စနေ၊ မေလ ၄ရက်၊ ၂၀၂၄

တရုတ်အထူးသံတမန် တိန်ရှီကျွင်း၏ စက်တင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်ခရီးစဉ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

စက်တင်ဘာလ ၁၈ ရက်နေ့က တရုတ်အထူးသံတမန် တိန်ရှီကျွင်း၏ နေပြည်တော်ခရီးစဉ်အပေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှုး ဦးစိုင်းလိတ် နဲ့ ဆက်သွယ်မေးမြန်းချက်

နိရဉ္စရာ (အင်တာဗျူး)  စက်တင်ဘာ ၂၁/၂၀၂၃

 

တရုတ် အထူးသံတမန် မစ္စတာ တိန်ရှီကျွင်းဟာ စက်တင်ဘာ ၁၈ ရက်နေ့က နေပြည်တော်ကို လာရောက်ပြီး စစ်ကောင်စီ ဝန်ကြီးတွေနဲ့  တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။  သူမြန်မာကိုလာတာ  အခု တစ်ကြိမ်နှင့် ဆိုရင် လေးကြိမ်မြောက်ရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာ-တရုတ် နယ်စပ်မှာလည်း တိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်နေသလို အထူးသဖြင့် မူဆယ်နယ်စပ်မှာ တအောန်း လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့  စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။  ဒီလို အချိန်မှာ သူ နေပြည်တော်ကို လာတာနဲ့ ပတ်သက်ပြီး နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေရှိနေပါသလဲ။  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှုး ဦးစိုင်းလိတ်ကို နိရဉ္စရာသတင်းဌာနမှ လက်ထောက် အယ်ဒီတာ တစ်ဦးက ဆက်သွယ်မေး မြန်းပြီး တင်ပြပေးထားပါတယ်။

 

မေး-ဆရာ ဦးစိုင်းလိတ် မဂ်လာပါခင်ဗျ။

ဖြေ-ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။

မေး-ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က တရုတ်အထူးသံတမန် တိန်ရှီကျွင်းက နေပြည်တော် ရောက်လာပြီး စစ်ကောင်စီဝန်ကြီးတွေနဲ့ တွေ့ခဲ့တဲ့ခရီးစဉ်အပေါ် ဘယ်လိုမြင်မိပါလဲ။

ဖြေ-မစ္စတာ တိန်ရှီကျွင်းဒီလာတာတော့ ဒီတစ်ကြိမ်နဲ့ဆို စတုတ္တကြိမ်မြောက်ရှိပြီပေါ့နော်  လာရင်းကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် အကြောင်းအချက် သုံးလေး ချက်လောက်တော့ရှိမှာပေါ့နော် ပထမဆုံးတစ်ချက်က တရုတ်မြန်မာနယ်စပ်မှာ တိုက်ပွဲတွေက ခပ်စိတ်စိတ်ဖြစ်နေတယ် ဒါတွေကို ဘယ်လိုထိန်းချုပ် ကိုင်တွယ် သင့်သလဲပေါ့နော် ဒါကိုလာပြီးတော့ လေ့လာသုံးသပ်တယ်လို့ ယူဆလို့ရတယ်ပေါ့နော် အထူး သဖြင့်တော့ မူဆယ်မှာဖြစ်နေတဲ့ TNLA နဲ့ စကစ တပ်တွေရဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတယ်ပေါ့နော်  မူဆယ်က စီးပွားဇုန်ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ဒါကိုထိခိုက်မခံနိုင်တာပေါ့နော်  အဲဒီကိစ္စကို အရေးတကြီး လာပြီးတော့မှ လေ့လာတဲ့သဘောလို့ ယူဆလို့ရတယ်

 နောက် ဒုတိယတစ်ချက်ကတော့ အခုလောလောဆယ် ကုလသမဂ္ဂအထွေထွေ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးပေါ့ လစ်လပ်နေတာ ၂ နှစ်လောက်ရှိပြီ ဦးကျော်မိုးထွန်းကို ဆက်ခန့်ထားပေမယ့်လို့ နိုင်ငံကိုယ်စားပြုပြီး မိန့်ခွန်း ပြောတာမျိုးက လုပ်လို့မရဘူး အဲတော့ ဦးကျော်မိုးထွန်းကို ဆက်ထားမထား ဒါမှမဟုတ် တခြားစဉ်းစားချက် ဒီအပေါ်မှာလည်းပဲ စနည်းနာတယ်လို့ ယူဆလို့ရတယ်

