သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ထဲ ပျက်စီးခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း နဲ့ ဆက်သွယ်မေးမြန်းချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k


နိရဉ္စရာ (အင်တာဗျူး)မေ ၁၆၊ ၂၀၂၃

 

 မေး ဦးဖေသန်းခင်ဗျ။ ပြီးခဲ့တဲ့ နှစ်ရက်က ရခိုင်ပြည်နယ်ထဲကို မိုခါမုန်တိုင်းတိုက်ခတ်သွားတယ်၊ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့အတော်များများ ပျက်စီးဆုံးရှုံးမှုတွေ တွေ့ရပါတယ်၊ နောက်ဆုံးမြေပြင်အခြေအနေ ဘာများသိထားပါလဲဗျ။

 ဖြေ - ဟုတ်ကဲ့ပါ။ ရခိုင်ပြည်မြောက်ပိုင်းပေါ့နော် အထူးသဖြင့်ပေါ့၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးတို့ အများအပြားပျက်စီးတာတွေ့ရတယ်၊ လူနေအိမ်တွေ တော်တော်ကို ပျက်စီးသွား တယ်၊ ၈၀ ရာခိုင်နှုန်းလောက်တော့ လူနေအိမ်တွေပျက်စီးတယ်ပေါ့နော်၊ လူအသေအပျောက်ကတော့ မရှိသလောက်နည်းတယ်။ သတင်းအတိအကျတော့မသိသေးဘူး၊ မုန်တိုင်းအရှိန်က တော်တော့်ကိုပြင်းထန်တယ်။ ပြည်သူတွေကတော့ သတင်းတွေကြိုသိထားရတော့ ကြိုတင်ပြင်ဆင်ထားပါတယ်။ မြေနိမ့်တဲ့ ရွာတွေကနေ ကုန်းမြင့်ရွာတွေဆီပြောင်းရွှေ့ကြတယ်။  ULA/AA အစီအစဉ်နဲ့ပြောင်းရွှေ့ကြတယ်။ လူနေအိမ်တွေက ထားခဲ့ရတယ်ဆိုတော့ မုန်တိုင်းတိုက်တဲ့အချိန်ကျတော့ မကာကွယ်နိုင်ဘူးလေ။ လူနေအိမ် တွေပျက်စီးကုန်တော့ မိုးရေထဲမှာ အခက်အခဲတွေကြုံနေရပြီ။ သူတို့စားဝတ်နေရေးအခက်အခဲအများကြီး ကြုံနေရပြီ၊ အဲလိုပဲအကြမ်းဖျင်း ပြောလို့ရပါတယ်။

 

 မေး စစ်တွေအပါအဝင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေဆိုရင် သွားလာရေး အခက်အခဲတွေဖြစ်နေတယ်လို့ သတင်းတွေအရသိရပါတယ်။ မုန်တိုင်းဒဏ်ခံရပြီးနောက် ပြန်လည်တည်ထောင်ရေးအပိုင်းမှာ လက်ရှိနိုင်ငံတာဝန်ယူထားတဲ့ စစ်ကောင်စီအနေနဲ့ရော ဒေသခံအရပ်ဖက်လူမှုအဖွဲ့ အစည်းတွေရော ဘာတွေများလုပ်ဆောင်ပေးထားသင့်ပါလဲဗျ။

 ဖြေ - အခုတော့ ဖုန်းလိုင်းတွေပြန်ပွင့်လာတယ်။ နေအိမ်ပြန်ဆောက်ဖို့၊ စားသောက်ရေး၊ ဆေးဝါးတွေပေ့ါ အခုအခက်အခဲတွေ့နေရတယ်။ အစိုးရကလည်း မုန်တိုင်းကျရောက်ခဲ့တဲ့နယ်မြေအထိ လက်တွေ့မှာ ကူ ညီပံ့ပိုးတာတွေ မရှိသေးဘူး။ တချို့နေရာတွေမှာ ရေကန်တွေဆားငန်ရေဝင်သွားတယ်၊ အမိုးအကာမရှိဘဲနေရတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်၊ ဒုက္ခသည်စခန်းတွေ ဆိုးဆိုးရွားရွားပျက်စီး ကုန်တယ်၊ လမ်းပန်းဆက်သွယ်ရေးက ပြည်မကနေကားတွေ လာတာမရှိသေးဘူး။ အဓိကလိုအပ်တာက စားသောက်ရေးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေပေါ့၊ အစိုးရက အမြန်ဆုံးထိထိရောက်ရောက် ကူညီဖို့လိုတယ်၊ အာရုံစိုက်လုပ်စေချင်တယ်၊ နိုင်ငံတကာကူညီပံ့ပိုးမှုဆိုတာက ဒုတိယပေါ့နော်။ အရင်တုန်းကဆို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မှုတွေလုပ်ခဲ့တာဆိုတော့ သူတို့လည်း အချိန်ယူရဦးမယ်ပေ့ါ။ ကြာဦးမယ်ဆိုတော့ အစိုးရကပဲလမ်းတွေဖွင့်ပေးဖို့ အရင်တုန်းကတော့ နယ်လုံဝန်ကြီးလက်မှတ်နဲ့မှ လာရတယ်ဆိုတာရှိတယ်။ အချိန်အကြာကြီးယူပြီးစစ်ဆေးတာတွေရှိတယ်။ ဒါမျိုး မလုပ်ဖို့ပေါ့နော်၊ စားသောက်ရေးပစ္စည်းတွေ ဆောက်လုပ်ရေးပစ္စည်းတွေ ပြည်တွင်းကိုအမြန်ဆုံးရောက်အောင် ပုဂ္ဂလိကအဖွဲ့အစည်းတွေ၊ ယာဉ်လိုင်းတွေ ပူးပေါင်းကြိုးစားပေးဖို့လိုတယ်။ အချက်အလက်တွေကို အမြန်ဆုံးကောက်ယူဖို့ အစိုးရက ပထမဆုံးခြေလှမ်းလှမ်းဖို့လိုတယ်။

 

 မေး ရခိုင်ပြည်နယ်ထဲ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အမြန်ဆုံးပြန်လည်ထူထောင်နိုင်အောင် ပြည်တွင်းက စစ်ကောင်စီနဲ့ပဲလုံလောက်ပါ့မလား၊ နိုင်ငံတကာအကူအညီပါဖို့ လိုဦးမလား၊ နိုင်ငံတကာကူညီပေးဖို့ ULA/AA ကလည်း ကြေညာချက်ထုတ်ပြန်တောင်းဆိုထားတာတွေ့ရတယ်၊ နိုင်ငံတကာအကူအညီ လိုအပ်နေလားဗျ။

 ဖြေ - ပျက်စီးမှုတော်တော်များတော့ နိုင်ငံတကာအကူအညီမပါဘဲနဲ့ဆိုရင် ဆင်ပါးစပ်နှမ်းပက် သလိုဖြစ် နေမယ်။ အစိုးရအကူအညီဆိုတာတော့ အပြသဘောမျိုးကပိုများတယ်။ နိုင်ငံတကာအကူအညီက အမြန်ဆုံးလိုအပ်တယ်။ စားသောက်နေထိုင်ရေးက ဦးစားပေးပေါ့။ ဘက်ပေါင်းစုံအနေနဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရုံးအဆောက်အဦးတွေ၊ လမ်းတွေ၊ ဖုန်းတာဝါတိုင်တွေ အကုန်ပျက်စီးကုန်တယ်။ ဘက်ပေါင်းစုံပြန်လည်တည်ဆောက်ရေးဆိုရင် နိုင်ငံတကာအကူအညီမပါဘဲ မဖြစ်ဘူး။ လောလောဆယ် အိမ်ပြန်မယ်ဆိုရင် အိမ်မရှိဘူး။ မိုးရေထဲမှာပဲ စားသောက် နေထိုင်ကြရမှာဆိုတော့ အပူတပြင်းလိုအပ်နေတယ်။  မကြာခင် ကလေးတွေ ကျောင်းသွားရတော့မယ်။ ပြည်သူတွေ လယ်လုပ်ငန်းဝင်ရတော့မယ်။  သူတို့မှာအခက်အခဲတွေ အများကြီးရှိနိုင်တယ်။ ကျောင်းသုံးစားရိတ်ကအစ လယ်ယာလုပ်ငန်းခွင်မှာ မျိုးစပါးတွေရဖို့ ကြိုပြီးတော့ လုပ်နိုင်မှ ဆားငန်ရေဝင်တဲ့ရေကန်တွေ ပြန်တူးဖော်ဖို့ အစရှိတာတွေကို အစိုးရတစ်ခုတည်း ကူညီနိုင်မယ်မထင်ဘူး။ နိုင်ငံတကာက လူသားချင်းစာနာမှု အရေးပေါ် အခြေအနေအဖြစ် ကူညီမယ်ဆိုရင်တော့ မူလအခြေအနေကိုပြန်ရောက်နိုင်မယ်လို့ ယူဆပါတယ်။

 

 မေး ရခိုင်ပြည်နယ်ထဲက မုန်တိုင်းဒဏ်သင့်ပြည်သူတွေ အခက်အခဲကြားကပဲ အခုဆိုရင် သောက်ရေတွေ ရှာလို့တောင်မရတော့ဘူး၊ စျေးတွေတက်ကုန်တယ်၊ ဆောက်လုပ်ရေးပစ္စည်းတွေလည်း စျေးတွေတက် ကုန်တယ်လို့ ကြားရပါတယ်၊ အန်ကယ် ဘယ်လိုတိုက်တွန်းချင်ပါလဲဗျ။

 ဖြေ - စားဝတ်နေရေးကတော့ ကိုယ့်ဒေသမှာရှိတဲ့ ဆန်၊ အစားအသောက်နဲ့ဖြေရှင်းလို့ရနိုင်ပေမယ့် ပြည်မက လာမယ့် ဆီ၊ ငြုပ်၊ ကြက်သွန်တို့ဆိုရင် ကုန်းလမ်း၊ ရေလမ်းတွေကဖွင့်ပေးဖို့လိုမယ်။ ကုန်တင်ကားတွေကို ပစ္စည်းသယ်ယူပို့ဆောင်တာ မြန်ဆန်စေဖို့ အစိုးရက ဖွင့်ပေးစေချင်တယ်။ နယ်လုံဝန်ကြီးလက်မှတ်နဲ့မှဆိုတာ မထားသင့်တော့ဘူး၊ စစ်ဆေးတာတွေလည်း အချိန်အကြာကြီးယူတာမျိုး မလုပ်သင့်တော့ဘူး၊ အစိုးရကိုယ်တိုင်က လိုလိုလားလားနဲ့ ဖန်တီးပေးဖို့လိုတယ်။ မြန်မြန်ရောက်လေကောင်းလေပေါ့။ တာတမံတွေကျိုးကုန်လို့ ဆားငန်ရေတွေဝင်ကုန်တာရှိတယ်၊ အဲဒါတွေပိတ်ဖို့လိုအပ်တယ်။ အစိုးရက ယာဉ်လိုင်းတွေ ဖွင့်ပေးလာမှ ဒုက္ခအခက်အခဲတွေ ကျော်လွှားနိုင်မယ်။ နောက်တစ်ခု နိုင်ငံတကာအကူ အညီလာမယ်ဆိုရင်လည်း ပြည်မကနေပို့ပေးမယ်ဆိုတဲ့ အစဉ်အလာမျိုးတွေ မလုပ်သင့်တော့ဘူး၊ လမ်းခရီးကြန့်ကြာနေဦးမယ်။  ကျောက်ဖြူဆိပ်ကမ်း၊ အခု စစ်တွေဆိပ်ကမ်းမှာ သင်္ဘောတွေကပ်ခွင့်ပေးပြီး ဆောက်လုပ်ရေးကုန်ပစ္စည်းတွေ၊ စားသောက်စရာတွေပေါ့၊ အစိုးရအနေနဲ့ အရင်လုပ်နည်းလုပ်ဟန်တွေ အတိုင်းမလုပ်ဘဲ ပြောင်းလုပ်သင့်တယ်လို့ ထပ်ဆင့်ပြောချင်ပါတယ်။ ကျွန်တော်တို့ ရခိုင်က ကိုဗစ်လည်းထိတယ်၊ ULA နဲ့ မြန်မာစစ်တပ်ကြားမှာ အခက်အခဲတွေကြုံခဲ့ရ တယ်၊ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလို့ နိုင်ငံတကာရပ်ဝေးဆီ သွားအလုပ်လုပ်နေကြရတယ်ဆိုတော့ ရခိုင်ပြည်ရဲ့ စီးပွားရေးက ချွတ်ခြုံကျနေပြီ၊ ရေဘေး၊ လေဘေး ဆိုရင် ရေရှည်အတွက်ဆိုရင် စီမံကိန်းတစ်ခုချပြီး နိုင်ငံတကာက ကူညီသင့်နေပြီပေါ့။ စက်ရုံအလုပ်ရုံတွေ၊ စီးပွားရေးကုန်သွယ်ခွင့်တွေ ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်ဖို့ ကူညီမယ်ဆိုရင် ကျွန်တော်တို့ဒေသဟာ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မယ်။ ဒါကြောင့် နိုင်ငံတကာအကူအညီနဲ့ ရခိုင်ပြည်သူတွေ စီးပွားရေးချောင်လည်လာအောင် ကူညီသင့်ပါတယ်။

 

 မေး ခုလိုဖြေကြားပေးတဲ့အတွက် အန်ကယ်ဦးဖေသန်းကို နိရဉ္စရာက ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ။

 ဖြေ - ဟုတ်ကဲ့ ကျွန်တော်ကလည်း နိရဉ္စရာကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ၊ ဖြေကြားခွင့်ရတဲ့အတွက်။   

 

__________________NN-24______နိရဉ္စရာသတင်းဌာန_____________ ဦးဖေသန်း အင်တာဗျူးရုပ်သံ

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး