သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မုန်တိုင်းကယ်ဆယ်ရေးဆောင်ရွက်နေမှုနဲ့ ပတ်သက်ပြီးရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတာဝန်ရှိ ခေါင်းဆောင်တစ်ဦးနဲ့အင်တာဗျူး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 896


နိရဉ္စရာ(အင်တာဗျူး)| မေ ၂၉၊ ၂၀၂၃

 

မေလ ၁၄ ရက်နေ့က တစ်နာရီမိုင် (၁၃၀) ကျော်နဲ့ တိုက်ခတ်သွားခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ်အတော်တော်များမှာ လူနေအိမ်တွေ အပါအဝင် အဆောက်အဦတွေ သိန်းနဲ့ချီပြီး ပျက်စီးသွားခဲ့သလို လူပေါင်းတစ်သန်းကျော်ဟာလည်း မိုခါမုန်တိုင်းဒဏ်ကို ထိခိုက်ခံစားနေကြရပါတယ်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဟာမိုခါမုန်တိုင်းသင့်ဒေသတွေအထဲက ရခိုင်ကျေးရွာတွေကိုသာမက မူဆလင်ကျေးရွာတွေအထိ ကိုယ်တိုင် မြေပြင်ထိသွားရောက်ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ကူညီပေးနေပါတယ်။ ဒီလိုကူညီပေးနေတဲ့ နေရာမှာ လက်ရှိမြေပြင်အနေအထားက ဘယ်လိုရှိနေသလဲဆိုတာ အခြေအနေမှန်ကို သိရှိနိုင်အောင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးကို နိရဉ္စရာအကြီးတန်းသတင်းထောက်တစ်ဦးက မေးမြန်းတင်ပြထားပါတယ်။   
__________________________________________________________________

 မေး -  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ မိုခါမုန်တိုင်းအလွန်မှာ လေဘေးသင့်ကျေးရွာတွေကို သွားပြီးတော့ ကူညီလှူဒါန်းနေတာတွေ့ရတယ်။ အဲဒါလက်ရှိအချိန်ထိ သွားရောက်ကူညီပေးမှု အခြေအနေကိုပြောပြပေးပါလား။

 ဖြေ -  ကျွန်တော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့တော့ စစ်တွေမြို့နယ်ထဲက ပျက်စီးသွားခဲ့တဲ့ရွာတွေ၊ နောက်ပြီးတော့ ပုဏ္ဏားကျွန်းနယ်မှာရှိတဲ့ အလွန်အခက်အခဲဖြစ်နေတဲ့ရွာတွေ ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ စာရင်းထုတ်ပြန်ထားတာလည်း ရှိတယ်။ ရေပြတ်လပ်နေတဲ့ ရွာတွေကို ကျွန်တော်တို့ အဓိကထားပြီးတော့ သွားလှူတာတွေ ရှိတယ်။ ပြီးတော့ မြို့ပေါ်ကဆင်းရဲတဲ့ရပ်ကွက်တွေ၊ သုံးရေတောင် အဆင်မပြေတဲ့ရပ်ကွက်တွေဆိုရင်လည်း သွားပြီးလှူတာရှိပါတယ်။ပြီးတော့ မုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်နေတဲ့ အချိန်မှာအဆက်အသွယ်မပြတ်တောက်ရအောင် မီးစက်တွေ နှိုးပေးပြီးတော့ အခမဲ့အားသွင်းနိုင်အောင် ကူညီပေးနေတာလည်း ရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့ သမဂ္ဂတခုတည်း အနေနဲ့ကလည်း NGO အဖွဲ့အစည်းလည်းမဟုတ်၊ CSO ပုံစံမျိုး လည်းမဟုတ်ဘူးဆိုတော့ ငွေရေးကြေးရေးကလည်း လှူဒါန်းချင်သလောက် အဆင်မပြေတာတွေ ရှိပါတယ်။အခုလက်ရှိမှာတော့ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ်ထဲက သောက်သုံးရေအဆင်မပြေတဲ့ရွာတွေကို စာရင်းကောက်ပြီးတော့ လှူပေးနေပါတယ်။

 

 မေး -  ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ မုန်တိုင်းသင့်မူဆလင်ကျေးရွာတွေကိုလည်း ကူညီပေးတာလည်း ရှိတယ်ပေါ့နော်။ အဲဒါကဘယ်လို အစီစဥ်သွားဖြစ်တာလဲ။ မုန်တိုင်းသင့် မူဆလင်ကျေးရွာတွေ အခြေအနေဘယ်လိုရှိနေလဲ။

 ဖြေ -  စစ်တွေမြို့နယ်မှာရှိတဲ့တချို့မူဆလင်ရွာတွေကို ကျွန်တော်တို့ ကွင်းဆင်းတယ်။ ကွင်းဆင်းတဲ့အခါ NUG ကထုတ်ပြန်ထားတာက သေဆုံးသူ မူဆလင်အရေအတွက် ၄၀၀ ကျော်လို့ ထုတ်ပြန်ထားတာရှိတယ်။ကျွန်တော်တို့ ကွင်းဆင်းကြည့်တဲ့အခါ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ကျနော်တို့ရထားတဲ့စာရင်းအရတော့ အလောင်းရပြီး သဂြိုလ်ပြီးစီးတာက ၁၃၀ ကျော်ရှိတယ်။ အခု ထပ်ပြီးတော့အလောင်းထပ်တိုးလာတဲ့စာရင်းအရဆိုရင် ၁၄၀ လောက်ရှိတယ်ပေါ့နော်။၃၀၀ ၄၀၀ ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့နော်။ ပြီးတော့ကျနော်တို့ စာရင်းကောက်တဲ့အခါ တချို့အလောင်းတွေ မျက်နှာတွေ ပျက်စီးနေတာတွေလည်းရှိတယ်။ ဆိုတော့ နာမည်၊ အသက်အရွယ်၊ နေရပ်လိပ်စာနဲ့ အတိအကျပြောဖို့တော့ မဖြစ်နိုင်ဘူး။ တချို့တွေဆိုရင်မိသားစုဝင်တွေ သေသွားလို့ ရူးသွားတဲ့အခြေအနေမျိုးလည်း ရှိတယ်ဆိုတော့ လူမှုရေးအရ ဘယ်သူ့မိသားစုထဲက ဘယ်သူသေသွားလဲ ဆိုတာမျိုးမေးဖို့ကြတော့ မဖြစ်ပြန်ဘူး။ သေဆုံးသူကတော့ အလွန်ဆုံးဆိုရင်တော့ ၂၀၀ ဝန်းကျင်လောက်ပဲရှိမယ်။ နောက်ပိုင်းမှာ ဖြစ်နိုင်မယ်ဆိုရင် မူဆလင်ကျောင်သားသမဂ္ဂနဲ့ ပေါင်းပြီးတော့ သေဆုံးသူစာရင်းကို နာမည်နဲ့အတိအကျလုပ်နိုင်ရင်တော့ လုပ်သွားဖို့ရှိပါတယ်။

 

 မေး -  အစ်ကိုတို့ ကိုယ်တိုင်သွားရောက်ကွင်းဆင်းပြီး ကူညီပေးနေတယ်ဆိုတော့ မုန်တိုင်းသင့်ကျေးရွာတွေမှာ လက်ရှိ ဘယ်လိုအခြေအနေမျိုးတွေ ရှိလဲ။ ဘာအခက်အခဲတွေ အဓိက တွေ့ရလဲ။အဲဒီရွာတွေကို အစိုးရဖက်ကရော ကယ်ဆယ် ထောက်ပံ့တာ တွေ့ရလား။

