မုန်တိုင်းကယ်ဆယ်ရေးဆောင်ရွက်နေသူ စာရေးဆရာဝေဟင်အောင်အား
စစ်ကောင်စီက ဖမ်းဆီးမှု အပေါ် မြေပုံမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းနဲ့အင်တာဗျူး
နိရဉ္စရာ (အင်တာဗျူး) မေ ၂၄/၂၀၂၃
မေး- မုန်တိုင်းကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ပရဟိတသမား စာရေးဆရာဝေဟင်ကို
မေ ၂၃ ရက်က စစ်ကောင်စီက ဖမ်းဆီးတယ်။ နောက်တစ်နေ့ မေ ၂၄ ရက်မှာ ပြန်လွတ်လိုက်တယ်။ ဒီလို
ဖမ်းဆီးပြလိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဦးဖေသန်း- ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေ၊
ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေကို
ဒုက္ခသည်တွေဆီ ရောက်အောင်ပို့ပေးနိုင်တဲ့ ကြားခံအဖွဲ့အစည်းတွေ ပုဂ္ဂိုလ်တွေဟာလည်း
အလွန်အရေးကြီးတဲ့အချိန်အခါဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အချိန်အခါမျိုးမှာ ပရဟိတသမားတစ်ယောက်၊ ပရဟိတအဖွဲ့ အစည်းတစ်ခု လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဖို့သွားနေတဲ့အချိန်မှာ
ဗြုန်းခနဲ့ ဖမ်းလိုက်တယ်ဆိုတာက ဒါမဖြစ်သင့်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီအချိန်ဒီကာလက ပြည်သူတွေအားလုံးဟာ အကူညီလိုအပ်နေတဲ့ အချိန်ကာလ ဖြစ်တယ်။ပြီးတော့
ရခိုင်မှာတိုက်ပွဲဖြစ်နေတဲ့ကာလလည်း မဟုတ်ဘူး။ နိုင်ငံရေးအားဖြင့် ဖမ်းဆီးတာလည်းမဟုတ်ဘူး။ သပ်သပ် ရည်ရွယ်ချက်ရှိရှိနဲ့
ပရဟိတလုပ်နေသူတွေကို နောက်တွန့်သွားအောင်၊ မလုပ်ဝံ့အောင်၊
ပြည်သူတွေအကူညီမရအောင် လုပ်နေတာနဲ့တူတယ်။
မေး- ရခိုင်မှာ တိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့် လက်ရှိ ရခိုင်ပြည်မှာ ပျက်စီးမှုတွေ အများအပြားဖြစ်ပေါ်ခဲ့တယ်။ လူပေါင်း ၁၀၀ ကျော်
သေဆုံးပြီး လူပေါင်းသန်းနဲ့ ချီပြီး ထိခိုက်ခဲ့တယ်။ လူမှုရေး လုပ်နေတဲ့ ပရဟိတသမားတွေက
အလွန်အရေးကြီးတယ် အခန်းကဏ္ဍမှာရှိတယ်။ ဒါကို ဖမ်းဆီးပြတယ်ဆိုတော့ လက်ရှိမှာမုန်တိုင်းသင့်မြို့နယ်တွေကို
ပြန်လည်ထူထောင်ရေးမှာ ဘယ်လို အခက်အခဲတွေ
ဖြစ်လာနိုင်တယ်လို့ မြင်ပါသလဲ။
ဦးဖေသန်း- ဒီကာလမှာ
ပြည်သူတွေက မိုခါမုန်တိုင်းဘေးအန္တရာယ်ကြောင့် အလွန်ဒုက္ခရောက်နေကြရတဲ့ကာလ ဖြစ်ပါတယ်။ တချို့က အမိုးအကာမရှိ၊ အမိုးအကာအောက် မရောက်နိုင်သေးဘူး။ စားဝတ်နေရေးခက်ခဲ၊လမ်းပန်းဆက်သွယ်ရေး၊
အဆောက်အအုံ အားလုံး ပျက်စီးတယ်။ အားလုံးကအကူညီလိုနေတဲ့ အခြေအနေဖြစ်တယ်။ အဲဒီလိုအခြေအနေမှာ ဒီဘက် စစ်ကောင်စီ
အစိုးရဘက်ကလည်း
အကူညီတွေရောက်လာမယ်။ ရက္ခိုင့်တပ်တော်က ဦးဆောင်ပြီးတော့
နိုင်ငံတကာက အကူညီတွေလည်းရောက်လာမယ်။ CSO ၊ NGO၊ INGO စသဖြင့် စေတနာရှင်တွေလည်း ရောက်လာမယ်။ အဲဒီလိုရောက်လာနိုင်မှလည်း
ဒီမိုခါမုန်တိုင်းကြီးကြောင့် ပျက်စီးဆုံးရှုံးနစ်နာမှုတွေကို
ပြန်လည်ထူထောင်အောင်လုပ်နိုင်မယ့်အခြေအနေဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ
ကူညီထောက်ပံ့ရေးတွေဆောင်ရွက်ကြဖို့ ကြားခံလူမှုအဖွဲ့အစည်းတွေ၊ ပရဟိတသမားတွေရဲ့ အခန်းကဏ္ဍက
တော်တော် အရေးကြီးပါတယ်။ သူတို့မရှိဘူးဆိုရင် ကူညီကယ်ဆယ်ရေးလုပ်တာမှာ ပြည်သူတွေအနေနဲ့
နစ်နာမှုတွေ တော်တော်များများ ရှိသွားနိုင်ပါတယ်။
ဒါကြောင့် လူမှုရေး ဆောင်ရွက်နေတဲ့သူတွေအနေနဲ့ နောက်မဆုတ်သွားကြဘဲ အများပြည်သူတွေအတွက်
ရဲရဲဝံ့ဝံ့ လုပ်ကြဖို့ တိုက်တွန်း လိုပါတယ်။
မေး- ရခိုင်ဒေသမှာ
မုန်တိုင်းသင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာတောင် စစ်ကောင်စီဟာ
တိုက်ပွဲကာလတုန်းကအတိုင်း
သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို စစ်ဆေးတင်းကြပ်တာတို့၊ နယ်လုံလက်မှတ်ပါမှ သွားခွင့်ရတာတို့ကို ကန့်သတ်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။
ဒါတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဥ်တွေကို ဘယ်လောက်ထိခိုက်နိုင်တယ်လို့ မြင်ပါသလဲ။
ဦးဖေသန်း- သတင်းတွေကတော့ကြားနေရပါတယ်။
တချို့ထောက်ပံ့ဖို့လာတာတွေလမ်းတစ်ဝက်က လှည့်ပြန်သွားရတာတွေ၊
တချို့နိုင်ငံတကာအဖွဲ့အစည်းတွေက ကူညီဖို့လာတာတွေ လာခွင့် မပေးတာတွေ ကြားနေရပါတယ်။ အမှန်တကယ်အဲဒီလိုမှန်ခဲ့တယ်ဆိုရင်တော့
ဒီလိုအချိန်အခါမျိုးမှာ မလုပ်သင့်တဲ့လုပ်ရပ်ပါပဲ။ ပြည်သူတွေက ကိုယ့်အချင်းချင်း
ဒုက္ခရောက်နေသူတွေဆီ ကူညီဖို့ လာတာကို နိုင်ငံမှာတကယ်တမ်းတာဝန်ရှိတဲ့
အစိုးရက ဒီလိုပိတ်ပင်တာက ဆင်ခြင်တုံတရား အားနည်းရာကျပါတယ်။သူတို့အစိုးရကလည်း
လုံလုံလောက်လောက်
ပြည်သူတွေကို ထောက်ပံ့ ပေးနိုင်တာမဟုတ်ဘူး။ သူများရဲ့စေတနာတွေကိုလည်း
ပိတ်ပင်ရာကျတယ်။ ဒီကာလမှာ အထောက်ပံ့အကူညီတွေ ပြည်သူတွေလက်ထဲရောက်အောင်
သူတို့ကိုယ်တိုင်
ကူညီရမယ့် တာဝန်ရှိတယ်။အဲဒါကြောင့်
ဒီလုပ်ရပ်တွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် မဖြစ်သင့်တဲ့ကိစ္စလို့ပဲ မှတ်ချက်ပြုချင်တယ်။
မေး- ရခိုင်ပြည်ထဲမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်
(ULA)နဲ့စစ်ကောင်စီက လက်ရှိ
စင်ပြိုင်အစိုးရလို သဘောမျိုးရှိနေတယ်။
ဒီလို သဘာဝဘေးအန္တရာယ် ကျရောက်လာတဲ့ အခါ
ရခိုင်ပြည်သူတွေက ဘယ်အဖွဲ့ကို အဓိကယုံကြည်အားကိုးကြတယ်လို့ မြင်မိပါသလဲ။
ဦးဖေသန်း- စစ်အာဏာသိမ်းပြီးတက်လာတဲ့
အစိုးရကတော့ အစကတည်းက ပြည်သူလူထုက မထောက်ခံကြဘူး။ နိုင်ငံတကာက မထောက်ခံဘူး။ နိုင်ငံရေးအရ ပုံရိပ်ကျနေတဲ့ အစိုးရပ်တစ်ရပ် ဖြစ်တယ်။ နိုင်ငံတကာ သံခင်းတမန်ခင်းမှာလည်း
သူ့ဘက်ကိုတောင်းဆိုတာတွေ၊ အပြစ်တင်တာတွေ များနေတယ်။ ပြည်သူတွေကလည်း သူတို့တက်လာပြီးမှ
ပိုပြီးတော့အခက်အခဲတွေ
ဖြစ်လာတယ်။
သူတို့အချင်းချင်းတောင်မှ
ဆန့်ကျင်လာတယ်။ အဲဒီလိုလုံးဝ နိုင်ငံရေးအားဖြင့်၊
စစ်ရေးအားဖြင့် အကျပ်အတည်းရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုအချိန်ခါမှာ
သူ့အနေနဲ့ စိတ်ကောင်း စေတနာကောင်းနဲ့
နိုင်ငံတော်ရဲ့ဘတ်ဂျက်တွေကို အများကြီးသုံးပြီးတော့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ကူညီဆောင်ရွက်ပေးသင့်တယ်။ အဲဒီလိုမဟုတ်ဘဲ ပရဟိတသမားတွေကို ဖမ်းတယ်။ အကူညီတွေကို ပိတ်ပင်တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊
အခြားအဖွဲ့အစည်းတွေကို ဖြောင့်ဖြောင့်တန်းတန်း မရောက်ရအောင် တားဆီးစစ်ဆေးတာတွေ
ဆက်လုပ်နေမယ်ဆိုရင် နဂိုကပဲ စစ်ကောင်စီကို မထောက်ခံကြတဲ့ပြည်သူတွေက
ပိုပြီးမကျေမနပ်နဲ့ နာကျည်းသွားနိုင်ပါတယ်။ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/
ရက္ခိုင့်တပ်တော်ကတော့ အရင်ကတည်းက လူထုထောက်ခံမှုရရှိပြီးသား။ အခု မုန်တိုင်းကာလမှာ
လူထုအကျိုးကို အများကြီးသယ်ပိုးဆောင်ရွက်နေတာကို တွေ့ရတော့ သူတို့က လူထုယုံကြည်မှုကို
ပိုရသွားတဲ့ အနေအထားပေါ့။ နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ ပြည်သူအပေါ် သဘောထားကို
ကျနော်တို့ လက်တွေ့ မြင်တွေ့နေရတယ်။ စစ်ကောင်စီကတော့ သူတို့အနေနဲ့
နဂိုကပဲ ပြည်သူရဲ့ထောက်ခံမှုအားနည်းနေတယ်။ စစ်ကောင်စီအစိုးရက
ဒီအခြေအနေပေါ်မှာပိုပြီး
သဘောထား ကြီးဖို့လိုတယ်မြင်ပါတယ်။ (NN-23)
(ပြီး)