“ ဒီဖက်ကလည်း ၅၀ ဟိုဖက်ကလည်း ၅၀၊ ဘယ်ဖက်ကမှမနိုင်လို့ ညှိနှိုင်းကြပါလို့ပြောတာကတော်လှန်ရေးကိုပုံပျက်အောင်လမ်းကြောင်းလွဲအောင် လုပ်နေကြတာလို့ပြောချင်ပါတယ်”
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း နဲ့ ဆက်သွယ်မေးမြန်းချက်
မေး- ဆရာဦးခွန်မြင့်ထွန်း မင်္ဂလာပါခင်ဗျ။
ဖြေ- ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။
မေး-ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့ကစစ်ကောင်စီသတင်းစာရှင်းလင်းပွဲတစ်ခုမှာပေါ့လေ။ ဗိုလ်ချုပ် ဇော်မင်းထွန်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်NCA ကို ဆက်ပြီးအကောင်အထည်ဖော်မှာဖြစ်သလိုငြိမ်းချမ်းရေးဆက်ပြီးဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးတဲ့အထဲပါခဲ့တဲ့အင်အားကြီးအဖွဲ့ KNUကရင်အမျိုးသားအစည်းအရုံးကတော့ ဒီ NCA က ပျက်ပြယ်သွားပြီလို့ ပြောထားတယ်။ နောက် KIA တို့ CNFတို့ KNPP တို့ကလည်း အခုနွေဦးတော်လှန်ရေးထဲမှာ ပါဝင်ပတ်သက်နေကြတယ်ပေါ့လေ။ ဒီ NCAကို ဆက်ပြီးရပ်တည်ဦးမယ်လို့တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ကလည်း ပြောနေတယ်။ NCAအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေသဘောထားကွဲလွဲနေကြတာ ဘာတွေကြောင့်များလဲ။
ဖြေ- ဟုတ်ကဲ့၊ ကျွန်တော်တို့ကNCA နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ဒီစာချုပ်ဟာ ကျွန်တော်တို့တိုင်းပြည်မှာဖက်ဒရယ်စနစ်ကိုထူထောင်မယ် ဖက်ဒရယ်မူကို တရားဝင် စာနဲ့ ပေနဲ့ရေးပြီးတော့လက်ခံသဘောတူချုပ်ဆိုကြတာကတော့ ဒီ NCAဖြစ်ပါတယ်။ သို့သော်လည်း ဒီ NCAကို ဖော်ဆောင်ပြီးလုပ်မယ့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို စစ်တပ်က အာဏာသိမ်းပြီး ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကပျက်သွားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအပေါ်မှာ အမြင်တွေအမျိုးမျိုးကွာလာကြတာဖြစ်ပါတယ်။ ကျွန်တော်မြင်တဲ့အမြင်ကတော့ ပင်လုံစာချုပ်ဆိုတာရှိတယ်။ ပင်လုံစာချုပ်မှာပါတဲ့အချက်အလက်များဆိုတာထက်ပင်လုံရဲ့ကတိကဝတ်တွေပင်လုံစာချုပ်ရဲ့ အနှစ် သာရတွေဒါတွေကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ဖို့ကို ကြိုးပမ်းဆောင်ရွက်နေကြရတာဖြစ်ပါ တယ်။ NCA စာချုပ်မှာ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ အနှစ်သာရမျိုးရှိပါတယ်။ နောက်တစ်ခုက ဖက်ဒရယ်ပြည်ထောင်စုကိုမဖြစ်မနေထူထောင်မယ်ဆိုတာပါတယ်။အဲဒါအနှစ်သာရ တစ်ခုဖြစ်ပါတယ်။ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို အားလုံးက ကာကွယ် စောင့်ရှောက်ရမယ်။ အဲဒါအနှစ်သာရဖြစ်ပါတယ်။ အဲဒါ NCAရဲ့ အနှစ်သာ၇ ၃ ချက်ကိုပြစ်ပယ်လို့မရပါဘူး။ ကျွန်တော်တို့ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနိုင်ငံရေးဆွေးနွေးပွဲတွေအောင်မြင်ဖို့အတွက် အဓိကအချက်ကပြည်သူလူ ထုရဲ့ ပါဝင်မှုဖြစ်ပါတယ်။ ဒီစာချုပ်ကိုဖျက်ဆီးဖို့ကအဖွဲ့အစည်းတစ်ခုအပေါ်မှာမရှိပါဘူး။ ဘယ်သူကမှပယ်ဖျက်ခွင့်မရှိပါဘူး။ ဒီစာချုပ်ကိုပယ်ဖျက်ချင်ရင်အားလုံးလက်မှတ်ထိုးထားတဲ့သူတွေပြန်ခေါ်ပြီးမှ ပယ်ဖျက်ကြောင်း ကြေညာရတယ်။ ဒါကြောင့် NCA စာချုပ်က စာချုပ်အတိုင်းရှိမယ်။ ထွက်ချင်တဲ့သူက ထွက်သွားလို့ရတယ်။ အစိုးရ၊တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရော ဘယ်သူ ကမှ ပယ်ဖျက်ခွင့်မရှိဘူး။ ဒါကစာချုပ်ရဲ့သဘောတရားဖြစ်ပါတယ်။ သို့သော်လည်း ဒီနေ့အချိန်မှာ NCA စာချုပ်ကိုအကောင်အထည်ဖော်မယ်ဆိုရင်ကတော့ အများကြီးဝေးကွာသွားခဲ့ပြီဖြစ်ပါတယ်။ သို့သော် လည်း NCA ရဲ့ အနှစ်သာရတွေကိုင်ပြီး တိုင်းပြည်ကို ဆက်လက်သွား၇မှာဖြစ်ပါတယ်။
မေး- ဆရာခုနကပြောသလိုပေါ့။ NCA ရဲ့အနှစ်သာရထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကောင်းကျိုးပြုနိုင်မယ်ဆိုရင်ဒီအနှစ်သာ၇တွေနဲ့ပဲဆက်ပြီးသွားသင့်သလား။ ဒီ NCA အနှစ်သာ၇အပြင် နောက်ထပ်ဘာ တွေထပ်ပြီးလိုဦးမလဲ။
ဖြေ- NCAရဲ့ အနှစ်သာရဖြစ်တဲ့ လောလောဆယ်ဆယ်ဖက်ဒရယ်ပြည်ထောင်စုကိုမထူထောင်နိုင်သေးဘူး။ ရတယ်။ နိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းနဲ့မဖြေရှင်းနိုင်သေးဘူး ရတယ်။ သို့သော်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ် အဲဒီအချက်ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့သူတွေဆီမှာ တာဝန်ရှိတာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ပြည်သူလူထုကို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်သတ်ဖြတ်နေတယ်။တနည်းအားဖြင့်ပြောရရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုစစ်တပ်က ဖျက်ဆီးနေတယ်။ အဲဒါကိုကာကွယ်ရမယ့်တာဝန်ဟာ NCAလက်မှတ်ရေးထိုးကြတဲ့သူတွေအားလုံးမှာ တာဝန်ရှိနေတာဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည် ဖော်မယ်ဆိုရင်တော့ဒီ NCA မှာ ပြဌာန်းထားတဲ့ အခြေအနေ တွေနဲ့တော့ မလုံလောက်တော့ပါဘူး။ NCAအတိုင်းဆက်ပြီးသွားမယ်ဆိုတာတော့မဖြစ်နိုင်တော့ပါဘူး။ အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အစိုးရ လွှတ်တော်တို့နဲ့ အခုမရတော့ဘူး။ အခုနွေဦးတော်လှန်ရေးမှာStateholder တွေအများကြီးပေါ်လာတယ်။ ထိုနည်းတူပဲ ဆွေးနွေးရမယ့် ပြောဆိုရမယ့်ဟာတွေဒီထက်ပိုမိုကျယ်ပြန့်တဲ့ NCA ထက်ကို ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ ရယူပြီးမှ နိုင်ငံရေးဆွေးနွေးနိုင်မယ်လို့ထင်ပါတယ်။
မေး- ငြိမ်းချမ်းရေးဆွေးနွေးကြဖို့အာဆီယံအပါအဝင် နိုင်ငံတကာကတိုက်တွန်းနေတယ်။ ဒါပေမယ့် စစ်ကောင်စီဖက်ကမလိုက်နာဘူး။စစ်ကောင်စီကိုတော်လှန်နေတဲ့သူတွေကလည်း စားပွဲဝိုင်းပေါ်တက်လာဖို့ မရှိဘူးဖြစ်နေတယ်။ အဲတော့စစ်မီးကဆက်ပြီးတော့လောင်နေဦးမှာလား။ စစ်မီးငြိမ်းဖို့ဘာတွေ လိုအပ်နေပါသေးလဲ။
ဖြေ- ကျွန်တော်မြင်တာကတော့တော်လှန်ရေးဖက်ကရပ်တည်တဲ့သဘောထားနဲ့ စစ်ကောင်စီဖက်ကရပ်တည်တဲ့သဘောထား မတူဘူးလို့ ကျွန်တော်ထင်တယ်။ စစ်တပ်က တော်လှန်ရေး အစပိုင်းမှာ သူက တစ်ရာရှိတယ်။ အဲဒီတစ်ရာကနေ သူက ၅၀ ကိုကျလာတယ်။ နောက် ၄၀ ၊ ၃၀ တောက်လျှောက်ကိုကျ လာတယ်။ ကျွန်တော်တို့ကနွေဦးတော်လှန်ရေးမှာ လူထုက နောက်ဆုံးရရာလက်နက်စွဲကိုင်ပြီး သုည ဘ၀ကနေစ၇တယ်။ အခု ၅၀ ရောက်ပြီ။ နောက်ထပ် ၆၀ရောက်သွားမှာဖြစ်တယ်။ ဒီနေရာမှာနိုင်ငံတကာက ကျွန်တော်တို့ရဲ့မိတ်ဆွေတွေရောအချို့သောပုဂ္ဂိုလ်တွေ လွဲလွဲမှားမှား သုံးသပ်နေကြတာ က ဒီဖက်ကလည်း ၅၀၊ ဟိုဖက်ကလည်း ၅၀ဘယ်ဖက်ကမှ မနိုင်လို့ ညှိနှိုင်းကြပါလို့ပြောတာက တော်လှန်ရေးကိုပုံပျက်အောင် လမ်းကြောင်းလွဲအောင် လုပ်နေကြတာလို့တင်ပြချင်ပါတယ်။ဘာကြောင့်လဲဆိုရင် စစ်အုပ်စုက၅၀ ကနေ နောက်ထပ်ကျဖို့ပဲရှိတော့တယ်။ ကျွန်တော်တို့တော်လှန်ရေးကဒီထက်အရှိန်တက်လာဖို့ပဲရှိတယ်။ တွေ့ဆုံဆွေးနွေးမှရမယ်ဆိုတဲ့ဟာမျိုး ငြိမ်းချမ်းရေးပုံဖော်မှရမယ့်ဟာမျိုးဆိုတာကတော့ လမ်းကြောင်းလွဲအောင်လုပ်တာဖြစ်သလို တကယ့်ငြိမ်းချမ်းရေးဖြစ်စဉ်ရမှာမဟုတ်ဘူး။ စစ်အုပ်စု ရှုံးမှာကြောက်လို့၊ စစ်အုပ်စုဖက်ကနေအကာအကွယ်ပေး ပြောနေကြတာလို့ မြင်ပါတယ်။ ဒီကာလမှာစစ်အုပ်စုကို အလျော့ပေးပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ မူနဲ့သွားပြီးတော့ဆက်ဆံလို့မရဘူး။ စစ်အာဏာရှင်စနစ်ကိုအပြီးတိုင် ဖယ်ရှားရမှာဖြစ်တယ်။ ဒါမှလည်း ကျွန်တော်တို့ဖက်ဒရယ်ပြည်ထောင်စုကိုရေရှည်မှာထူထောင်နိုင်မှာဖြစ်တယ်။
မေး- စစ်ကောင်စီက PDF တွေကို အကြမ်းဖက်အဖွဲ့တွေဆိုပြီးတော့ သူတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာပါဝင်ခွင့်မပြုနိုင်ဘူးပေါ့။ NCA မှာ လက်မှတ်ထိုးပြီးသားပဲဖြစ်ဖြစ် လက်မှတ်မထိုးရသေးဘဲဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေကိုတော့ပါဝင်ခွင့်ပြုထားတယ်ပေါ့။ ဒါပေမယ့်လည်း တစ်ပြည်လုံးအတိုင်းအတာအနေ နဲ့ PDF တွေရော EAOsတွေရော ပူးပေါင်းပြီးတော်လှန်ရေးမှာဆင်နွှဲနေကြတယ် ဆိုတော့ စစ်ကောင်စီက ဦးဆောင်လုပ်မယ့်ငြိမ်းချမ်းရေးက ဘယ်လိုငြိမ်းချမ်းရေးမျိုးဖြစ်နိုင်မလဲ။
ဖြေ- ဒီငြိမ်းချမ်းရေးဖြစ်စဉ်အကောင်အထည်ဖော်လာကြတာကတော့ဗိုလ်ချုပ် ခင်ညွန့် လက်ထက်ကဆိုရင် ၁၉၈၈ရှစ်လေးလုံးအရေးတော်ပုံအလွန်မှာလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာကတော့ အဲဒီကာလမှာ ၁၉၉၀ ရွေးကောက်ပွဲကြီးကထင်ထင်ရှားရှားရှိတယ်။ သူတို့ရဲ့ ကတိကဝတ်ကလည်းအာဏာလွှဲပေးမယ်ပြောထားတယ်။ အာဏာမလွှဲနိုင်တဲ့အခါကျတော့လမ်းလွှဲနိုင်မယ့် နည်းလမ်းတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာမျိုးတွေနဲ့လုပ်ခဲ့တာဖြစ်ပါတယ်။ဒီမိုကရေစီအရေးက အရမ်းအားကောင်းလာတဲ့အချိန်မှာတိုင်းရင်းသားအရေးကိုဦးစာပေးသလိုလိုနဲ့ အဲဒီအရေးနှစ်ခုကိုအခုလိုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုလည်းထိုနည်းတူပဲ သူတို့က ဆွဲဆောင်မှုတွေ၊သိမ်းသွင်းမှုတွေ၊ ဖျားယောင်းမှုတွေအများကြီး ဖြစ်နိုင်တယ်။ တနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့တိုင်းပြည်မှာ တိုးတက်ဖြစ်ထွန်းလာတဲ့ ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီနစ်ကိုထူထောင်ချင်တဲ့နွေဦးတော်လှန်ရေးကို ဖျက်ဆီးချင်မယ်ဖျက်ဆီးချင်တဲ့ အတွက် ခုနကလိုအပေးအယူအလျော့အတင်းတွေနဲ့ ကျန်သောအင်အားစုများတွေနဲ့ တော်လှန်ရေးကို ပုံပျက်အောင် လုပ်နေကြတာပဲလို့မြင်ပါတယ်။ဒီနေ့စစ်ကောင်စီကလုပ်တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ သူ့အာဏာဆက်ပြီးတည်မြဲဖို့နဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို လုပ်သလိုပဲဒီကနေ့ နွေဦးတော်လှန်ရေး ရလဒ်ကိုပျက်ပြယ်အောင်လုပ်ချင်တဲ့ သဘောထားအပေါ်မှာ အဓိကအခြေခံတာပဲဖြစ်ပါတယ်။ ဒါကြောင့်စစ်မှန်တဲ့ငြိမ်းချမ်းရေးလည်း ဖြစ်မှာမဟုတ်သလို စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေလည်းဖြစ်မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက စစ်ကောင်စီကဖိတ်ခေါ်နေတဲ့ အဲသလိုနိုင်ငံရေးဆွေးနွေးမှုတွေ ကို လုပ်ခွင့်၊ ကိုင်ခွင့် ၊ဆွေးနွေးခွင့်မရှိတဲ့ အစုအဖွဲ့ဖြစ်ပါတယ်။
မေး- မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းနေသူတွေက အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီကနေ့စဉ် နေ့တိုင်း ကျူးလွန်နေတယ် ဆိုပြီးတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဆီကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့အမြဲတိုက်တွန်းနေကြပါတယ်။စစ်ကောင်စီကတော့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေဆဲပဲဆိုတာသတင်းတွေမှာလည်း တွေ့နေရပါတယ်။ အဓိက စစ်ကောင်စီကို ကိုင်တွယ်ဖို့ရာ ဘာကအဓိကလိုနေသေးလို့လဲ။ သူ့ရဲ့နောက်ခံအင်အားက ဘယ်လောက်များကြီးထွားနေသေးလို့လဲ။
ဖြေ- ဒီအချိန်မျိုးမှာတော့စစ်ကောင်စီကို ဖြောင်းဖျမယ်။ ဆွေးနွေးမယ်လုပ်နေလို့ကတော့ မရပါဘူး။ ကျွန်တော်တို့ စစ်အုပ်စုကို ရိုက်ထည့်လိုက်ရမယ်။ ဖြုတ်ချလိုက်ရမယ်။ အဲဒါရှင်းတယ်။ အခြားသောနည်းလမ်းများနဲ့လုပ်မယ်ဆိုရင်တော့နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကျွန်တော်တို့အပေါ်မှာ သူတို့တာဝန်ရှိမှာဖြစ်ပါတယ်။ တစ်ချို့သောနိုင်ငံတကာတွေကဘာပြောသလဲဆိုတော့မြန်မာပြည်ရဲ့ ကိစ္စမြန်မာပြည်သူလူထုကပဲ အချင်းချင်းရှင်းကြပါစေ။ ဝင်မစွက်ဖက်ဘူးဆိုတာ လက်ရှောင်တာပဲ။ တနည်း အားဖြင့်ကျွန်တော်တို့ဒီတော်လှန်ရေးကို သူတို့အကူအညီမပေးချင်တဲ့အခါမှာ စကားလုံးလှလှတွေနဲ့ လက်ရှောင်တာဖြစ်ပါတယ်။ အဲဒါတွေမဖြစ်အောင် ကျွန်တော်တို့ပြောရမယ်။ အထူးသဖြင့်အမေရိကန် အစိုးရကို ပြော၇မယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းတဲ့ အချိန်မှာ ပထမဆုံးထောက်ခံခဲ့တဲ့နိုင်ငံက အမေရိကန်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ အမေရိကန်အစိုးရဟာ စစ်အာဏာရှင်တည်မြဲခဲ့တဲ့အတွက်တာဝန်ရှိသူဖြစ်တယ်။စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့အချိန်မှာ အမေရိကန်အစိုးရနဲ့ ဒီမိုကရေစီတိုင်းပြည်တွေဟာကူညီဖို့ ကျွန်တော်တို့ပြောဖို့လိုတယ်။ နိုင်ငံတကာကကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ကျွန်တော်တို့ဖာသာလုပ်ကြဖို့လိုပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာ ညီညွတ်ဖို့လိုတယ်၊ကျွန်တော်တို့အချင်းချင်းကြားမှာပဲ အားပြုကြ၇မှာ ဖြစ်ပါတယ်။
မေး-မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဖြည့်စွက်ပြီးပြောချင်တာရှိရင် ဖြည့်စွက် ပြီးပြောပေးပါဦးဗျ။
ဖြေ- ဟုတ်ကဲ့။ ကျွန်တော်တို့ခုနကတင်ပြခဲ့သလိုပဲ စစ်အုပ်စုကတော့တော်လှန်ရေးအစပိုင်းကနေ အခု ၅၀ ကနေ၄၀ ၊ ၃၀ တဖြည်းဖြည်းကျလာပြီဖြစ်ပါတယ်။ ဒီစီးပွားရေးဖြစ်စဉ်အပါအဝင် အားလုံးကိုကြည့်ရင်သိနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ သုညကနေဒီတော်လှန်ရေးကိုစခဲ့တယ်။ အခု ၅၀ ကနေ ၆၀ဒီထက်ဆက်တက်သွားမယ့်အခြေအနေမှာရှိတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီ တော်လှန်ရေးမှာ တောင့်ခံနိုင်ဖို့လိုပါတယ်။ စုစည်းထားနိုင်ဖို့လိုတယ်။ ဘယ်လိုအကြောင်းအရာတွေပဲ ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ်အဖွဲ့အစည်းအရပဲဖြစ်ဖြစ် စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ဒီတော်လှန် ရေးမှာ တောင့်ခံနိုင်မယ်ဆိုရင်ဒီစစ်အာဏာရှင်စနစ်ဟာ မကြာခင် ပြိုကွဲပျက်စီးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။
မေး။ဟုတ်ကဲ့ပါ၊ အခုလိုဖြေကြားပေးတဲ့အတွက် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့် ထွန်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
ဖြေ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။