အမျိုးသမီးများအဖြစ်အများဆုံး
သားအိမ်ခေါင်းကင်ဆာအကြောင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက
လက်ထောက်ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး) ဒေါက်တာဇော်ဇော်အောင်နဲ့
တွေ့ဆုံမေးမြန်းခြင်း
နိရဥ္စရာ (ကျန်းမာရေးအင်တာဗျူး)
စက်တင်ဘာ ၂၃/၂၀၂၃
မြန်မာနိုင်ငံမှာ
သားအိမ်ခေါင်း ကင်ဆာရောဂါဟာ အမျိုးသမီးတွေအဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံရဲ့ အမျိုးသမီးလူဦးရေတစ်သိန်းမှာ ဖြစ်ပွါးသူ ၂၅ ဒဿမ ၃ ယောက်အထိ ဖြစ်ပွားနေတယ်လို့
ခန့်မှန်းထားကြပါတယ်။
ဒါကြောင့်
ဒီသားအိမ်ခေါင်းကင်ဆာနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကြောင့် ဖြစ်ပွားရသလဲ။
ဒီရောဂါကို အမျိုးသမီးတွေအနေနဲ့ ဘယ်လို ကာကွယ်ထိန်းသိမ်းသင့်လဲဆိုတာတွေကို
ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး(ရောဂါနှိမ်နင်းရေး)
ဒေါက်တာဇော်ဇော်အောင်နဲ့ နိရဥ္စရာက အင်တာဗျူးမေးမြန်းတင်ဆက်ပေးလိုက်ရပါတယ်။
မေး- ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရခိုင်ပြည်နယ်မှာ သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်ပြီး ဟောပြောပွဲတွေလုပ်နေတာတွေ
တွေ့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်လို့ ဆရာတို့
လုပ်ဆောင်နေတဲ့အပိုင်းကို ပြောပြပေးပါ။
ဖြေ- ၁၈-၉-၂၀၂၃ ကနေ့စပြီးတော့ ၂၉-၉-၂၀၂၃ ရက်နေ့အထိ အခြေခံစာသင်ကျောင်းတွေမှာ အသက်(၉) နှစ်ကနေ (၁၁) နှစ်အထိ မိန်းခလေးငယ်တွေကို သားအိမ်ခေါင်း
ကင်ဆာကာကွယ်ဆေး ထိုးပေးနေပါတယ်။ အဲဒီအသက်အရွယ်က
၂၀၁၁ စက်တင်ဘာ ၁ရက်က နေပြီးတော့ ၂၀၁၄ ဩဂုတ်လ ၃၁ရက်နေ့
အထိ အဲဒီကြားမှာမွေးတဲ့ မိန်းကလေးငယ်တွေဖြစ်ပါတယ်။ သူတို့ကို ကျောင်းတွေကို အခြေပြုပြီးတော့ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးမယ်ပေါ့နော်။
ဒီသားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးကတော့ မြန်မာပြည်မှာ အဖြစ်များဆုံး သားအိမ်ခေါင်း