 ဖြေ -  လောလောဆယ်တော့ အစိုးရဖက်က ထိထိရောက်ရောက်ကယ်ဆယ်ထောက်ပံ့တာမျိုးကို မတွေ့ရသေးဘူး။ သို့သော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကိုယ်တိုင်ပေါ့နော်။ မူဆလင်ရွာတွေက မော်လဝီဆရာတွေနဲ့ လာတွေ့တာတော့ ရှိတယ်။သူတို့ကြားမှာတော့ လူသေမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှုရှိတယ်။ ပြီးတော့ ကယ်ဆယ်ရေးလုပ်ဖို့အတွက် သဲချောင်းတံတားကို တစ်ရက်နှစ်ရက်အတွင်းမှာ အပြီးလုပ်ထားတဲ့အနေအထားတော့ တွေ့ရတယ်။ သို့သော်လည်း ထိထိရောက်ရောက် ကယ်ဆယ်ထောက်ပံ့တာတွေ မရှိသေးဘူး။ ဆိုတော့ မြေပြင်အခြေအနေမှာ မုန်တိုင်းသင့်မူဆလင်တွေအတွက် အရေးကြီးနေတာက အမိုးအကာတွေပါ။ နောက်ပြီးတော့ မုန်တိုင်းမတိုက်ခင် WFP ကထောက်ပံ့တဲ့ စားနပ်ရိက္ခာအနည်းအကျဉ်းရှိပေမယ့် တချို့ရွာတွေဆို
ရွာလုံးကျွတ်ပျက်စီးသွားခဲ့တာတွေရှိတယ်။ တချို့ရွာတွေဆိုရင်လည်း
 အိမ်ခြေ လေးငါးဆောင်လောက် ကျန်လိုက်တော့တဲ့ အနေအထားရှိတယ်။ ဆိုတော့ သူတို့အတွက်စားနပ်ရိက္ခာတွေကို WFP တို့ဖက်ကလည်း ပြန်ပေးသင့်တယ်ပေါ့နော်။ အများကြီး ပျက်စီးဆုံးရှူံးသွားတယ်။ သုံးလစာ ထောက်ပံ့ပေးထားတာတွေလည်း ဆုံးရှုံးသွားတာတွေရှိတယ်ဆိုတော့လေ။ အဓိက အမိုးအကာနဲ့ ဆန်စားနပ်ရိက္ခာလိုအပ်နေပါတယ်။ အဲဒါတွေကို အမြန်ဆုံးထောက်ပံ့ကူညီနိုင်မှ အဆင်ပြေမယ်။

 

 မေး -  မုန်တိုင်းသင့်ရွာတွေကို ကိုယ်တိုင်သွားပြီးကူညီတဲ့ခရီးစဥ်တွေကရော လွတ်လပ်မှုရှိရဲ့လား။ ကန့်သတ်တာတွေ ရှိနေလား။ဘယ်လိုအခြေအနေမျိုးပါလဲ။

 ဖြေ -  လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့သွားပြီးတော့ ထောက်ပံ့ပေးလို့ ရနေပါတယ်။ နောက်ပိုင်းကျတော့ကျွန်တော်တို့ မပြောတတ်ဘူးပေါ့နော်။ လက်ရှိ ULA ဖက်ကလည်း ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး လုပ်နေတာတွေရှိတယ်။ စစ်ကောင်စီဖက်ကလည်း လုပ်နေတာတွေရှိတယ်ပေါ့နော်။ ဆိုတော့အစိုးရနှစ်ရပ်ကြားမှာ နောက်ပိုင်းကျရင်တော့ ဂိတ်တွေချပြီးတော့ စစ်ကောင်စီဖက်ကတင်းကြပ်သွားမယ်ဆိုရင်တော့ ပြည်သူလူထုတွေအနေနဲ့ အလှူအဒါန်းပေးတာမှာတော့ ဒုက္ခရောက်တာတွေ ရှိလာနိုင်မယ်။လောလောဆယ်တော့ တခြားအဖွဲ့အစည်းတွေလည်း သွားပြီးကူညီပေးနေတာတချို့ကိုတော့ ကျနော်တို့  တွေ့နေရပါတယ်။ လောလောဆယ်မှာ ကန့်သတ်မှုတွေက ဆိုးဆိုးဝါးဝါးကြီးတော့ မရှိသေးဘူးပေါ့။

 

 မေး -  မိုခါမုန်တိုင်းကြောင့် ရခိုင်တပြည်လုံးနီးပါးလိုပျက်စီးခဲ့ရတယ်။ ဆိုတော့ လက်ရှိ ရခိုင်ဒေသ ပြန်လည်ထူရေးအတွက် ဘယ်အဖွဲ့အစည်းတွေရဲ့အကူညီ လိုအပ်နေလဲ။ ဘယ်လိုပုံစံမျိုးနဲ့လုပ်မှ အလျင်အမြန် ပြန်လည်နလန်ထူလာမယ်လို့ ပြောလို့ရနိုင်မလဲ။

 ဖြေ -  အဓိက လောလောဆယ်က မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြသနာက ပြည်ပနိုင်ငံတွေက ဝင်လာမယ့်၊ အထောက်အပံ့ ပေးမယ့်ဟာတွေကို လက်မခံတာပါပဲ။ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအ​​ခြေအနေအရ စီးပွားရေးဆုတ်ယုတ်ကျဆင်းနေတာရှိတယ်။ နိုင်ငံရေးအရ အဆင်မပြေတာတွေ ရှိတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတဲ့ပြသနာတွေ ရှိနေတယ်။ ဆိုတဲ့အပေါ်မှာ အစိုးရတရပ်အနေနဲ့လည်း မုန်တိုင်းသင့်ပြန်လည်ထူထောင်ရေးကို ထိထိရောက်ရောက်လုပ်ပေးနိုင်မယ်လို့ ကျနော်တို့ မထင်ဘူး။ မထင်တာက လောလောဆယ် စစ်တွေမြို့ပေါ်မှာ လုပ်နေတာတွေ ရှိတယ်။ နယ်ဘက်တွေကို သွားပြီးတော့ ကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာ မုန်တိုင်းသင့်အိမ်ထောင်စုတွေကို မာမီးခေါက်ဆွဲလေး တစ်ထုပ်ရယ်၊ ဆန်တစ်ဗူး၊နှစ်ဗူးပဲ ပေးတာ တွေ့ရတယ်။ အဲဒီလောက် အထောက်ပံ့၊ အနေအထားနဲ့ကတော့ ပြည်သူတွေငတ်ပြီးသေကြမှာပဲ။ ပြီးတော့ ဒီကာလမှာပြည်သူတွေရဲ့ အဆုံးစီရင်မှုတွေလည်း ပိုပြီးများလာတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲကျောက်တော်နယ်က မုန်တိုင်းသင့်အမျိုးသမီးတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာရှိတယ်။ ပြီးတော့မုန်တိုင်းအလွန်မှာ ဝမ်းရောဂါစတဲ့ ကပ်ရောဂါတွေနဲ့ သေဆုံးသွားသူတွေလည်း ရှိနေတယ်။မိုခါပြီးတဲ့နောက်မှာ ဝမ်းပျက်၊ဝမ်းလျှော ရောဂါတွေကြောင့် ရေမသန့်ရှင်းမှုတွေကြောင့် သေဆုံးရသူတွေလည်း အများကြီးပါပဲ။ အဲဒီအခြေအနေမျိုးမှာ စစ်ကောင်စီအစိုးရ တခုတည်းအနေနဲ့တော့ လိုက်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝင်ခွင့်ပေးမှ၊ နိုင်ငံတကာက ကူညီမှ ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ပြန်ပြီးတော့ နာလန်ထူနိုင်မယ့်အခြေအနေ ရှိပါတယ်။ ဆိုတော့ စစ်ကောင်စီအစိုးရအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကူညီထောက်ပံ့မှုတွေကို ပိတ်ပင်ထားမယ်ဆိုရင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး  နောက်  နှစ်၊  နှစ်ဝန်းကျင်လောက်တောင် ပုံမှန်အခြေအနေရောက်ဖို့အတွက် ကြာသွားနိုင်ပါတယ်။ 

 

_________________ NN- 23 __ နိရဉ္စရာသတင်းဌာန_______________

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး