တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

“လူငယ်တွေ အားကစားလိုက်စားတာကတော့ ကောင်းတယ်လေ။ အားကစားတစ်ခုမဟုတ် တစ်ခု လိုက်စားကြရမယ်။ ဒါမှလည်း မူးယစ်ဆေးဝါးတွေ ပပျောက်လာမယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 7k

(ကိုဇော်လင်း၊ Gym Trainer၊ စစ်တွေမြို့)

စစ်တွေမြို့နယ်၊ ဆတ်ရိုးကျအကွက် (၂) မှ  အသက် (၂၄) နှစ်အရွယ် ကိုဇော်လင်းသည် မတ်လ (၁၉) ရက်က ရန်ကုန်မြို့ ဝါရင့်ကာယဗလအားကစားသမားဟောင်းများနှင့် Gym ပိုင်ရှင်များ ပထမဆုံးအကြိမ် ပူးပေါင်းကျင်းပသော ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၏ ၇၀ ကီလိုတန်းအောက် ဝိတ်တန်းတွင် Winner ဆုရရှိခဲ့သူဖြစ်သည်။

သူ၏ ကာယကြံ့ခိုင်ရေးလုပ်ဆောင်မှုများနှင့် ကြိုးစားအားထုတ်မှုများကို နိရဥ္စရာက ဆက်သွယ် မေးမြန်းထားပါသည်။


 နိရဥ္စရာ- ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြပေးလို့ ရနိုင်မလား။ ဘယ်နေရာမှာ ဘယ်သူတွေက ဦးဆောင်ကျင်းပခဲ့တာပါလဲ။
ကိုဇော်လင်း- ပြိုင်ပွဲကိုတော့ ရန်ကုန်မြို့၊ တောင်ဥက္ကလာ၊ နန္ဒဝန်စျေးအရှေ့နား ပဒေသာ အားကစား ခန်းမမှာ လုပ်တာပါ။ ဝါရင့်ကာယဗလအားကစားသမားဟောင်းတွေနဲ့ Gym ပိုင်ရှင်တွေက ပထမဆုံးအကြိမ်ကျင်းပတဲ့ ပွဲပါ။ အတန်းကတော့ မောင်မှာ (၅) တန်းပါပါတယ်။ ကျနော်ကတော့ ၇၀ Kg အောက်အတန်းမှာ ပြိုင်ပြီး ဆုရခဲ့တာပါ။ နောက် ၇၀ အထက်၊ ၈၀ Kg အထက်၊ ၈၀ Kg အောက် ဆိုပြီးခွဲလို့ရှိပါတယ်။ နောက်တစ်တန်းက မြန်မာ့လက်ရွေးစင်ပွဲပေါ့။ စိန်ခေါ်ပွဲလို့ ပြောရမှာပေါ့နော်။

နိရဥ္စရာ- အခု Facebook တွေမှာလည်း အစ်ကို ဆုရတဲ့ပုံလေးတွေ တွေ့ရပါတယ်။ ဒီပြိုင်ပွဲ ဝင်ပြိုင်ဖြစ်တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါအုံး။
ကိုဇော်လင်း- ပြိုင်ပွဲဝင်ပြိုင်ခဲ့ရတာတော့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ပြိုင်ပွဲကတော့ ၃ လပိုင်း ၁၉ ရက်နေ့ ချမယ်ဆိုပြီး အစကတည်းက ကြေညာထားတာရှိပါတယ်။ ဒါကြောင့် ပြင်ဆင်ပြီး သွားပြိုင်ဖြစ်တာပါ။ ပြိုင်ဖို့ကို အစကတည်းက ရည်ရွယ်ချက်ရှိခဲ့ပါတယ်။

 

နိရဥ္စရာ- ပြိုင်ပွဲအတွက် ဘယ်လောက်ထိ ပြင်ဆင်မှုတွေ လုပ်ခဲ့ရပါလဲ။
ကိုဇော်လင်း- ပြိုင်ပွဲအတွက် ၂ လလောက်ကနေ သူတို့ ကြေညာထားတာ။ ကျနော်တို့ကတော့ ငွေကြေးမတတ်နိုင်လို့ တစ်လအလိုလောက်ကနေမှ ကြိုတင်ပြင်ဆင်ရပါတယ်။ ပြိုင်ပွဲနီးလာရင်က အစားအသောက်တွေ အများကြီးစားရတယ်။ ကုန်ကျစရိတ်တွေ များတယ်။ ကျနော်ကတော့ တစ်လအလိုလောက်ကမှ အားထည့်ပြီး သွားပြိုင်ရတာပါ။
 
နိရဥ္စရာ- ဒီပွဲယှဉ်ပြိုင်စဉ်အတွင်း ဘယ်လိုအခက်အခဲ၊ စိန်ခေါ်မှုတွေရှိခဲ့ပါလဲ။ ဒါတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ပါလဲ။
ကိုဇော်လင်း- ဒီပွဲနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခဲ့ရတာတော့ အများကြီးပဲ။ တစ်လ အလိုလောက်ကနေ ကစားတဲ့နည်းစနစ်တွေ၊ Training၊ အစားအသောက်တွေကအစ အပြောင်းအလဲ လုပ်ရတယ်။ စစ်တွေကနေ ရန်ကုန်အထိ သွားပြိုင်ရတဲ့အခါကျတော့ အခက်အခဲတွေလည်း အများကြီး ရှိပါတယ်။ နောက်ပြီး အလုပ်လည်း လုပ်နေတာဆိုတော့ အလုပ်ကလည်း တစ်ဖက်နဲ့ပေါ့လေ။ Training လည်း မှန်ဖို့လိုတဲ့အခါကျတော့ အခက်အခဲတွေတော့ အများကြီး ကြုံခဲ့ရပါတယ်။
 
နိရဥ္စရာ- ဒီပွဲကို ဝင်ပြိုင်ကြတဲ့အထဲမှာ ရခိုင်က အစ်ကိုတစ်ယောက်တည်း ဝင်ပြိုင်တာလား။ တခြားဝင်ပြိုင်သူတွေရောရှိပါလားရှင့်။
ကိုဇော်လင်း- ရခိုင်ကတော့ ကျနော်တို့အတန်းမှာ ကျနော်တစ်ယောက်တည်းပါ။ တခြားအတန်းတွေမှာ နောက်ထပ်လည်း ရခိုင်တွေပါကြမယ်ထင်ပါတယ်။ ပြိုင်ပွဲပြိုင်နေချိန်မှာတော့ တစ်ယောက်ကို တစ်ယောက် အာရုံမစိုက်နိုင်ဘူးလေ။ ရခိုင်က သုံးလေးယောက်လောက်တော့ တွေ့ခဲ့ရပါတယ်။
 
နိရဥ္စရာ- အရင်ကရော ဒီလို ကာယဗလမောင်ပြိုင်ပွဲတွေမှာ ရခိုင်ကဝင်ပြိုင်ပြီး ဆုရရှိခဲ့ကြတာတွေ ရှိပါလား။
ကိုဇော်လင်း- အရင်က ရဖူးတာမျိုး ရှိပါတယ်။ ကျောက်တော်က ကိုအောင်သန်းဌေးကတော့ ၂၀၂၂ ခုနှစ် ဖြစ်မယ်ထင်တယ်။ ၈၀ Kg တန်းမှာ ဆုရခဲ့ဖူးတာရှိပါတယ်။ နောက်ပြီး မိန်းကလေးတစ်ဦးလည်း တတိယဆုရခဲ့တာ ရှိပါတယ်။
 
နိရဥ္စရာ- ဒီပွဲက အစ်ကို့အနေနဲ့ ပထမဆုံးပြိုင်တဲ့ပွဲလား။ အရင်ကရော ပြိုင်ခဲ့ဖူးပါလား။
ကိုဇော်လင်း- အရင်ကတော့ စစ်တွေမြို့နယ်ကိုယ်စားပြုပွဲတွေကို ၂၀၂၀၊ ၂၀၂၁ ခုနှစ်တွေမှာ ပြိုင်ခဲ့တာတွေရှိပါတယ်။ ပထမဆုရခဲ့ဖူးတာလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်ကိုယ်စားပြုဆုကိုတော့ ၂၀၂၂ ခုနှစ်က စစ်တွေမှာကျင်းပတဲ့ (၇၅) Kg တန်းမှာ ရခဲ့ပါတယ်။
 
နိရဥ္စရာ။- အစ်ကို့အနေနဲ့ အခုလိုကာယဗလမောင်တစ်ယောက်ဖြစ်ဖို့ ငယ်ငယ်က စိတ်ကူးခဲ့တာရောရှိပါလား။

ကိုဇော်လင်း-  ငယ်ငယ်ကတည်းက ကာယဗလမောင်တစ်ယောက်ဖြစ်ချင်လို့ ဒီအချိန်အထိ ရောက်လာခဲ့တာပါ။ ၁၀ တန်းစာမေးပွဲဲပြီးကတည်းက ကာယဗလလောကထဲဝင်လာခဲ့တာပါ။ ၁၆၊ ၁၇ နှစ်လောက်ကနေ စပြီး လေ့လာ လေ့ကျင့်ခဲ့တာပါ။ ကျနော်လေ့ကျင့်လာတာလည်း ၇ နှစ်လောက်ရှိပါပြီ။ ပြိုင်ပွဲတွေမှာလည်း အဆင့်ဆင့် ပြိုင်လာခဲ့တာပါ။ တတိယ၊ ဒုတိယ၊ ပထမဆုတွေ ရရှိခဲ့ပါတယ်။ ရန်ကုန်ပွဲမှာဆိုလည်း အကောင်းဆုံးကြိုးစားခဲ့တယ်။ Top 5 လောက်ပဲ အစကမှန်းထားခဲ့တာပါ။ Top 5 လောက်ဝင်ရင်တောင် ကျေနပ်တယ်ဆိုပြီးပြိုင်တာ Winner ရတော့ အရမ်းကို ဝမ်းသာရပါတယ်။
 
နိရဥ္စရာ- အစ်ကိုအနေနဲ့ အခုလို ရခိုင်အတွက် Winner ဆုရယူနိုင်ခဲ့တဲ့အပေါ် ဘယ်လိုများခံစားရပါလဲ။
ကိုဇော်လင်း။    ။ ပျော်တော့ ပျော်ရွှင်ရပါတယ်။ ကျနော် Top 5 လောက်ပဲမှန်းခဲ့တာပါ။ အခုလို Winner ရသွားတဲ့အခါကျတော့ အရမ်းကို ဝမ်းသာပါတယ်။ မြန်မာ့လက်ရွေးစင်အဆင့်ထိရအောင် ဆက်ပြီးလည်း ကြိုးစားသွားမှာပါ။ အစီအစဉ်တွေလည်း ရှိပါတယ်။
 
နိရဥ္စရာ- လူငယ်ကာယဗလမောင်တစ်ယောက်အနေနဲ့ ရခိုင်က လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ အားကစားလိုက်စားမှုအပေါ် ဘယ်လိုမြင်ပါလဲ။
ကိုဇော်လင်း- အရင်ကတော့ ကာယကြံ့ခိုင်ရေးတွေ သိပ်မသိကြဘူး။ အခုတော့ သိလာကြတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံးလက်တွဲပြီး ခေါ်သွားပါတယ်။ ကိုယ်နဲ့နီးစပ်တဲ့လူတွေကိုလေ။ ကျနော်တို့ဆီမှာ လေ့ကျင့်ဖို့ရောက်လာတဲ့လူတွေကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါတယ်။ အရင်နဲ့စာရင် အခု လူတွေက လေ့လာလိုက်စားသင့်မှန်း ပိုသိလာကြပြီ။ အားကစားလိုက်စားတာက ကျန်းမာရေးအရ ကောင်းပါတယ်။ ကျန်းမာရေးအတွက် အားကစားလုပ်ကြဖို့လည်း ပြောချင်ပါတယ်။ တခြားပြည်နယ်တွေနဲ့ယှဉ်ရင် ကျနော်တို့ရခိုင်က လိုက်စားမှုအရမ်း အားနည်းပါသေးတယ်။ ဘာလို့လဲဆိုရင် ဒီအားကစား၊ ကာယဗလက အကုန်အကျလည်း များပါတယ်။ ပုံမှန်အားကစားတွေနဲ့ မတူဘူး။ အအိပ်လည်း မှန်ဖို့လိုတယ်။ အစားလည်း မှန်ဖို့လိုတယ်။ ဒါတွေကို လုပ်နိုင်မှလည်း အဆင်ပြေပါမယ်။
 
နိရဥ္စရာ- ရခိုင်က လူငယ်တွေကို ကျန်းမာရေး၊ အားကစားလိုက်စားမှုတွေနဲ့ပတ်သက်လို့ ဘယ်လိုအကြံပေးချင်ပါလဲ။
ကိုဇော်လင်း- လူငယ်တွေ အားကစားလိုက်စားတာကတော့ ကောင်းတယ်လေ။ အားကစား တစ်ခုမဟုတ် တစ်ခု လိုက်စားကြရမယ်။ ဒါမှလည်း မူးယစ်ဆေးဝါးတွေ ပပျောက်လာမယ်။ အားလုံးကိုလည်း အားကစားလုပ်စေချင်ပါတယ်။
 
နိရဥ္စရာ- အစ်ကိုပြောသလိုပေါ့လေ။ ရခိုင်မှာလူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုတွေများတယ်။ တခြားပြည်နယ်ထက် အားကစားလိုက်စားမှုအားနည်းတယ်။ ဆိုတော့ လူငယ်တွေ အားကစားလိုက်စားမှုပိုမိုများလာအောင် ဘယ်လိုတွေလုပ်ဆောင်သင့်တယ်လို့ မြင်ပါလဲ။
ကိုဇော်လင်း- ဒါတွေကတော့ ကိုယ့်အပေါ်လည်း အများကြီးမူတည်တယ်။ စစ်တွေမှာဆိုလည်း Gym တွေလည်း များလာပြီ။ အားကစားလုပ်ဖို့လာသူတွေကိုလည်း တတ်နိုင်သလောက် လက်တွဲခေါ်တယ်။ နယ်ဝေးက လူတွေကနေနဲ့ကတော့ အခက်အခဲရှိနိုင်တယ်။ ဒါပေမယ့် စိတ်ဆန္ဒပြင်းထန်ရင်တော့ လုပ်လို့ရပါတယ်။ စာပေ၊ ဗဟုသုတတွေလေ့လာပြီး အကောင်းဆုံးဖြစ်အောင်လုပ်လို့ရတယ်။ ဒါပေမယ့် ကာယဗလကတော့ ထောက်ပံ့မှုမရှိရင် နည်းနည်း အခက်အခဲရှိပါတယ်။ ပစ္စည်း ကိရိယာတွေမရှိရင် လုပ်ရတာအဆင်မပြေပါဘူ။ အဓိက ပစ္စည်းကိရိယာတွေလိုတယ်။ အတတ်နိုင်ဆုံး လုပ်ပေးနိုင်သူတွေက လုပ်ပေးဖို့လိုအပ်ပါတယ်။
 
နိရဥ္စရာ- အစ်ကို့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ
ကိုဇော်လင်း- ကျနော်ကတော့ ဒီအားကစားကို ငယ်ငယ်ကတည်းက လေ့လာလိုက်စားလာတာပါ။ အခုထိလည်း ပညာတွေမစုံသေးပါဘူး။ နောက်ထပ်လည်း အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားမှာပါ။ မြန်မာ့လက်ရွေးစင်ဖြစ်အောင်ထိ ကြိုးစားသွားမှာပါ။ လူငယ်တွေကိုလည်း ကျနော်တို့လို ဖြစ်အောင် ကြိုးစားဖို့ပြောချင်ပါတယ်။
 
နိရဥ္စရာ- အခုလိုအချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
ကိုဇော်လင်း- ကျနော်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

ဆက်စပ် သတင်းများ