Preview

“ ဒီရွေးကောက်ပွဲတစ်ရပ်ကျင်းပရုံနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာတွေကို အလုံးစုံဖြေရှင်းနိုင်ဖို့မမြင်ဘူး”

ဇန်နဝါရီ ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :7745
အင်တာဗျူး

ဦးသာထွန်းလှ

(ဥက္ကဋ္ဌ- ၇ခိုင်အမျိုးသားပါတီ/ ANP)

 

စစ်ကောင်စီက ဒီနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်သွားမယ်ဆိုတဲ့ အသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြောဆိုဝေဖန်မှုတွေလည်း ထွက်ပေါ်နေသလို ပါတီတချို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကိုလည်းစတင် မြင်တွေ့လာနေရပြီဖြစ်ပါတယ်။ ၇ခိုင်ပြည်နယ်ထဲက ၂၀၁၅၊  ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွေမှာ လွှတ်တော်နေရာအများဆုံးအနိုင်ရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီကကော လာမယ့် ရွေးကောက်ပွဲမှာ ဝင်မလား၊ မဝင်ဘူးလားဆိုတဲ့အပေါ်မှာလည်း လူထုက အာရုံစိုက်မှုတွေရှိလာပါတယ်။ ဒီအတွက် လာမယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၇ခိုင်အမျိုးသားပါတီ (ANP)ရဲ့ ရပ်တည်ချက်၊ အမြင်သဘောထားတွေကို ပါတီဥက္ကဋ္ဌဦးသာထွန်းလှကို နိရဉ္စရာသတင်းဌာနက မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

နိရဥ္စရာ-   စစ်ကောင်စီဘက်က ဒီနှစ်အတွင်း ရွေးကောက်ပွဲလုပ်ဖို့  ပြင်ဆင်နေတာတွေ တွေ့နေ၇ပါတယ်။  ဒီတော့ ANP ပါတီအနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိ/မရှိ သိချင်ပါတယ်။

ဦးသာထွန်းလှ- လောလောဆယ် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတစ်စုံတစ်ရာဆွေးနွေးဆုံးဖြတ်ထားတာမရှိသေးဘူး။ 

 

မေး- ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဦးဘရှိန်က ပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံရေးပါတီဆိုတာ ရွေးကောက်ပွဲဝင်ဖို့ဖွဲ့ထားတဲ့အတွက် ရွေးကောက်ပွဲဝင်မယ်လို့ မီဒီယာတစ်ခုကို ပြောဆိုထားတဲ့အပေါ်မှာ ဝေဖန်ပြောဆိုမှုတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဦးဘရှိန် ပြောတဲ့ ဒီအပေါ်မှာရော ဆရာအနေနဲ့ ဘယ်လိုများမြင်ပါလဲ။

ဖြေ- ပါတီမှာက မူဝါဒရေးရာဦးဆောင်ကော်မတီအစည်းအဝေးလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးတာမရှိသေး။ ပါတီ ဗဟိုအလုပ်အမှူးဆောင်အဖွဲ့အစည်းအဝေးလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဆွေးနွေးတာမရှိသေးပါဘူး။ ပါတီ ဗဟိုကော်မတီ အစည်းအဝေးလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဆွေးနွေးတာမရှိသေးပါဘူး။ ဒါကြောင့် ဦးဘရှိန် VOM မှာ ပြောတာဟာ ဦးဘရှိန်ရဲ့ပုဂ္ဂလိကအမြင်ကိုပြောတာလို့ပဲ ပြောလိုတယ်။ ဒါဟာ ပါတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြောတဲ့ပါတီရဲ့သဘောထားမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ ဦးဘရှိန်ရဲ့ ပုဂ္ဂလိကအမြင်ကိုပြောတာလို့ပဲပြောလိုတယ်။ 

 

မေး-နောက်မေးခွန်းတစ်ခုအနေနဲ့က အခုလာမယ့် စစ်ကောင်စီက ပြုလုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအပေါ် ဆရာ့အနေနဲ့ ဘယ်လို ရှုမြင်သုံးသပ်ပါလဲ။

ဖြေ-လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခဖြစ်စဉ်နဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ်မှာသုံးသပ်ပြီးပြောရမယ်ဆိုရင်  ရွေးကောက်ပွဲတစ်ခုမှာ မဲဆန္ဒရှင်ပြည်သူတွေဟာ လုံလုံခြုံခြုံနဲ့လွတ်လွတ်လပ်လပ် ကိုယ့်မဲဆန္ဒကိုကိုယ်ပေးနိုင်ခွင့်ရရှိရေးဟာအရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်တယ်လို့ပြောလိုတယ်။ ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူတွေဟာ နေ့စဉ်ရက်ဆက် ကိုယ့်ရပ်၊ကိုယ့်ရွာကို၊ ကိုယ့်အလုပ်အကိုင်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရတဲ့သတင်းမျိုးလည်းနေ့စဉ်ရက်ဆက် ကြားနေရတယ်။ အသက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေလည်း နေ့စဉ် ရက်ဆက်ကြားသိနေရတဲ့အခြေအနေတွေ ရှိတယ်။ ပြီးတော့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေအပေါ်မှာမဲဆန္ဒရှင်ပြည်သူတွေဟာ စိုးရိမ်စိတ်နဲ့နေထိုင်နေရတဲ့ အခြေအနေရှိတယ်လို့ မြင်တယ်။ ဒါကြောင့်ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှု အားနည်းနေရှိတယ်လို့ သုံးသပ်တယ်။ ဒါကြောင့်အခုလက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ရမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေဟာလုံလုံခြုံခြုံနဲ့ လွတ်လွတ်လပ်လပ် မိမိမဲဆန္ဒတွေကို မဲပေးနိုင်တဲ့အခြေအနေအခင်းအကျင်းရှိတယ်လို့မမြင်ဘူးလို့ပဲ သုံးသပ်လိုပါတယ်။

 

မေး-ဟုတ်ကဲ့ပါ။ နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ လာဖို့ရွေးကောက်ပွဲအပေါ်မှာမြန်မာနိုင်ငံအပြင် နိုင်ငံတကာကပါဝေဖန်မှုတွေများနေချိန်မှာ ရခိုင်ပြည်သူထုရဲ့  ဒီရွေးကောက်အပေါ်မှာ စိတ်ဝင်စားမှုပေါ့လေ၊ နောက်ပြီးသူတို့ရဲ့ ရွေးကောက်ပွဲအပေါ်ထားတဲ့သဘောထားက ဘယ်လိုမျိုးရှိတယ်လို့ မြင်ပါလဲ။

ဖြေ- လောလောဆယ် ရခိုင်ပြည်မှာက အပစ်အခတ်တွေကလည်း ယာယီရပ်စဲထားတဲ့ အခြေအနေမျိုးပဲရှိတယ်။ ၇ခိုင်မှာလည်း ULA/AA နဲ့ မြန်မာစစ်တပ်ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း  သံသယနဲ့ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေလည်း တစ်စုံတစ်ဦးမှအခုချိန်ထိ ပြန်ပြီးလွတ်လာတာမျိုးကို မကြားရသေးဘူး။ တရားစွဲဆို ရုံးတင်ခံနေရတဲ့အခြေအနေမျိုးလည်းရှိနေတဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ကတော့ လောလောဆယ်ရွေးကောက်ပွဲ အပေါ် စိတ်ပါဝင်စားမှု အားနည်းနေတယ်။ ဆက်ပြီး သုံးသပ်ပြောဆိုရရင် တချို့စစ်ဘေးရှောင်ပြည်သူတွေလည်းကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ပြီးနေထိုင်နိုင်တဲ့အခြေအနေ အခင်းအကျင်းတစ်ရပ်လည်း မရှိသေးဘူး၊ လက်ရှိအချိန်အထိ  ကိုယ့်ရပ်ကိုယ့်ရွာကိုမပြန်ရတဲ့အခြေအနေတွေ အပေါ်မူတည်ပြီးပြောရရင် မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့လည်း ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုကလျော့နည်းနေတုန်းပဲလို့ မြင်တယ်။