နောက်တစ်ချက်စဉ်းစားမိတာကတော့ အခု လောလောဆယ် တရုတ်နဲ့ မြန်မာဘက်ကို အရင်ထက်ကို ပိုပြီးတော့မှ ထိတွေ့မှုတွေ အရင်ထက်ကိုပိုပြီး တော့များလာတယ်ဗျ အာဆီယံနဲ့ပတ်သက်ပြီးတော့ ပြန်လည် သုံးသပ်ကြတဲ့ အပိုင်းမှာ ဥပမာ ဘုံသဘော တူညီချက် ၅ ချက်နဲ့ အကောင်အထည်ဖော်ရာမှာ စကစ အပေါ် ဘယ်လိုမှ အားမရတဲ့ အတွက်ကြောင့်မို့လို့ အာဆီယံ ခေါင်းဆောင်တွေက ဝေဖန်မှုတွေ တော်တော်လေး ပြင်းပြင်းထန်ထန် လုပ်လာတယ် စကစ ကလည်း တရုတ်၊ ရုရှ၊ အိန္ဒိယ စတာတွေနဲ့ ပိုပြီးနီးနီးကပ်ကပ်ဆက်ဆံတဲ့သဘောလို့ ဒီအပေါ်မှာလည်း တရုတ်က အခွင့်အရေးယူတဲ့ သဘော အနေနဲ့ တစ်ဖက်က ပြန်ချဉ်းကပ်တယ်ပေါ့ဗျာ  ဥပမာ ဒေါ်အောင် ဆန်းစုကြည် ကျန်းမာရေး မကောင်းတဲ့အပေါ်မှာ အပြင်ဆရာဝန်နဲ့ ကုသခွင့်ပေးဖို့ဆိုတဲ့ တောင်းဆိုသံ တွေက ညံလာတယ်ဗျ သူ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရရင် နိုင်ငံရေးအရ လိုအပ်ချက် တစ်ရပ်ပေါ့ ဒါလည်းပဲ ဆွေးနွေး နိုင်ခြေရှိတယ် ဒီပြင်ကတော့ NCA ၈ နှစ်ပြည့်ကလည်း ရှေ့လထဲမှာလုပ် မယ် FPNCC ရဲ့ ခေါင်းကိုင် ဖခင်ဖြစ်တဲ့ တရုတ်အနေနဲ့ ဘယ်လိုသဘောထားမျိုးနဲ့ လှုပ်ရှားကိုင်တွယ်သင့်တယ် ဆိုတာကို လာရောက်လေ့လာ သုံးသပ် တယ်လို့ပဲ မြင်ပါတယ်ဗျ။

မေး-တရုတ်မြန်မာနယ်စပ်တလျှောက်မှာ TNLA နဲ့ တိုက်ပွဲဖြစ်တယ် စစ်ကောင်စီအပေါ်မှာရော မြောက် ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ်မှာရော တရုတ်အနေနဲ့ အထိုက်အလျောက် ဩဇာရှိရဲ့သားနဲ့ ခုလိုနယ်မြေမတည်ငြိမ်ဖြစ်နေတာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းချင်နေလို့လဲ။

ဖြေ-TNLA လိုအဖွဲ့အစည်းမျိုးက တရုတ်နဲ့တိုက်ရိုက်ကြီး ဆက်ဆံရေးရှိကောင်းမှရှိမှာပေါ့ဗျာ ဒါပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့ သူ့ရဲ့မဟာမိတ်အဖွဲ့တွေကနေတဆင့် သူ့ကိုကိုင်တွယ်မယ်ဆိုရင်တော့ တရုတ်ဖက်က တတ်နိုင်ဖို့ရှိပါတယ် ပရိုတိုကောအရ သူ့အနေနဲ့တိုက်ရိုက်မပြောလိုရင်တောင်မှ တစ်ဖက်ကလည်း စကစ ရဲ့သဘောထားကိုသိချင်တဲ့အတွက်ကြောင့်မို့လို့ လာပြီးညှိုနှိုင်းတဲ့သဘောလို့ ထင်တယ်။ တကယ်တန်းကျရင် သူ့နီးစပ်ရာ နိုင်ရာနိုင်ရာ အဖွဲ့တွေနဲ့ TNLA ကို ပြောလိုက်တာဆိုရင် ဖြစ်လာနိုင်စရာရှိပါတယ် သို့သော် TNLA ကို တိုက်ရိုက်ကြီး ထိန်းချုပ်လိုက်ရင် စကစ အနေနဲ့ လူထုထောက်ခံမှုတွေက ရနေရဲ့လားဆိုတာ ထည့်သွင်းစဉ်းစားရမယ်  အဲဒါကြောင့် သူ့အနေနဲ့ ဩဇာဘယ်လောက်ပဲလွှမ်းတယ်ဆိုပေမယ့် ဘေးလူ တွေမြင်တာကိုလည်း သူထည့်တွက်ရမှာကိုး၊ သူ့အနေနဲ့ ဘယ်ဖက်မှမလိုက်ဘဲ ကြားကနေ ညှိုနှိုင်းပေးတဲ့ အနေအထားမျိုးရောက်အောင် တမင်ကိုပုံသွင်းနေတယ်လို့ ထင်တယ်။

မေး-အာဆီယံနဲ့ စစ်ကောင်စီနဲ့က သဘောထားတွေမတိုက်ဆိုင်လို့ မြန်မာ့အရေးကိုဖြေရှင်းဖို့ တော်တော် လေးခက်ခက်ခဲခဲဖြစ်နေတယ် ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း စစ်ကောင်စီဖက်က မလိုက်နာတဲ့ အခြေအနေမှာရှိတယ်၊ တိန်ရှီကျွင်းက တရုတ်အစိုးရကိုယ်စားပြုပြီး အာဆီယံနဲ့ စစ်ကောင်စီကြား ဘယ် လိုစေ့စပ်ပေးချင်နေလို့လဲ။

ဖြေ-အာဆီယံနဲ့ပတ်သက်ရင် အမေရိကန်ရော တရုတ်ရော မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ နှစ်ဖက် စလုံးက သဘောမျှစွာပဲ တာဝန်ပေးထားတဲ့သဘောမှာတော့ရှိတယ် ဒါပေမယ့် လက်တွေ့မှာတော့ အမေ ရိကန်ရော တရုတ်ရော ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချဉ်းကပ်နေတာတွေ့ရတယ် တရုတ်ရဲ့ရပ်တည်ချက်ကို ပြောမယ်ဆိုရင် အထူးသဖြင့်သူနဲ့စပ်ဆက်နေတဲ့ဒေသတွေမှာ တည်ငြိမ် အေးချမ်းရေးနဲ့ သူ့ရဲ့ရှိထားပြီး သားစီးပွားရေး ရင်းနှီး မြှပ်နှံမှုတွေ အဆုံးရှုံးမခံနိုင်လို့ ရှင်းရှင်းပြောရရင် ဝမ်ယီ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ပထမသက်တမ်း ပုဂံကိုလာတုန်းက ပြောထားတာရှိပါတယ် စကစ အနေနဲ့ အာဏာသိမ်းတာကို မတော်မသင့်ဘူးလို့ဆိုပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအရ လက်ခံနိုင်စရာ ရှိတယ်လို့ပြောတယ် ဘာပဲဖြစ်နေနေ နောက်ဆုံးတော့ မြန်မာ့အရေးကို ၂၀၀၈ အောက်မှာပဲ အားလုံးပြန်ပြီးတော့မှ ပြေလည်ကြဖို့ ညှိုနှိုင်းကြဖို့ သဘောထားမျိုးသူတို့မှာရှိတယ် လွယ်လွယ် ပြောရရင် ၂၀၂၁ အခြေအနေကိုပြန်သွားရင် ဒီကိစ္စပြီးပြီဆို တာမျိုး တရုတ်မှာ အမြင်မျိုး ရှိတယ်ဗျာ အဲဒါကြောင့်မို့ အာဆီယံနဲ့ စကစ ကြား ညှိုနှိုင်းဖို့ဆိုတာထက်ကို အာဆီယံ ကိုင်တွယ်တဲ့ပုံစံနည်းနာ မဟုတ်လာရင် တရုတ်နည်းတရုတ်ဟန်နဲ့ ပြန်ပြီးတော့ချဉ်းကပ်နိုင်တဲ့ အနေအထားမျိုးတစ်ခုကို သူတို့လာပြီးတော့မှ လမ်းစဖွင့်တယ်လို့မြင်ပါတယ်။

မေး-တရုတ်က သူ့အကျိုးစီးပွားဖြစ်တဲ့ BRI စီမံကိန်းက အိမ်နီးချင်းနိုင်ငံထဲမှာ မဖွင့်နိုင်သေးတဲ့ အနေ အထားမှာရှိနေတယ်၊ BRI စီမံကိန်းအတွက် စစ်ကောင်စီနဲ့ ဘယ်လိုဆက်ပြီးလုပ်မယ်လို့ရော ထင်မြင်မိ ပါလဲ။

ဖြေ-တရုတ်က စီးပွားရေးအတွက် လုပ်လာတာကြာပြီ BRI ကတော့ စိန်ခေါ်မှုတွေရှိတာပေါ့နော် အခု နောက်ဆုံး ဂျီ တွမ်တီ ( အစည်းအဝေးတွေမှာ ဥရောပသမဂ္ဂကနေ သူ့ကိုအများကြီးစိန်ခေါ်တာတွေရှိ တယ်  နောက် သူနဲ့အနီးဆုံး အိန္ဒိယကိုလည်း ယှဉ်ပြိုင်ရမယ်ဆိုတာပေါ်ပေါက်လာတဲ့အခါမှာ မြန်မာ့ အရေးကို လက်လွှတ်လို့မရဘူး စီးပွားရေးလုပ်ငန်းတွေမှာ သူ့အနေနဲ့ဆက်လက်အကောင်အထည်ဖော် သွားမယ် တစ်အချက်က ပြည်တွင်း တည်ငြိမ်ဖို့လိုအပ်တယ်၊ ပြည်တွင်းတည်ငြိမ်ဖို့ဆိုတာ စကစ တစ်ခု တည်းနဲ့မရဘူး တခြားအတိုက်အခံ အဖွဲ့အစည်းတွေကိုလည်း ထည့်တွက်ရမယ် ဒေသတွင်း EAOs တွေ ရဲ့သဘောထားကို ထည့်တွက်ရမယ် ဒါကြောင့်မို့ NCA ၈ နှစ်မြောက်အခမ်းအနားလို အခြေပြုပြီး တခြား စပ်ဆက်တာတွေဆွေးနွေးနိုင်စရာတွေ ရှိတယ်လို့သုံးသပ်ပါတယ် အဓိကတော့တရုတ်ကသူ့ရဲ့ အကျိုးစီး ပွားကို လုံးဝလက်လွတ်မခံနိုင်တဲ့အနေအထားမှာ မြန်မာပြည်ရဲ့ ကယ်တင်ရှင်လည်း ဖြစ်အောင် သူ့ရဲ့ အကျိုးစီးပွားလည်းရှိအောင် နှစ်ဖက်မျှအောင် စဉ်းစားပြီးတော့ လုပ်ဆောင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

မေး-အရှေ့တောင်အာရှရဲ့ အထူးကိုယ်စားလှယ် အဓိကတော့ မြန်မာ့အရေးကို ဦးစားပေး လုပ်ဆောင်နေ တဲ့ တိန်ရှီးကျွင်းအပေါ် သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ ဆရာ့အနေနဲ့ ပုဂ္ဂိုလ်ရေးပိုင်းမှာ ဘယ်လိုမြင် မိပါလဲဗျ။

ဖြေ-သူက အရင် ဆုန်ကော့ရှန်ထက်စာရင် ပိုပြီးတော့မှ လုပ်ရဲကိုင်ရဲတဲ့အနေအထားမျိုးရှိတယ် သမ္မတ ရှီကျင်းဖျင် ကိုယ်တိုင်က ယုံကြည်အားကိုးတဲ့အနေအထားမျိုးလည်း ရှိတယ်ပေါ့ဗျာ အဲဒီတော့ လာ မယ့်၂၀၂၄ ၊ ၂၀၂၅ အတွင်းမှာ ဒီထက်မကပိုပြီးတော့ လုပ်ပြနိုင်လိမ့်မယ် ထဲထဲဝင်ဝင် ပါဝင် လာလိမ့်မယ် ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ရင်တော့ အတိုက်အခံအဖွဲ့အစည်းတွေရော ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်တွေ ရော သတိထားပြီးတော့မှ ချဉ်းကပ်ဆက်ဆံသင့်တယ်လို့ မြင်ပါတယ်ဗျ။

မေး-ခုလိုဖြေကြားပေးတဲ့အတွက် ဆရာ ဦးစိုင်းလိတ် ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

ဖြေ-ဟုတ်ကဲ့ပါ ကျေးဇူးပါ။ 

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး