Preview

“မြန်မာစစ်ကောင်စီတပ်က ကျေးရွာမျာကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းမှာ (ULA/AA) ကို ထောက်ခံရမလားဆိုပြီး အငြိုးအတေးနဲ့ လက်စားချေနေတာဖြစ်”

အောက်တိုဘာ ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :6654
အင်တာဗျူး

(မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း)

 

နိရဉ္စရာ၊ အောက်တိုဘာ ၂၃/၂၀၂၂(NN-3 မှ မေးမြန်းသည့် အင်တာဗျူး)

လက်ရှိ စစ်ကောင်စီတပ် ပစ်ခတ်နေသောလက်နက်ကြီးကျည်များသည် ရခိုင်ပြည်အတွင်းရှိ ကျေးရွာများကို ကျရောက်သဖြင့် ပြည်သူများသေဆုံးမှု၊ ထိခိုက်မှုများ ရှိနေသည်ကို ရခိုင်ပြည်သူများအနေဖြင့်သိရှိပြီးဖြစ်ပါသည်။ ထိုသို့ ပစ်ခြင်းနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ရခိုင်အရေးကို အနီးကပ်လေ့လာစောင့်ကြည့်နေသူ ဦးဖေသန်းက မြန်မာစစ်ကောင်စီတပ်က ကျေးရွာမျာကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေခြင်းမှာ (ULA/AA)ကိုထောက်ခံ၇မလားဆိုပြီးအငြိုးအတေးနဲ့လက်စားချေနေတာဖြစ်ကြောင်းအတိအလင်းပြောဆိုပါသည်။ ၎င်းပြင် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့်ပြည်သူကို လုံး၀ ပစ်မှတ်ထားတိုက်ခိုက်လာသည်မှာ ထင်ရှားကြောင်း၊ပြည်သူကို ရန်သူသဖွယ် ဆက်ဆံလာသည်ကို တွေ့၇ကြောင်း၊  ပစ်မှတ်လွဲပြီး မတော်တဆကျသွားခြင်းလည်းမဟုတ်သလို  ရမ်းသန်း ပစ်ခတ်နေခြင်းလည်းမဟုတ်ကြောင်း၊ ရွာထဲတည့်တည့် ပစ်လာသည်ကိုတွေ့ရှိ၇ကြောင်း၊ အေအေတပ်ဖွဲ့များရှိရာ စခန်းများကို ပစ်ခတ်မှုနည်းပါးသလို သွားရောက်တိုက်ခြင်းလည်း ပြုလုပ်ကြောင်း၊ ၇ခိုင်ပြည်သူများကိုသာ တမင်ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လာသည်ကို တွေ့ရှိ၇ကြောင်း ပြောဆိုပါသည်။

ဦးဖေသန်း၏ တုံ့ပြန်ပြောဆိုချက်များနှင့် ပတ်သက်ပြီး အများပြည်သူများသိရှိနိုင်စေရန်သူနှင့် တွေ့ဆုံမေးမြန်းမှု အသေးစိတ်ကို ဖော်ပြပေးလိုက်ပါသည်။

