Preview

“မိုင်းလားတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို မေးမြန်းချက်”

ဇွန် ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :2576
အင်တာဗျူး

ဦးခိုင်သုခ အင်တာဗျူး (ရုပ်သံ)

နိရဉ္စရာ(အင်တာဗျူး)| ဇွန် ၊ ၂၀၂၃

 

ဇွန်လ ၁ ရက်နေ့က တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှု အ၇ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNTJP/MNDAA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားမြို့မှာ စစ်ကောင်စီ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီမှ ကိုယ်စားလှယ်တွေနဲ့ စတင်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရှိ၇ပါတယ်။

 

ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာအထူးသံတမန် မစ္စတာ ကောပေါင်လည်း တက်ရောက်ခဲ့တယ်လို့ သိရှိ၇ပါတယ်။

 

ဒီဆွေးနွေးပွဲမှာ ဘာတွေကို အဓိကထား ဆွေးနွေးခဲ့ကြသလဲ။ ဒီဆွေးနွေးပွဲက စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသလို တကယ်ကော အပြုသဘောဆောင်ခဲ့ပါသလား။ ရက္ခိုင့်တပ်တော်(AA)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို နိရဉ္စရာသတင်းဌာနက မေးမြန်းတင်ပြပေးလိုက်ပါတယ်။ 

____________________________________________________________________

 မေး - ဇွန်လ ၁ ရက်နေ့ကနေ့ ၃ ရက်နေ့အထိ မိုင်းလားမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးနေတာ ရှိတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံညှိနှိုင်းမှု အခြေအနေက ဘယ်လိုရှိပါလဲ ဆရာ။ 

 ဦးခိုင်သုခ (ဖြေ) - ဟုတ်ကဲ့ပါ ။ မနေ့ကတော့ ကျနော်တို့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီဘက်က ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံတာတော့ ရှိတယ်ဗျ။ ဒီတွေ့ဆုံပွဲမှာ ကျနော်တို့ ဘက်က ပြောခဲ့တာကတော့ နံပတ် (၁) အေအေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေး ကိစ္စ၊ နံပတ် (၂) ကတော့ မတရားအသင်းကနေ ပယ်ဖျက်ပေးရေး ကိစ္စ၊ နံပတ်(၃) ကတော့ လက်ရှိ ရခိုင်ပြည်အတွင်းမှာ မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုအချိန်မီ ချောမွေ့စွာ ရောက်ရှိရေး ကိစ္စ။ ဒီ (၃) ချက်ကို ကျနော်တို့ အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

 မေး - ဟုတ်ကဲ့ပါ။ ဒါက ဆရာတို့ဘက်က ဆွေးနွေးခဲ့တာတွေပေါ့နော်။ စစ်ကောင်စီဘက်ကရော ဘယ်လိုပြောဆို ညှိနှိုင်းမှုတွေရှိခဲ့ပါလဲ။ 

 ဦးခိုင်သုခ (ဖြေ) - မနေ့က တွေ့ဆုံပွဲမှာ သူတို့ဘက်ကပြောတာကတော့ ပါတီစုံဒီမိုကရေစီနိုင်ငံ ဖွဲ့စည်းခိုင်မာရေး ကိစ္စ၊ နောက်ပြီးရင်  ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ကိစ္စ၊ နောက်ပြီးလို့ရှိရင် ယုံကြည်မှု တည်ဆောက်ရေးကိစ္စပေါ့ဗျာ။ အဲ့ဒါတွေကို အဓိကထားပြီးတော့မှ သူတို့ဘက်က အကျယ်တဝင့် ရှင်းပြသွားတာတော့ ရှိတယ်။ 

 

 မေး - ဒီတွေ့ဆုံဆွေးနွေးမှုကနေ ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ၊ ပြောင်းလဲမှုတွေကို မျှော်လင့်လို့၇နိုင်ပါလဲ။ 

 ဦးခိုင်သုခ (ဖြေ) - အခုတွေ့ဆုံပွဲကတော့ အဓိကက တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ကနေ ကမကထလုပ်ပြီးတော့ဖြစ်လာတဲ့တွေ့ဆုံပွဲပေါ့နော်။ ဒါကြောင့်မလို့ ဒီတွေ့ဆုံပွဲမှာတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့က ဘာပြောလဲဆိုတာကို ကျနော်တို့ဘက်က နားထောင်တယ်။ ကျနော်တို့ဘက်က ပြောတာကိုလည်း သူတို့ဘက်က နားထောင်တာပေါ့။ ဒီအခြေအနေပါပဲ။ တခြားထွေထွေထူးထူးတော့ မရှိပါဘူး။ 


 

 မေး - စစ်ကောင်စီပြောခွင့်၇ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလို့ BBC မှာပြောထားတာ တွေ့ရပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုပြောချင်ပါလဲ။

 ဦးခိုင်သုခ (ဖြေ) - ဒီအပြုသဘောဆောင်တယ်၊ မဆောင်ဘူးဆိုတာကတော့ လက်ရှိအချိန်အထိ ပြောဖို့ကတော့ စောသေးတာပေါ့နော်။ အပြုသဘော ဆောင်ခြင်း၊ မဆောင်ခြင်းကတော့ ဒီတွေ့ဆုံမှုပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်က သူတို့ဘာတွေကို လုပ်ဆောင်မလဲ။ သူတို့ဘယ်လိုပြောပြီးတော့ဘယ်လိုလုပ်မလဲ ဆိုတဲ့အပေါ် မူတည်ပြီးတော့မှ ကျနော်တို့က ဆုံးဖြတ်၇မယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မလို့ အပြုသဘောဆောင်တယ်၊  မဆောင်ဘူးဆိုတဲ့ ကိစ္စကို အခု ပြောဖို့ကတော့ အချိန်စောသေးတယ်လို့ ပြောချင်ပါတယ်။  

 

 မေး - ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။ 

 ဦးခိုင်သုခ (ဖြေ) - တခြားပြောချင်တာမျိုးတော့ မရှိပါဘူး။ ဒီနေ့ကတော့ အစည်းအဝေးက ဆက်ပြီးတော့ တွေ့ဆုံဖို့ ရှိသေးတယ်လို့ သိရတယ်။ ဒီနေ့ တွေ့ဆုံပြီးမှပဲ ဆက်ပြီး ဘာတွေဆွေးနွေးကြလဲ ကျနော်တို့ ပြောလို့ ၇နိုင်ပါမယ်။


___ Narinjara News ___ NN-7______

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.