တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

နွေရာသီအဖြစ်များတဲ့ အပူလျှပ်ရောဂါ(Heat Stroke) ကို ဘယ်လိုကြိုတင်ကာကွယ်မလဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 7.8k

အပူလျှပ်ပြီး အပြင်းအထန်ဖြစ်ပြီဆိုရင် လေဖြတ်တာတို့ဖြစ်တတ်တဲ့အပြင် အဆိုးရွားဆုံးကတော့ အချိန်မီမကုသရင် အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်


နိရဥ္စရာ၊ မတ် ၂၃ / ၂၀၂၃ (ကျန်းမာရေးအသိပညာပေး အင်တာဗျူး)

နွေရာသီရောက်လာပြီဆိုတာနဲ့ အပူချိန်လွန်ကဲမှုကြောင့် နေရာဒေသအသီးသီးက ပြည်သူတွေမှာ အပူလျှပ်တာတွေ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။


အပူလျှပ်ရောဂါနဲ့ပတ်သက်ပြီး အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခမ်းခြင်းနဲ့ အပူလျှပ်ခြင်းဆိုပြီး ကျန်းမာရေးကျွမ်းကျင်သူတွေက အဆင့်သုံးဆင့် ခွဲခြားထားတာတွေ့ရပါတယ်။ အထူးသဖြင့် ကြွက်တက်တဲ့ အဆင့်၊ အားအင်ကုန်ခမ်းတဲ့အဆင့်မှာ သိမယ်ဆိုရင် အပူလျှပ်တဲ့အထိ မဖြစ်ရအောင် ကာကွယ်ကုသနိုင်တယ်လို့လည်း သိရပါတယ်။

အပူလျှပ်ရောဂါဖြစ်ပြီဆိုရင် ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) ၄၀ ဒီဂရီ စင်တီဂရိတ်ထက် ပိုမြင့်ခြင်း၊ ကြွက်တက်ခြင်း၊ မူးဝေခြင်း၊ မအီမသာအော့အန်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊ အသက်ရှူမြန်ပြီး မောပန်းလွယ်ခြင်း၊ ခြေကုန်လက်ပမ်းကျခြင်း၊ စိတ်အာရုံစုစည်းလို့ မရခြင်းတို့ ခံစားရနိုင်တယ်လို့ သိရပါတယ်။

ဒီလို အပူလျှပ်ရောဂါပြင်းထန်ဖြစ်ပွားပြီး အချိန်မီမကုသဘဲ ပေါ့လျော့နေထိုင်မိရင် လေဖြတ်တာအပြင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုထားကြပါတယ်။

နွေရာသီမှာအဖြစ်များတဲ့ အပူလျှပ်ရောဂါက ဘယ်လို လူမျိုးတွေမှာ အဖြစ်များလဲ။ အပူလျှပ်ရောဂါ ဝေဒနာခံစားရရင် ဘယ်လိုနည်းလမ်းတွေနဲ့ကုသနိုင်လဲ။ အပူလျှပ်ရောဂါမဖြစ်ရအောင် ဘယ်လိုမျိုး ကာကွယ်နေထိုင်သင့်လဲဆိုတာကို ကျောက်တော်မြို့နယ်ဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာသန်းထွန်းဦးကို နိရဥ္စရာအကြီးတန်းသတင်းထောက်တစ်ယောက်က မေးမြန်းထားပါတယ်။

(နိရဉ္စရာ)- ပထမဆုံးအနေနဲ့ ဘယ်လိုရာသီဥတုအခြေအနေမျိုးတွေကြောင့် အပူလျှပ်ရောဂါ ဖြစ်တတ်တယ်ဆိုတာ နည်းနည်းပြောပြပေးပါဒေါက်တာခင်ဗျား။
(Dr)- အဓိကကတော့ အပူလျှပ်တဲ့ရောဂါဖြစ်စေတာက နွေရာသီမှာ အဆမတန်အပူချိန်လွန်ကဲရာက ဖြစ်တတ်ပါတယ်။ အပူချိန်ပြင်းတော့ အပူချိန်ကိုမခံနိုင်တော့ဘဲ ချွေးထွက်များပြီး ရေဓာတ်တို့၊ ဆားဓာတ်တို့ ဆုံးရှုံးရာကနေ အပူ စလျှပ်နိုင်ပါတယ်။

(မေး) - အပူလျှပ်တယ်ဆိုရင် ဘယ်လို လက္ခဏာစတင်ဖြစ်ပေါ်တတ်လဲ။ နည်းနည်း ရှင်းပြပေးပါလား။
(ဖြေ)- အပူလျှပ်ရင်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေဆိုရင် ချွေးထွက်လွန်ပြီး ခေါင်းမူးတာတို့၊ ခေါင်းကိုက်တာ၊ ပျို့အန်တာတို့၊ သတိလစ်(တက်ခြင်း)တို့၊ အသက်ရှူမြန်တာတွေ၊ နှလုံးခုန်မြန်တာတွေ ဖြစ်တတ်ပါတယ်။

(မေး) - အပူလျှပ်တာက ဘယ်လိုလူမျိုးတွေမှာ အဖြစ်များပါသလဲ။
(ဖြေ)- အဓိကတော့ နေပူပြင်ထဲမှာ အပြင်းအထန်လှုပ်ရှားပြီးအလုပ်လုပ်ရတဲ့သူတွေ၊ အလုပ်သမားတွေအဖြစ်များပါတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ ရောဂါအခံရှိတဲ့သူတွေလည်း ဖြစ်ဖို့လွယ်ပါတယ်။ နေပူထဲ ထွက်ကစားလေ့ရှိတဲ့ ကလေးသူငယ်တွေလည်း ဖြစ်နိုင်ပါတယ်။

(မေး) - ခန္ဓာကိုယ်တွင်းအပူချိန် ဘယ်လောက်အဆင့်တွေမှာ အပူလျှပ်တာ ဖြစ်နိုင်ပါသလဲ။
(ဖြေ)- အပူလျှပ်မှုဖြစ်စေတာက လူရဲ့ခန္ဓာကိုယ်တွင်းအပူချိန်နဲ့ဆိုင်သလို ပြင်ပအပူချိန် အနိမ့်အမြင့်နဲ့လည်း ဆက်စပ်ပါတယ်။ မခံမရပ်နိုင်အောင်ပူတဲ့အပူချိန်မျိုးရှိနေရင်တော့ ပိုဆိုးတာပေါ့။ အပူလျှပ်ဖို့ များတာပေါ့။

(မေး)- အပူလျှပ်တာကြောင့် အနိမ့်ဆုံးအခြေအနေ ဘယ်လိုဖြစ်နိုင်ပြီး အဆိုးဆုံးက ဘာတွေဖြစ်လာနိုင်ပါသလဲ။
(ဖြေ)- အပူလျှပ်တာကြောင့် ဖြစ်နိုင်တဲ့အခြေအနေကတွေကတော့ ခုနကပြောခဲ့တဲ့ မူးဝေတာ၊ သတိလစ်တာ၊ ပျို့အန်တာတွေနဲ့ နုံးချိတာတွေ ဖျားနာတာတွေဖြစ်နိုင်ပါတယ်။ အပူလျှပ်ပြီး အပြင်းအထန်ဖြစ်ပြီဆိုရင် လေဖြတ်တာတို့ဖြစ်တတ်ပါတယ်။ အဆိုးရွားဆုံးကတော့ အချိန်မီမကုသရင် အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။

(မေး)- ရေချိုးမှားတာတွေကကော အပူလျှပ်နိုင်လား။ ဘယ်လိုမျိုး အခြေအနေမျိုးတွေမှာ ရေချိုးမိရင် အပူလျှပ်နိုင်ပါသလဲ။
(ဖြေ)- ရေချိုးမှားတာကလည်း အပူလျှပ်စေပါတယ်။ နေပူထဲမှာ အပြင်းအထန်လှုပ်ရှားမှုတွေလုပ်ပြီး ချက်ချင်းရေချိုးတာတွေ၊ ရေသောက်တာတွေ မလုပ်ဖို့လိုပါတယ်။ အဲဒီလိုချက်ချင်းရေသောက်တာ၊ ရေချိုးတာတွေကြောင့် အပူလျှပ်တာပိုပြီးဖြစ်တတ်ပါတယ်။ နေပူထဲက ပြန်ရောက်တာနဲ့ အချိန်အတိုင်း အတာတခုထိ အနားယူပြီးမှ ရေချိုးတာတွေလုပ်ဖို့ လိုအပ်ပါတယ်။

(မေး)- မတော်တဆ အပူလျှပ်ပြီဆိုရင် ဘယ်လိုနည်းတွေနဲ့ကုသသင့်သလဲ။ လူနာကို ဘာတွေလုပ်ပေးရမလဲခင်ဗျာ။
(ဖြေ)- ကိုယ့်ပတ်ဝန်းကျင် မိသားစုထဲမှာ မတော်တဆ အပူလျှပ်တဲ့လူနာရှိလာပြီ။ အပူလျှပ်တဲ့ ရောဂါလက္ခဏာတွေဖြစ်တယ်ဆိုတာနဲ့ ပထမဆုံး လူနာကို အေးတဲ့နေရာတစ်ခုကို အရင်ဆုံးရွှေ့ပေးရမယ်။ လူနာကို အေးတဲ့နေရာမှာ လဲလျောင်းအနေအထားထားပြီး ရေပတ်တိုက်ပေးတာတို့ လုပ်ရမယ်။ လူနာက သတိမလစ်နေဘူးဆိုရင် ရေများများတိုက်ပေးရမယ်။ ပြီးရင် နီးစပ်ရာဆေးရုံဆေးခန်းတွေကို အချိန်မီပို့ပေးဖို့လိုပါတယ်။

(မေး)- အပူမလျှပ်ရအောင် ဘယ်လိုတွေ နေထိုင်သင့်လဲ။ ဘာတွေ ဂရုတစိုက်ဆောင်ရွက်သင့်ပါသလဲ။
(ဖြေ)- အခုက နွေရာသီလည်းရောက်ပြီဆိုတော့ အပူချိန်ပြင်းတယ်။ ဒီလိုအပူချိန်လွန်ကဲတာတွေကြောင့်ပဲ အပူလျှပ်တာတွေ ဖြစ်စေနိုင်တယ်။ အပူမလျှပ်ရအောင် ကြိုတင်ကာကွယ်ရမှာကတော့ နေပူထဲမှာ အချိန်အကြာကြီး အပြင်းအထန်မလှုပ်ရှားဖို့ရယ်။
နေပူထဲထွက်မိရင် နေပူဒဏ်ကိုကာကွယ်နိုင်မယ့် အင်းကျႌလက်ရှည်တွေဝတ်ပြီးမှ ထွက်တာမျိုးတွေလုပ်ရမယ်။ ပြီးရင် နေပူထဲထွက်တာနဲ့ ဆောင်းစရာတစ်ခုခု အမြဲဆောင်းဖို့လိုတယ်။ အပူလျှပ်တာက ချွေးထွက်လွန်ပြီး ရေဓာတ်ဆုံးရှုံးရာက ဖြစ်တတ်တဲ့အတွက် ရေတို့၊ ဓာတ်ဆားရေတို့ကို နေ့စဉ်များများသောက်ပေးရမယ်။ ဒါတွေကို ဂရုတစိုက်လုပ်ပေးရင်တော့ အပူလျှပ်တဲ့ ဒဏ်က ကြိုတင်ကာကွယ်ပြီးသားဖြစ်ပါမယ်။

(နိရဉ္စရာ)- ဟုတ်ကဲ့ပါ။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာခင်ဗျား။
(ပြီး)

 

ဆက်စပ် သတင်းများ