 

မေး-  ဒီလာမယ့် စစ်ကောင်စီရဲ့ ၂၀၂၃ရွေးကောက်ပွဲဟာ တစ်နိုင်ငံလုံးက နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ ဘယ်လောက်ထိ ပြောင်းလဲမှု၊သက်ရောက်မှု ရှိနိုင်မယ်လို့ ထင်ပါလဲ။

ဖြေ-လောလောဆယ် မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာဟာ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကာလကနေ တိုင်းရင်းသားလူမျိုးတွေ ကိုယ့်ကံကြမ္မာကိုယ်တိုင်ဖန်တီးခွင့်၊ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးတွေဆုံးရှုံးနေတဲ့ ပြဿနာရှိသလို တခြားတစ်ဘက်မှာလည်းနိုင်ငံသူ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရပိုင်ခွင့်ပါ တစ်နေ့ထက် တစ်နေ့ဆုံးရှုံးလာတယ်။ ဒီအတွက် ပြဿနာတွေဟာ ယခင်ကထက် ပိုပြီး ရှုပ်ထွေးလာတဲ့အခြေအနေမှာ ရှိတယ်။ဒီမိုကရေစီ စံချိန်၊ စံညွှန်းနဲ့ ပတ်သက်တဲ့အခွင့်အရေးတွေလည်း ပြည့်စုံလုံလောက်တဲ့အခြေအနေအခင်းအကျင်း တစ်ရပ်ကို မရနိုင်သေးတဲ့အခြေအနေမှာ ပိုပြီးရှုပ်ထွေးတဲ့ နိုင်ငံရေးပြဿနာတွေဖြစ်ပေါ်လာနေတယ်လို့ ရှုမြင်တဲ့အတွက်ကြောင့်မလို့ ဒီရွေးကောက်ပွဲတစ်ရပ်ကျင်းပရုံနဲ့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့နိုင်ငံရေးပြဿနာတွေကို အလုံးစုံဖြေရှင်းနိုင်ဖို့မမြင်ဘူးလို့ပဲပြောလိုပါတယ်။ 

 

မေး- ဒါဆိုရင် ဒီ နိုင်ငံရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းရင် ၇နိုင်မယ်လို့ထင်ပါသလဲ။

ဖြေ- မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာကိုဖြေရှင်းရေးဟာ ကျယ်ပြန့်နက်နဲပါတယ်။  တစ်ထိုင်တည်းပြောလို့ပြီးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဓိက သက်ဆိုင်သူတွေ ဖြေရှင်းဖို့ရည်ရွယ်ချက်ရှိမယ်ဆိုရင်ပါဝင်ထိုက် ပါဝင်သင့်သူတွေနဲ့   နိုင်ငံရေးအရသဘောတူညီမှုရအောင် ပြုလုပ်ဆောင်ရွက်ဖို့လိုတယ်။ အဲ့ဒီ ရတဲ့သဘောတူညီမှုအပေါ်မှာ အကောင်အထည်ဖော်ဖို့လုပ်ငန်းစဉ်တွေချမှတ်ပြီးတော့ လုပ်ဆောင် ဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ ဒီလိုနိုင်ငံရေးကတိကဝတ်တွေနဲ့ နိုင်ငံရေးသဘောတူညီမှုကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေချမှတ်ဆောင်ရွက်နိုင်မှမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ပြောချင်ပါတယ်။

နိရဥ္စရာ- အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဦးသာထွန်းလှ- ကျေးဇူးတင်ပါတယ်။

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.