မေး- အခုရခိုင်မှာစစ်ကောင်စီတပ်က လူနေကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ကျေးရွာတွေထဲကို လက်နက်ကြီးတွေ ပစ်တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မင်းပြားမှာ ညီအစ်မ နှစ်ဦး၊ ကလေးတွေနဲ့ ကျောင်းဆရာမတို့ သေဆုံးတာ၊ ကျောက်တော်ဘက်မှာလည်းမူဆလင်အမျိုးသမီးတစ်ဦးသေဆုံးတာ၊ ရသေ့တောင်ဘက်မှာဆိုရင်လည်း၇ တန်းကျောင်းသူလေးတစ်ယောက် သေဆုံးတာတွေ ရှိခဲ့ပါတယ်။  ဒီလိုမျိုးစစ်ကောင်စီတပ်ကနေပြီးတော့ လူနေကျေးရွာတွေ၊ အပြစ်မဲ့ပြည်သူတွေကိုပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာကို ဆရာအနေနဲ့ ဘယ်လိုမျိုး မြင်မိပါလဲ။
ဖြေ- တစ်ရက်ထက်တစ်ရက်၊တစ်လထက်တစ်လ ထင်ရှားလာတာကတော့ စစ်ကောင်စီတပ်ဖွဲ့တွေ အနေနဲ့ ၇ခိုင်ပြည်သူကိုလုံး၀ပစ်မှတ်ထားလာတယ်။ပြည်သူကို ရန်သူသဖွယ်ဆက်ဆံလာတယ်။ အဲဒါကို တွေ့၇တယ်။ပစ်မှတ်လွဲလို့ မတော်တဆကျသွားတာလည်း မဟုတ်ဘူး။ ရမ်းသန်း ပစ်ခတ်တာလည်း မဟုတ်ဘူး။ရွာထဲတည့်တည့်ကို ပစ်လာတယ်။ အေအေတပ်ဖွဲ့တွေ၊ စခန်းတွေရှိတဲ့နေရာတွေထက် အရပ်သားကျေးရွာတွေကို ပိုပစ်တယ်။ အေအေကိုကျ အဲဒီလိုလည်း သွားမတိုက်ပြန်ဘူး။ပြည်သူကို တမင်ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လာတာကို တွေ့၇တယ်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ရိက္ခာပြတ်တောက်အောင်လုပ်တာတွေ ပြည်သူတွေကို ဆေးဝါးပြတ်တောက်အောင်လုပ်တာတွေ၊အားလုံးဟာ ပြည်သူကို ဒုက္ခရောက်အောင် ရည်ရွယ်ပြီးတော့လုပ်နေတာဖြစ်တယ်။အဲဒါကြောင့် ခြုံပြီးပြောရရင်တော့ပြည်သူကို ရန်သူသဖွယ်ဆက်ဆံလာတယ်။ ပြည်သူကို အဓိကရန်သူလိုဆက်ဆံလာတယ်။ အေအေထက် ဦးစားပေးပြီးတော့ သတ်ဖြတ်လာတယ်။ တိုက်ခိုက်လာတယ်။အဲဒါကိုတွေ့ရတယ်။ ပြီးတော့ သူတို့က ၇ခိုင်ပြည်ကို လုံး၀ပြိုသွားအောင်၊ပျက်စီးသွားအောင်၊ ၇ခိုင်ပြည်သူတွေ လုံး၀ဒုက္ခရောက်သွားအောင် လုပ်ဆောင်နေတာကိုတွေ့နေ၇ပါတယ်။

မေး- ဟုတ်ကဲ့။ရခိုင်ပြည်သူတွေဆိုတာကလည်း မြန်မာနိုင်ငံထဲက နိုင်ငံသားတွေပဲလေဆရာ။ ဘာကြောင့်မို့ ကိုယ်ပြည်သူတွေကိုမြန်မာစစ်တပ်က ရန်သူလို သဘောထားပြီး တိုက်ခိုက် သတ်ဖြတ်နေ၇တာပါလဲ။

ဖြေ- အဓိကတော့ ULA နဲ့ရက္ခိုင့်တပ်တော် အေအေကိုထောက်ခံ၇မလားဆိုပြီးတော့ အငြိုးအတေးနဲ့လက်စားချေနေတာ ဖြစ်တယ်။ အဲဒီဒဏ်ကတော့ ကျနော်တို့တွေ ဆက်ပြီးခံနေ၇အုံးမယ်။သူတို့မှာက အဓိကပစ်မှတ်လွဲနေတာမဟုတ်ဘူး။ ပစ်မှတ်ကို တည့်တည့်၊သူတို့ရည်ရွယ်တဲ့ပစ်မှတ်ကို တည့်တည့်ပစ်နေတာဖြစ်တယ်။ လူထုအပေါ်မှာရက်ရက်စက်စက်သတ်ဖြတ်နေတာဖြစ်တယ်အဲဒီလိုသတ်ဖြတ်လိုက်ခြင်းအားဖြင့် ပြည်သူလူထုတွေဟာ(ULA/AA) ကိုမထောက်ခံဝံ့အောင်၊ နောက်တစ်ခုက (ULA/AA) ကြောင့် ငါတို့ဒုက္ခရောက်တယ်လို့ အဲဒီလို ပြညသူတွေ တွေးထင်လာအောင်၊အဲဒီလို ရခိုင်လူထုတစ်ရပ်လုံးကိုရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေတာဖြစ်တယ်။ ဒါကတော့ ကောက်ကျစ်တယ်၊ ယုတ်မာတယ်၊ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်တယ်။ ပြည်သူတွေကို ကာကွယ်၇မယ့်တပ်မတော်က ပြည်သူတွေကိုနေ့တိုင်းသတ်ဖြတ်နေတာ။ ဒါတွေဟာ ကျနော်တို့အတွက် လုံး၀မလိုလားအပ်တဲ့ လုပ်ရပ်တွေလို့ပြောချင်ပါတယ်။

မေး- ဟုတ်ကဲ့။အခုလိုမျိုး ပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်နေတဲ့အတွက်ကြောင့်နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်မယ်လို့ ထင်ပါလဲ။
ဖြေ- ပြည်သူကတော့နေ့တိုင်းနေ့တိုင်း လိုင်းပေါ်မှာမြင်ရတဲ့အတိုင်းပဲလေ။ ဒဏ်ရာ၇ကြတယ်၊ဘ၀ပျက်ကြတယ်၊ သေကြေကြတယ်၊ လုပ်စားကိုင်စားပျက်ကြတယ်။ စီးပွားရေးအကြပ်အတည်း ဆိုက်ရောက်တယ်။ အဲဒီလိုပြည်သူတွေကနေ့တိုင်းသတ်ဖြတ်ခံနေ၇တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာမှာလည်းမဟုတ်။သီးသန့်ရည်ရွယ်ချက်ရှိရှိပစ်နေတယ်။ နေ့တိုင်းလိုင်းပေါ်မှာ သေတာတွေ၊ဒဏ်ရာရတာတွေတွေ့နေရတယ်။ စားဝတ်နေရေးတို့၊ လမ်းပန်း ဆက်သွယ်ရေးကိုလည်းပိတ်တာတွေ၊ ရိက္ခာမသယ်ရတာတွေ၊တစ်မြို့နဲ့တစ်မြို့၊ တစ်ရွာနဲ့တစ်ရွာ သွားခွင့်မပေးတာတွေ၊ ဆေးဝါးတွေကိုယူခွင့်မပြုတာတွေ၊ အားလုံးဟာ ပြည်သူလူထုကို ဒုက္ခရောက်အောင်၊ သေအောင်ရည်ရွယ်ချက်ရှိရှိ သတ်နေတာဖြစ်တယ်။ အဲဒီလိုလုပ်တဲ့ အတွက်ကြောင့် ပြည်သူတွေက သူတို့ထင်သလို(ULA/AA) ကို စိတ်နာသွားမှာ မဟုတ်ပါဘူး။(ULA/AA) ကိုပိုပြီးတော့ပဲ ထောက်ခံသွားမယ်။ သူတို့တွေ (မြန်မာစစ်တပ်)ကိုစိတ်နာသွားမှာ ဖြစ်ပါတယ်။အဲဒီလိုလုပ်ရပ်တွေဟာ လက်တွေ့လည်းမကျဘူး။ သူတို့ရဲ့ သမိုင်းမှတ်တမ်းလည်းကောင်းမယ်မဟုတ်ပါ။ ဒါဟာ လူသားမျိုးနွယ်စုကို လူမျိုးတုန်း သတ်ဖြတ်ဖို့ လုပ်နေတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။အဲဒါကြောင့် အဲဒါတွေဟာ နိုင်ငံရေးအ၇လည်း ပြစ်မှုကြီး တစ်ခုကို ကျူးလွန်နေတာဖြစ်ပါတယ်။ ဒီလို သတ်ဖြတ်နေလို့ လက်တွေ့မှာလည်း (ULA/AA) ကို ပြည်သူတွေကမထောက်ခံ၀ံ့ဘူး၊မထောက်ခံချင်ဘူးဆိုတဲ့ လမ်းကြောင်းကိုသ ွားမှာမဟုတ်ဘူး။ ပိုလို့ ပိုလို့  (ULA/AA) နဲ့ ပူးပေါင်းပြီးတော့နှိပ်စက်နေတဲ့သူတွေကို ပြန်ပြီးတော့ တန်ပြန်လာလိမ့်မယ်လို့ ယူဆပါတယ်။
မေး- ဟုတ်ကဲ့ပါ။အခုလက်ရှိ  (AA) နဲ့ စစ်ကောင်စီတပ်နဲ့ဖြစ်နေတဲ့တိုက်ပွဲအခြေအနေကပါရော ဘယ်လောက်ကို ကျယ်ပြန့်နေပြီးလို့ဆရာအနေနဲ့မြင်မိပါလဲ။

