Preview

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ရခိုင်အမျိုးသမီးအချို့၏အမြင်များ

မတ် ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :3412
အင်တာဗျူး

နိရဉ္စရာ၊ မတ် ၈/၂၀၂၃(Voxpop)

ယနေ့ မတ်လ ၈ ရက်မှာ၄၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်သည်။ ယနေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ၂၀၂၃ ခုနှစ်၊ဆောင်ပုဒ်မှာ "ညီမျှခွင့်တူ ဖမ်းဆုပ်ယူ (Embrace Equity)" ဖြစ်ပါသည်။

၁၉၀၀ပြည့်နှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများမှ အလုပ်သမားလူတန်းစားအမျိုးသမီးများသည် စီးပွားရေးအရ ခေါင်းပုံဖြတ်ခံ၇မှု၊ အလုပ်ချိန်မတရားခိုင်းစေမှု၊လူမှုအကျိုးခံစားခွင့်ကင်းမဲ့မှု၊ နိုင်ငံရေးအရဖိနှိပ်မှု၊ဆင်းရဲမွဲတေမှုများကို ခံစားခဲ့ကြ၇သည်။

၁၉၀၈ ခုနှစ်တွင်အမျိုးသမီး တစ်သောင်းခွဲကျော်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်ခ် မြို့၏လမ်းများပေါ်ထွက်၍အမျိုးသမီးများ မဲပေးခွင့် ရရှိရေး၊ မျှတသောအလုပ်ချိန် သတ်မှတ်ပေးရေး၊လုပ်ခလစာတန်းတူရရှိရေးတို့အတွက် တောင်းဆိုခဲ့ကြသည်ဟု သိ၇သည်။

၁၉၁၀ ခုနှစ်ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် မြို့မှာကျင်းပခဲ့သောနိုင်ငံတကာအမျိုးသမီးအလုပ်သမား ညီလာခံတွင်ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီး ဌာနခေါင်းဆောင် ကလာရာ ဇက်ကင်ဆိုကအမျိုးသမီးများအခွင့်အရေး တန်းတူညီမျှရရှိရေးအတွက် အမျိုးသမီးများနေ့သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့ပြီး နိုင်ငံပေါင်း (၁ရ)နိုင်ငံရှိ အလုပ်သမားသမ္မဂများ၊ဆိုရှယ်လစ်ပါတီများ၊ အမျိုးသမီးအလုပ်သမားအဖွဲ့များမှ အမျိုးသမီး (၁၀၀)ကျော်က၄င်း၏အဆိုကို သဘောတူညီခဲ့ကြသည်။

ယင်းသဘောတူညီမှုကြောင့်၁၉၁၁ ခုနှစ်မှ စတင်ကာ မတ်လ ၁၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် စတင်သတ်မှတ်ပြီးအမျိုးသမီးများအခွင့်အရေးတန်းတူညီမျှရရှိရန် တောင်းဆိုခဲ့ကြသည်။

ယင်းနောက် ၁၉၇၅ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက မတ်လ ၈ ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အဖြစ် တရားဝင်သတ်မှတ်ပေးခဲ့ကြောင်းသိ၇သည်။

ယနေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ရာ ရခိုင်ဒေသရှိနယ်ပယ်အသီးသီးမှအမျိုးသမီးအချို့ကို နိရဉ္စရာသတင်းဌာနမှသွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

ရခိုင်ရှိ  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများအပါအဝင်နေထိုင်ရပ်တည်မှုတို့တွင်လည်း အမျိုးသမီးဖြစ်မှုအပေါ် အခြေခံပြီး မတူကွဲပြားသည့်ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ခံစားနေကြရသည်ဟု ၇ခိုင်အမျိုးသမီးထုက ပြောသည်။


ယင်းသို့ခွဲခြားဆက်ဆံမှုများကြောင့် ရခိုင်ဒေသရှိအမျိုးသမီးများအနေဖြင့် လွတ်လပ်စွာ သွားလာနေထိုင်ခွင့်၊ ပညာသင်ကြားနိုင်ခွင့်စသည့်အခွင့်အရေးများဆုံးရှုံးနေကြ၇ကြောင်းလည်း ပြောဆိုကြသည်။

အလားတူအမျိုးသမီးဖြစ်မှုအပေါ်အခြေခံပြီး အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှု၊လူ့အခွင့်အရေး ကန့်သတ်တားမြစ်မှုများကို ယနေ့တိုင် ကြုံတွေ့နေရဆဲပင်ဖြစ်ပြီးလူအခွင့်အရေးချိုးဖောက်မှုများတွင်ကျူးလွန်သူများကို ဥပဒေကြောင်းအရ အရေးယူနိုင်မှု အားနည်းနေသေးကြောင်း ပြောဆိုကြသည်။

ရခိုင်ဒေသမှအမျိုးသမီးများ လက်ရှိကြုံတွေ့နေရသည့်အခြေအနေများကိုအမျိုးသမီးတက်ကြွလှုပ်ရှားသူမျာအား နိရဥ္စရာသတင်းဌာနကမေးမြန်းတင်ပြပေးလိုက်ပါသည်။ (NN-23)

 

မလှဝင်း (မြိုတိုင်းရင်းသူလူငယ်အမျိုးသမီး)

ကျွန်မတို့မြိုလူမျိုးတွေထဲမှာဆိုရင် အမျိုးသမီးတွေ၊ သမီးမိန်းကလေးတွေက အခွင့်အရေးအများကြီး ဆုံးရှုံးရတာတွေရှိတယ်။ ကျွန်မတို့ရဲ့လူကြီးမိဘတွေက အမျိုးသမီးဆိုရင် ပညာသင်ကြားတဲ့ အခါမှာလည်း ၇ တန်း၊၈ တန်း ရေးတတ်ဖတ်တတ်ရင် ဟုတ်ပြီ။ တော်လောက်ပြီ။ ၁၀ တန်း အောင်သွားလည်း ပညာတတ်ဖြစ်သွားရင်လည်းယောက်ျားနောက်လိုက်သွားမှာပေါ့နော်။ ယောကျာ်းဘက်ကမိသားစုတွေပဲအကျိုးခံစားခွင့် ရှိမယ်။ ဒီအမျိုးသမီးတွေ မိသားစုကအကျိုးခံစားခွင့်မရှိနိုင်ဘူးဆိုပြီးတော့ အမျိုးသမီးတွေရဲ့ ပညာသင်ကြားမှုကိုအတားအဆီး ဖြစ်စေတာတွေ ရှိတယ်ပေါ့နော်။နောက်တစ်ခုက ကျေးရွာတွေမှာလူမှုပ၇ဟိတ လုပ်ငန်းတွေ လုပ်တဲ့အခါလည်း အမျိုးသား ၅၀ရာခိုင်နှုန်းပါဝင်တဲ့နေရာမှာ အမျိုးသမီး ၂၀ ရာခိုင်နှုန်းလောက်ပါဝင်နေရမယ့်နေရာမှာလက်ရှိအနေအထားအ၇တော့ အမျိုးသမီးတွေ တန်းတူပါဝင်ခွင့်မ၇ဘူးပေါ့နော်။ အဲဒါကတော့ရိုးရာဓလေ့ကြောင့်ပဲလား၊ လူကြီးတွေက နည်းပညာနဲ့အလှမ်းဝေးလို့လား။အမြင်မကျယ်တာကြောင့်လားတော့ မပြောနိုင်ပါဘူး။ အဲဒီလိုလုပ်ငန်းတွေမှာအမျိုးသမီးတွေ အမျိုးသားတွေနဲ့တန်းတူခရီးသွားလာတာတွေကိုကဲ့ရဲ့ရှုတ်ချတာတွေတွေ့နေ၇တယ်ပေါ့နော်။ ကျွန်မတို့ မြိုလူမျိုတွေဟာ ရခိုင်ဒေသမှာဆိုရင်အများစုနေထိုင်နေကြတယ်။ ဒါပေမယ့် အဲဒီအခြေအနေတွေကြောင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကိုကန့်သတ်တားမြစ်ခံထားရတယ်။ ပညာရေး၊ လူမှုရေးတွေမှာ အခွင့်အရေး ဆုံးရှုံးနေကြ၇ပါတယ်

မဆောင်းနှင်းဝေ(ကမန်လူငယ်အမျိုးသမီး)

အခုလက်ရှိညီမတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ မတူကွဲပြားခြားနားတဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်ခွဲခြား ဆက်ဆံခံနေရတာတွေရှိနေတယ်ပေါ့နော်။ နေ့တဓူ၀မှာညီမတို့ ဘာတွေကြုံတွေ့ရလဲဆိုရင် ညီမတို့က အစ္စလာမ်ဘာသာကိုးကွယ်တော့အမျိုးသမီးတွေအနေနဲ့ ဘယ်လို ဝတ်စားဆင်ယင်၇မယ်။ အပြင်တွေဘာတွေမသွားရဘူးဆိုတဲ့ပုံစံမျိုးနဲ့ခွဲခြားမှုတွေရှိတယ်။ တစ်ဘက်မှာဆိုရင်လည်း အိမ်ထောင်မှုပြုတဲ့အခါအမျိုးသမီးတွေအနေနဲ့ မိဘသဘောတူတဲ့လူကိုယူ၇တယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့။အဲဒီလိုပုံစံမျိုးတွေကို လက်ရှိကျွန်မတို့ မြေပြင်မှာရင်ဆိုင်ကြုံတွေ့နေ၇တဲ့အနေအထားရှိနေသေးတယ်။ နောက်တချက်ကကျွန်မတို့အပြင်သွားတာ၊ ကျောင်းတွေဘာတွေ သွားတာဖြစ်ဖြစ် အမျိုးသမီးဖြစ်ခြင်းအပေါ်မှာဆန့်ကျင်ဘက်လိင်အမျိုးသားတချို့ရဲ့  နှမသားချင်းမစာညှာညစ်ညမ်းပြောဆိုစနောက်တာမျိုးတွေ ကြုံ၇တယ်။ ဒါအမျိုးသားအားလုံးကိုပြောတာမဟုတ်ပါဘူး။ တချို့သော အဲလိုအကျင့်ရှိတဲ့အမျိုးသားတစ်စုကိုပြောတာဖြစ်တယ်။ နောက်တစ်ခုက အရပ်ဘက်အဖွဲ့အစည်းရပ်တည်ခါမှာလည်း ဒါအမျိုးသမီးတွေကဒီအလုပ်ကိုလုပ်နိုင်ပါ့မလားဆိုတာမျိုးတွေပေါ့။ အဓိကတော့အမျိုးသမီးဖြစ်မှုကို မူတည်ပြီးတော့ ခွဲခြားဆက်ဆံတာတွေ၊ ဘာသာရေးကိုအကြောင်းပြပြီးအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ကန့်သတ်တားမြစ်ပြီး ခွဲခြားဆက်ဆံမှုတွေအများကြီး ရှိနေပါသေးတယ်


မသင်းသက်မှူးနိုင်(မြေပုံလူငယ်များအဖွဲ့)

လူတွေရဲ့စိတ်ထဲမှာဘယ်လိုမျိုးထင်မြင်နေကြလဲဆိုတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်အင်အားပိုကြီးတယ်၊ ပိုမြင့် မြတ်တယ်။ ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီးအခွင့် အရေး၇သင့်တယ်ဆိုပြီးထင်မြင်နေကြပါတယ်။ အဲဒါတွေကြောင့်ပဲ အမျိုးသမီးတွေကို အရာရာမှာတစ်ဆင့်နှိမ့်ပြီးဆက်ဆံတာမျိုးတွေလုပ်ကြပါ တယ်။ အဝတ်အစားတွေ လှန်းရင်တောင် မိန်းကလေးအဝတ်အစားကိုအပြင်မှာထုတ်မလှန်း ၇တာမျိုးတွေ၊ အမျိုးသား အဝတ်လှန်းတာရဲ့အပေါ်ကမလှန်း၇တာမျိုးတွေက ဥပမာသေးသေးလေး တွေလောက်ပဲ ရှိပါသေးတယ်။ တခြား နယ်ပယ်ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခွဲခြားဖိနှိပ်ဆက်ဆံခံရတာတွေရှိနေပါတယ်။ အမျိုးသားတွေကပိုအားကြီးလို့ ပိုအခွင့် အရေး၇သင့်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကလည်း လုံး၀အဆင်မပြေပါဘူး။ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့တန်းတူအခွင့်အရေးတွေ၇သင့်ပါတယ်။ ခေါင်းဆောင်မှုပိုင်းမှာကော၊တခြားလုပ်ငန်းခွင်မှာ တာဝန်ယူ၇တာတွေမှာပါ သာတူညီမျှတဲ့ အခွင့်အရေးတွေ ရ၇ပါမယ်။ ကျား/မခွဲခြားချက်တွေကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်း အပေါ်မူတည်ပြီးတော့ အသိအမှတ်ပြုခံရတာတွေရှိရပါမယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်ဟာအမျိုးသားတွေထက်အင်အားနည်းတယ်ဆိုတဲ့စိတ်မျိုးမမွေးဘဲ အရင်ကထင်ခဲ့ကြတဲ့ မိရိုးဖလာအမျိုးသမီးတွေလုပ်ရမယ့်အလုပ်ဆိုတာထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်းတွေရှိတယ်ဆိုတာကိုလက်ခံကြရပါမယ်။ ပြီးတော့ အကြမ်းဖက်မှုတစ်ခုခုကြုံလာရတယ်ဆို ရင်တောင် ရှက်လို့ ထုတ်မပြောတာမျိုးမဟုတ်ဘဲ ရဲရဲဝံ့ဝံ့နဲ့ရင်ဆိုင်ဖို့ပါပဲ။ဘာလို့လဲဆိုတော့ အကြမ်းဖက်မှုကြုံလာတိုင်းမှာ ကျူးလွန်ခံရသူက ရှက်သင့်တာမဟုတ်ဘဲ ကျူးလွန်တဲ့သူကသာရှက် သင့်တာကြောင့်ပါပဲ။ ပတ်ဝန်းကျင်အနေနဲ့ကလည်း ကျူးလွန်ခံရတဲ့သူအပေါ်မှာပဲအပြစ်တင်တာတွေမလုပ်ကြဖို့လည်း လိုအပ်ပါတယ်။ အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံတာတွေ၊ဘက်လိုက်မှုတွေရပ်တန့်သွားဖို့နဲ့ အမျိုးသမီးတွေအပေါ်အကြမ်းဖက်တာတွေအမြစ်ပြတ်သွားဖို့က ညီမတို့ အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာမျိုးမဟုတ်ဘဲလူတိုင်းနဲ့သက်ဆိုင်ပါတယ်။ အတူတူလက်တွဲပြီး လုပ်ဆောင်သွားရမယ့်အရာလို့ညီမနေနဲ့မြင်မိပါတယ်
 
ဒေါ်စောစံငြိမ်းသူ ( ဥက္ကဋ္ဌ၊ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ )

နိုင်ငံရေးအခက်အခဲအကျပ်အတည်းကာလမှာလုယက်မှု၊ တိုက်ခိုက်မှုတွေမှာလည်း အမျိုးသမီးတွေ အပေါ်မှာဆိုရင် ပိုပြီးတော့နိုင်ထက်စီးနင်းပြုလို့၇တယ်ဆိုတဲ့ အခြေအနေတွေကြောင့်ပဲများသောအားဖြင့် လုယက်တိုက်ခိုက်မှုတွေမှာ အမျိုးသမီးတွေကပိုပြီးတော့ ကြုံနေရတဲ့အခြေအနေရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာဆိုရင်လည်းခေါင်းပုံဖြတ်တာ၊ ရိုက်နှက်အကြမ်းဖက်တာအပြင် မုဒိမ်းကျင့်တာတွေအထိရှိနေသေးတယ်။ ခုနကပြောတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကပဲအမျိုးသမီးတွေအပေါ် နိုင်ထက်စီးနင်းပြုကျင့်ဖို့ အခွင့်အရေးပေးထားနေသေးတယ်လို့ပြောနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှုအားနည်းတဲ့အပေါ် အများကြီးမူတည်ပါတယ်။အကြမ်းဖက်မှုခံ၇တဲ့အမျိုးသမီးတွေအနေနဲ့ တိုင်ကြားလာတယ်ဆိုရင်သက်ဆိုင်ရာအာဏာပိုင်တွေက အရေးတယူဆောင်ရွက်ပေးမှပဲ အကြမ်းဖက်ခံနေရတဲ့အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်မယ်။ လက်ရှိအနေအထားမှာကျတော့ဘယ်လိုတိုင်ကြား၇မလဲဆိုတဲ့ အဆင့်မှာပဲ အခက်အခဲတွေရှိနေပါတယ်။ ဆိုတော့ကျူးလွန်သူတွေကို ဥပဒေကြောင်းအ၇ အရေးယူမှုမရှိသေးသရွေ့တော့အကြမ်းဖက်မှုကို ကျူးလွန်နိုင်တဲ့ အနေအထားရှိနေအုံးမယ်ပေါ့နော်

(ပြီး)

 

#အမျိုးသမီးလူပ်ရှားမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.