဒီလအတွင်းမှာဆိုရင်ရက်ဆက်ဆိုသမျိုး ဖြစ်သွားတာတွေရှိတယ်။ အဲတော့ ဒီ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးတော့ရောဆရာ့အနေနဲ့ ဘာများပြောချင်ပါလဲ။
ဦးခိုင်သုခ- ဟုတ်ကဲ့ပါ ခင်ဗျ။မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဒါ ပြည်သူလူထုတွေကို တောက်လျောက် ဒီ သတိပေးချက်တွေထုတ်ပြန်တာတွေရှိတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ဟို မြန်မာစစ်တပ်ဖက်ကနေပြီးတော့ ၇ခိုင်ပြည်အနှံ့မှာသူတို့ဒီ မြေမြုပ်မိုင်းတွေကို စည်းမဲ့ကမ်းမဲ့ ထောင်နေတာတွေကို အများကြီးရှိတယ်။ အထူးသဖြင့်တော့ မြန်မာစစ်တပ် ဒီတပ်စခန်းကြီးတွေ ဖြစ်တဲ့ တပ်ရင်းဌာနချုပ်တို့၊ နောက် သူတို့ရဲ့ စစ်ဗျူဟာ ဌာနချုပ်တွေ၊ နောက်သူတို့ စခန်းချထားတဲ့နေရာတွေပေါ့နော်။ ကုန်ကုန်ပြောရမယ်ဆိုလို့ရှိရင်တော့မြန်မာစစ်တပ်တွေ စစ်ကြောင်းလှည့်လည်သွားလာပြီးတော့ စခန်းချခဲ့တဲ့ နယ်တွေ၊ စခန်းချရပ်နားခဲ့တဲ့နေရာတွေကအစပေါ့နော်၊ အဲဒီလိုနေရာတွေ အားလုံးမှာ မြန်မာစစ်တပ်ကနေပြီးတော့ သူတို့ဒီ လုံခြုံရေး အကြောင်းပြချက်နဲ့ မြေမြုပ်မိုင်းတွေကို ရောက်လေရာအရပ်မှာ သူတို့ထောင်တာတွေရှိတယ်။ပြီးလို့ ရှိရင် သူတို့ အဲဒီမိုင်းတွေကို ပြန်မဖော်ဘူး။ ပြန်မဖော်တော့အဲဒီမိုင်းတွေက စွန့်လွတ်မိုင်းတွေ အဖြစ်နဲ့ကျန်နေတာပေါ့။နော် အဲဒီစွန့်လွတ်မိုင်းတွေက ဒေသခံပြည်သူလူထုတွေအတွက် နေ့တိုင်း နေပြီးတော့မှ ခြိမ်းခြောက်မှုဖြစ်နေတာပေါ့နော်။ အချိန်မရွေးသူတို့ အန္တရာယ်ဖြစ်နိုင်တယ်။ဒီမြေမြုပ်မိုင်းတွေကပဲ တောက်လျောက် ဒုက္ခပေးနေတာပေါ့။ အခုဒီပြည်သူလူထုတွေရဲ့ နေ့တဓူ၀သူတို့ဒီ သွားလာလှုပ်ရှားမှုတွေ၊ အသက်မွေးဝမ်းကျောင်း သွားလာလှုပ်ရှားမှုတွေမှာ တောက်လျောက် အန္တရာယ်ဖြစ်နေတာပေါ့။ ဒီလအတွင်းမှာဆိုလို့ရှိရင်လည်းပဲ မိုင်းထိတဲ့သူတွေ အကုန်လုံးဆိုလို့ရှိရင်ဆယ်ဂဏန်းနီးပါးတောင်မှရှိတယ်လို့ ကျနော်တို့ သိရတယ်။ ဆိုတော့ ဒီလိုမျိုးဖြစ်နေတာက မြန်မာစစ်တပ်ရဲ့မဆင်မခြင်မြေမြုပ်မိုင်းတွေကို ထောင်နေတဲ့အတွက်ကြောင့်မလို့ ဖြစ်နေတာ။ ဆိုတော့ ပြည်သူလူထုတွေကိုကျနော်က ဒါကြောင့်မလို့ သတိပေးနေတာက မြန်မာစစ်တပ်စခန်းတွေ နားကို လုံး၀မသွားကြဖို့ပေါ့နော်။ သူတို့ခစခန်းချရပ်နားခဲ့တဲ့နေရာတွေကို ရှောင်ရှားကြဖို့အဲဒါတွေကို ကျနော်တို့ ဒါ တောက်လျောက် သတိပေးနေတာဖြစ်တယ်။ အထူးသဖြင့်တော့ ဒေသခံ လက်လုပ်လက်စား ပြည်သူလူထုတွေကို မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီးတော့မှ အသိပညာပေးတဲ့ လုပ်ငန်းတွေကို ကျနော်တို့ ဒီပိုပြီးတော့ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ အခု ဒါဆောင်ရွက်နေတာ ရှိတယ်ဗျ။
နိရဉ္စရာ- နောက်ဆုံးမေးခွန်းတစ်ခုအနေနဲ့ပေါ့နော်၊စစ်ကောင်စီဖက်က ဒီလအတွင်းမှာပဲ ရခိုင်ကမ်းရိုးတန်းမှာ ရေကြောင်းကနေ စစ်ရေးလေ့ကျင့်တာ၊လက်နက်စမ်းသပ်တာတွေ လုပ်ခဲ့တာတွေရှိတယ်ပေါ့နော်။ ပြီးတော့ ဒီရက္ခိုင့်တပ်တော်AA ရဲ့တပ်စခန်းကို ဝင်ပြီးတော့ တိုက်ခိုက်တာမျိုးတွေရှိခဲ့တယ်။အဲလိုမျိုးတွေကြောင့် အခုနောက်တစ်ကြိမ် တကယ်လို့သာ ရခိုင်မှာတိုက်ပွဲတွေပြန်ဖြစ်လာမယ်ဆိုလို့ရှိရင်အရင်ထက်ပြင်းထန်လာမယ်လို့ထင်ပါလား။ ဘယ်လိုမျိုးအခြေအနေရှိလာနိုင်လဲပေါ့။
ဦးခိုင်သုခ- ၇ခိုင်မှာတိုက်ပွဲ ပြန်ပြီး ဖြစ်လာလို့ရှိရင်တော့ တိုက်ပွဲကတော့ အရင်ကထက်ပြင်းထန်နိုင်တဲ့ အနေအထားရှိတယ်။
နိရဉ္စရာ-အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။
ဦးခိုင်သုခ- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။