ဖြေ- ကျနော်တို့ကတော့လိုင်းပေါ်မှာတွေ့နေတဲ့အတိုင်းပဲပေါ့။ နယ်စပ်စခန်းတွေကိုသူတို့ သိမ်းနေတာတွေ့၇တယ်။ တော်တော်များများလည်း သိမ်းနိုင်လာတယ်။ဒါပေမဲ့ စစ်တပ်ကလည်း နင်လားငါလား အင်အားတိုးချဲ့ပြီးတော့ ကာကွယ်နေတယ်။ ဒီတော့တစ်ဖက်မှာ စစ်တပ်အနေနဲ့ ထိုးစစ်ကနေပြီးတော့ ခံစစ်ကိုပြောင်းသွားတယ်။(AA) ကနေပြီးတော့တိုက်စစ်ကိုဖွင့်ပြီးတော့ တိုက်လာတယ်။ စစ်တပ်ကတော့ လုံး၀မြို့တွေ၊ရွာတွေကိုပဲအခြေပြုပြီးတော့၊ ကာဗာလုပ်ပြီးတော့၊ ပြည်သူကိုကာဗာလုပ်ပြီးတော့ နေတယ်။ AA ကတော့ရွာတွေ၊ မြို့တွေကိုဝင်မတိုက်ပါဘူး။ အဲဒါကလည်း ပြည်သူတွေကို ညှာတယ်ဆိုတဲ့သဘောမျိုးလို့ကျနော်မြင်ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း အခြေအနေက တာရှည်တော့သွားမှာမဟုတ်ဘူး။တောက်လျှောက် နောက်ပိုင်းမှာ တိုက်ပွဲကြီးတွေဖြစ်လာရင်တော့ပြည်သူတွေကတော့ အကျည်းအကျပ်ကြားထဲမှာတော့ ဒုက္ခတော့ဖြစ်မယ်။သူတို့တွေအနေနဲ့လည်း ပြတ်ပြတ်သားသားတိုက်ပွဲတွေကိုတော့ ဖော်ဆောင်လာမယ်လို့မြင်ပါတယ်။တစ်ဖက်ကလည်း နင်လားငါလား ပြန်ပြီးတော့ခုခံမယ်၊ရှိသမျှအင်အားကိုသုံးမယ်၊ လူထုကို ဓားစာခံလုပ်မယ်။ တစ်ဖက်က အေအေအနေနဲ့လည်း ပြည်သူလူထုကိုညှာနေမယ်။ ဆိုတော့ အချိန်အတိုင်းအတာတစ်ခုပဲရှိမယ်လို့ထင်တယ်။ ဒီလိုအတိုင်းပဲဒီလို ဟိုမရောက်ဒီမရောက်အခြေအနေမျိုးကတော့ ကျော်ဖြတ်ဖို့အတွက် (ULA/AA) ဘက်ကလည်း ကြိုးစားမယ်လို့ထင်ပါတယ်။

မေး- ပြီးတော့လေဆရာစစ်ကောင်စီတပ်ကနေပြီးတော့ ကျေးရွာတွေမှာ အိမ်ထောင်စု စာရင်းတွေကောက်နေတာတွေရှိပါတယ်ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ အဲသလို အသံမျိုးထွက်နေလေ။ အဲဒါကရော အထမြောက်မယ်လို့ထင်ပါလား။

ဖြေ- အဲဒါကတော့နိုင်ငံရေးအရလည်း အရေးမပါပါဘူး။ သူတို့အတွက်တော့ စစ်ကောင်စီ အတွက်တော့ ထွက်ပေါက်တစ်ခုလို့ သူတို့ယူဆပြီးလုပ်တာပဲ။ သိုပေမဲ့ ကျနော်တို့ရခိုင်တွေကအဲဒီရွေးကောက်ပွဲတွေအပေါ်မှာ အာရုံမရှိတော့ဘူး လက်တွေ့မှာလည်းမဖြစ်နိုင်ဘူး။(ULA/AA) ကလည်းလက်တွေ့မှာ အဲဒီလို ဗမာအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေကိုတည်ဆောက်လာဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမယ်။ ရခိုင်ပြည်နယ်အတွက်တော့ဒီရွေးကောက်ပွဲဟာ ပြည်သူစိတ်ဝင်စားမှုလည်း မရှိ၊ နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်တဲ့အခြေအနေလည်းမရှိပါ။ ကိုယ်တို့တွေရဲ့၇ပိုင်ခွင့်ကို မဆုတ်မပို့ လက်ဖြန့်တောင်းနေတဲ့ အခြေအနေမျိုး၊အဲဒီလောက်နဲ့လည်း ရခိုင်ပြည်သူတွေရဲ့ဘ၀က မလွတ်မြောက်နိုင်ဘူး ကျနော်တို့ဖြစ်ပေါ်နေတဲ့ အကျဉ်းအကျပ်တွေ၊စစ်ရေးအကျပ်အတည်းတွေကို မကျော်လွှားနိုင်။ အဲဒါကြောင့် သူတို့ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးွက်ပေါက်တစ်ခု အနေနဲ့ လုပ်တာသာဖြစ်ပြီးဒီအပေါ်မှာ ကျနော်တို့၇ခိုင်ပြည်သူအနေနဲ့တော့ဒီအပေါ်မှာ အလေးလည်းထားကြမှာ မဟုတ်သလို စိတ်ဝင်စားမှုလည်းမရှိပါဘူး။

 မေး- ဟုတ်ကဲ့။အခုလိုဖြေဆိုပေးတဲ့အတွက် ကျေးဇူးပါ။

ဖြေ- ဟုတ်ကဲ့။ကျေးဇူးပါ။

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.