ကင်ဆာကို အမျိုးသမီးတွေမှာမဖြစ်အောင် ငယ်ငယ်လေးကတည်းက လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုမဖြစ်သေးခင်အချိန်မှာ ကြိုတင်ပြီးထိုးနှံထားရင် ကာကွယ်နိုင်မှု အများကြီးရှိတယ်ပေါ့နော်။ ဒါကြောင့် အသက် ၉နှစ် ပြည့်ပြီးတာနဲ့စပြီးတော့ထိုးနှံပေးနေတာပေါ့။ အောက်တိုဘာလကျရင် တကယ်လို့ကျောင်းမှာဖျားတယ်။ ကျောင်းပျက်တယ်စတဲ့ အကြောင်း ကြောင်းကြောင့် ထိုးနှံဖို့
ပျက်ကွက်ခဲ့တဲ့ မိန်းကလေးတွေကို အောက်တိုဘာလ ကျရင် တခေါက်ပြန်ထိုးမယ်ခင်ဗျ။ သူတို့တွေရယ် နောက်ပြီး ကျေးရွာရပ်ကွက်ထဲမှာ ကျောင်းမနေနိုင်တဲ့
ကျောင်းနေပြင်ပ မိန်းကလေးတွေကိုလည်း ထိုးနှံမယ်ပေါ့။ ကာကွယ်ဆေး ကတော့ တစ်ကြိမ်တည်းပဲ
ထိုးပါမယ်။ တစ်ကြိမ်ထိုးရုံနဲ့ ကာကွယ်နိုင်စွမ်း ရှိသွားပါပြီ။ ဟိုးအရင်တုန်းကတော့ နှစ်ကြိမ် ထိုးရတယ်ဗျ။ တစ်နှစ်ခြားပြီး နှစ်ကြိမ်ထိုးပါတယ်။ ၂၀၂၀ကနေ
စထိုးတယ်။ ၂၀၂၁ကျရင် ဒုတိယ အကြိမ် ထိုးတယ်ဆိုတာမျိုးပေါ။ အခု ကတော့ တစ်ကြိမ်တည်းနဲ့လည်းကာကွယ်နိုင်မှု အပြည့် ရတယ်လို့ ပြောထားတာဖြစ်တဲ့အတွက် တစ်ကြိမ်တည်းပဲ ထိုးပေးပါတယ်။ ကျွန်တော်တို့ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းမှာလည်းဒီအရာက အပါအဝင်ဖြစ်ပါတယ်ခင်ဗျ။
မေး-
ဟုတ်ကဲ့၊ အခု ဆရာတို့အနေနဲ့ အသိပညာပေးဟောပြောတာတွေနဲ့ ကာကွယ်ဆေး ထိုးပေးနေတာက
ရခိုင်တစ်ပြည်လုံးက ကျောင်းတွေအကုန်လုံးကို ဒီကာလမှာ တပြိုင်တည်း လုပ်ပေးတာပါလား။
ဖြေ-ဟုတ်ကဲ့၊
တစ်ပြည်နယ်လုံးက ၁၇ မြို့နယ်က ကျောင်းတွေမှာ လုပ်နေတာပါ။ ကျောင်းတွေမှာ အရင်ထိုးပေးတယ်။
နောက်ပြီးတော့ အောက်တိုဘာလကျရင် ပြန်ပြီးတော့ ရပ်ရွာအခြေပြုပေါ့။ အဲ့ဒီမှာ
ဒီအရွယ်မိန်းခလေးတွေကို ထပ်ထိုးပေးမယ်ပေါ့။
မေး- ကာကွယ်ဆေးထိုးတာကျတော့ အမျိုးသမီးငယ်တွေပဲထိုးလို့ရတာပါလား၊ အသက်ကြီး ပိုင်းတွေကျတော့ရော ဘယ်လိုမျိုးလုပ်ဆောင်လို့ရပါလဲ။ ကာကွယ်လို့ရနိုင်ပါလဲ။
ဖြေ- ဟုတ်ကဲ့။ စောစောကပြောသလိုပါ။
လိင်ဆက်ဆံမှု အထိအတွေ့ မရှိသေးခင်မှာ အဲ့အသက်အရွယ်
ငယ်ငယ်မှာ စပြီးတော့ကာကွယ်ဆေးကို ကြိုထိုးထားတယ်။
အသက်ကြီးလာလို့ရှိရင် စာတွေအရတော့အသက် ၁၅ နှစ်အောက် အရွယ်ထိ ထိုးလို့ရတယ်ပေါ့။
အဲဒီကာလမှာ
ထိုးနှံထားရင် ကာကွယ်နိုင်စွမ်း အားကတော့ များတာပေါ့။ အသက် နည်းနည်းကြီးလာလေ
ကာကွယ်နိုင်စွမ်းအားကတော့ နည်းလေလို့ ပြောထားတယ်ဗျ။ ဖြေဆေးရဲ့အာနိသင်က
ထိရောက်မှု လျော့သွားတယ်ပေါ့။ အသက်၂၆နှစ် အောက်ထိတော့ ထိုးလို့ရပါတယ်လို့
စာတွေအရပြောထားပါတယ်။ ၂၆ နှစ်ကျော်သွားရင်ရော ထိုးလို့
မရဘူးလားဆိုတော့ မဟုတ်ဘူးထိုးလို့တော့ရတယ်။
လိင်ဆက်ဆံမှု အထိအတွေ့ ရရှိပြီးသားသူဆိုရင် လူ့ခန္ဓာကိုယ်ထဲ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်က ဝင်ရောက် နေပြီးသား ဖြစ်နိုင်တာဖြစ်တဲ့အတွက် ဆေးရဲ့ အာနိသင်က ကာကွယ်နိုင်စွမ်းပိုနည်းလာတယ်။ အခြားနည်း နဲ့တော့
ကျွန်တော်တို့က ထုံးစံအတိုင်း အရွယ်ရောက်ပြီးသူဆို လိင်ဆက်ဆံမှု အတွေ့အကြုံရှိမယ် ဆိုရင်
ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကွန်ဒုံးသုံးသင့်တယ်ပေါ့။ ကွန်ဒုံးသုံးခြင်းအားဖြင့် သားအိမ်ခေါင်း ကင်ဆာကာကွယ်နိုင်တဲ့ HPV လို့
ခေါ်တဲ့ ဗိုင်းရပ်စ် အပါအဝင် ကျန်တဲ့ HIV တို့ နောက်ပြီးအခြားလိင်ကတဆင့်ကူးဆက်နိုင်တဲ့ရောဂါတွေကိုလည်း ကာကွယ်နိုင်တယ်။
မေး-
မြန်မာနိုင်ငံမှာဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွါးမှု ဘယ်လောက်ထိရှိပါလဲ ဆရာ။
ဖြေ-
မြန်မာနိုင်ငံမှာဆိုရင် စာတွေပေတွေ ခန့်မှန်းတွက်ချက်ထားတာအရကတော့
လူဦးရေတစ်သိန်းမှာ ၂၅ ဒဿမ ၃
ယောက် ဖြစ်တယ်လို့ ပြောထားပါတယ်။
မေ-
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးမှုရာခိုင်နှုန်းစာရင်းတွေရော ရှိပါလား ဆရာ။
ဖြေ-
အဲ့ဒီလိုမျိုးတော့မရှိဘူးဗျ။ အရွယ်ရောက်ပြီး အမျိုးသမီးတွေ အသက် ၃၀ နဲ့ ၄၉ ကြားလောက်ဆိုရင်
သားအိမ်ခေါင်းကင်ဆာရှိမရှိကို မနှစ်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ HPV
Screening လို့ခေါ်တဲ့ သားအိမ်ခေါင်း ကင်ဆာအကြိုအဆင့်ကို စစ်ဆေးပေးတဲ့ဟာတွေကိုတော့
စစ်ဆေးပေးတာရှိခဲ့တယ်။ အသက် ၃၀ ကနေ ၄၉ အတွင်းမှာ ဒါမျိုး အနည်းဆုံး တစ်ကြိမ်၊
နှစ်ကြိမ်လောက် စစ်ဆေးသင့်တယ်။ ခုနကပြောသလို
ကိုယ့်သားအိမ်မှာ သားအိမ်ခေါင်း ကင်ဆာဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် ဒါမှမဟုတ်
ကင်ဆာဖြစ်စေနိုင်တဲ့ အနာတို့ ဘာတို့ပေါ့နော်။ မမြင်နိုင်တဲ့အနာတို့
လက္ခဏာမပြသေးတဲ့အနာမျိုးတို့ ၊ နောက် ပိုးရှိမရှိပေါ့နော်။ အဲဒီလို
စစ်ကြည့်လို့ ရပါတယ်။ အဲ့လိုစစ်ကြည့်ရင် စောစောသိနိုင်မယ်။
စောစောကုလို့ရနိုင်ပါမယ်။
မေး-
ဟုတ်ကဲ့ပါ ဆရာ၊ နောက်တစ်ခုက ဒီ သားအိမ်ခေါင်းကင်ဆာက ဘယ်လိုအမျိုးသမီးတွေ၊
ဘယ်လိုအသက်အရွယ်တွေမှာ ပိုအဖြစ်များပါလဲ။
ဖြေ-
အဲ့ဒါက ကျနော့ဆီမှာလည်း အချက်အလတ်တော့ရှိမနေဘူးဗျ။ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV
ဗိုင်းရပ်စ် ပိုးက ပထမဆုံးလိင်ဆက်ဆံမှုပေါ့။ အထူးသဖြင့်
လိင်ဆက်ဆံတဲ့အခါ ဝင်သွားနိုင်တယ်။ ဝင်သွားပြီးတော့ ရောဂါ လက္ခဏာပြဖို့အတွက်ဆိုရင်
ဆယ်နှစ်ကနေ ဆယ့်ငါးနှစ်အထိ ကြာတယ်ပေါ့။ အဲ့လိုကြာတတ်တာဖြစ်တဲ့ အတွက်
စဖြစ်တဲ့အစောပိုင်းမှာ လက္ခဏာမရှိနေဘူးပေါ့။ ကင်ဆာ အဆင့်လောက်ရောက်မှ
တွေ့ရတာဖြစ်တဲ့အတွက် အသက်အရွယ် ဘယ်အပိုင်းအခြားဖြစ်တယ်လို့ လတ်တလောတော့
မပြောတတ်ဘူးဗျ။ ဖြစ်တတ်တဲ့လူတွေကတော့ အကာအကွယ်မဲ့ လိင်ဆက်ဆံဖော်များတဲ့သူ၊
ငယ်ငယ်ကတည်းက လိင်ပိုင်းဆိုင်ရာထိတွေ့မှုရှိခဲ့သူတွေမှာတော့ သီအိုရီတွေအရ
ပိုပြီး ဖြစ်နိုင်ခြေပိုများတယ်။
မေး-
သားအိမ်ခေါင်းကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာတွေကရော ဘယ်လိုတွေရှိပါလဲ။
ဖြေ- လက္ခဏာတွေကတော့ ကက်ဆာဖြစ်ပြီဆိုရင် မူမမှန်တဲ့သွေးဆင်းခြင်း၊ရာသီတစ်ခုနဲ့တစ်ခုကြားသွေးဆင်းတာမျိုးတို့
အဲ့လိုလက္ခဏာမျိုးတွေ ရှိလာတယ်ဆိုရင် ဒါဟာ သားအိမ်ခေါင်းကင်ဆာလည်း
ဖြစ်နိုင်တယ်ပေါ့၊ဖြစ်တာလားမဖြစ်တာလားဆိုတာတော့ HPV Screening လို့ခေါ်တဲ့အမျိုးသမီးအောက်ကနေပြီးတော့ sample ယူပြီးတော့ကြည့်တာရှိသွားတယ်။ အဲ့ဒါကိုတော့သူများနိုင်ငံမှာနှစ်စဉ်စစ်တာပေါ့နော်။
အခြား လက္ခဏာတွေကတော့ အဆင့်မြင့်သွားရင် အစားပျက်တာတို့ ပိန်လာတာတို့ အမျိုးမျိုးရှိတယ်ခင်ဗျ။
မေး- ဆရာ့အနေနဲ့ဆိုရင် ဒီသားအိမ်ခေါင်းကင်ဆာကဘယ်လောက်ထိအရေးကြီးတယ်လို့ရှုမြင်ပါသလဲ။ ဒီအပေါ်မှာ အမျိုးသမီးတွေအနေနဲ့ရော ဘယ်လောင်အထိဂရုစိုက်သင့်သလဲပေါ့နော်။ ဒီအပေါ်မှာဆရာအနေနဲ့ အကြံပြုချက်၊မှတ်ချက်လေးပေးပေးပါအုံး။
ဖြေ- သားအိမ်ခေါင်ကင်ဆာက မြန်မာနိုင်ငံမှာ တွက်ချက်ထားတာတွေအရ အဖြစ်များဆုံးပေါ့
ခန့်မှန်းထားချက် အရ လူဦးရေတစ်သိန်းအနေနဲ့
၂၅ ဒဿမ ၃
ရာခိုင်နှုန်းအထိတောင်ရှိတယ်။ သူပြီးရင်
ဒုတိယအဖြစ်များ တာကတော့ ရင်သားကင်ဆာပေါ့။
သားအိမ်ခေါင်းကင်ဆာက ထိပ်ဆုံးမှာ ဖြစ်နေတာဖြစ်တဲ့ အတွက် အရေးကြီးဆုံးလို့ပြောရမှာပေါ့။ ဘယ်လိုတွေလိုက်နာရမလဲ ဆိုတော့ ကလေးဘဝ အပျိုဖော်လူပျိုဖော်မဝင်ခင်ကတည်းက သားအိမ်နဲ့ပတ်သက်ပြီးတော့ သားအိမ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးအသိကို ကိုယ့်မိဘတွေတွေ၊အကြီးတွေဆီကနေ မှန်ကန်တဲ့အသိပညာပေးထားရမယ်ပေါ့။ ဒါမှသာလျှင်ကလေးတွေက ဒီဟာရဲ့ လိင်ဆက်ဆံခြင်းရဲ့အန္တရာယ်ရှိတာတွေ စတာတွေကိုစောစောစီးစီးကိုယ်ဝန်ရတာမျိုး၊အခြားရောဂါတွေရတာမျိုး၊ သားအိမ် ခေါင်းကင်ဆာလိုမျိုးဖြစ်လာနိုင်တာတွေကို ကာကွယ်နိုင်မယ်ပေါ့နော်။ တကယ်လို့ အရွယ်ရောက် ပြီးလို့ ကိုယ့်ကို ကိုယ်လည်း ထိန်းနိုင်ပြီ၊တစ်ခုခုအတွေ့အကြုံရှိပြီးပြီဆိုရင်
အဆင့်တိုင်း အဆင့်တိုင်းမှာ ကွန်ဒုံး သုံးရမယ်ပေါ့နော်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ရဲ့အဖေါကို
ကွန်ဒုံးသုံးဖို့ ပြောရမယ်။
ဒါမှလည်း HPV၊ HIV စသဖြင့်ရောဂါပိုးတွေ
လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပြီးသားဖြစ်မယ်၊မလိုလားအပ်တဲ့ကိုယ်ဝန်ဆောင်ခြင်းတွေက်ုလည်း ကာကွယ်ပြီးသားဖြစ်မယ်။
မေး- ဆရာ့အနေနဲ့ ဖြည့်စွက်ပြီးပြောချင်တာများရှိရင် ပြောပြပေးပါ။
ဖြေ- လက်ရှိမှာတော့ ကျွန်တော်တို့က တစ်ပြည်နယ်လုံးမှာရှိတဲ့ကျောင်းတွေမှာအခြေပြုပြီးတော့ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံပေးနေတာကို ကျောင်းနေမိန်းကလေးတွေ၊ ပဉ္စမအဆင့်ကတော့ ကျောင်းနေ ပြင်ပမိန်းကလေးတွေ အောက်တိုဘာလကျရင် အဲ့ကျောင်းနေပြင်ပ ဒီအရွယ်မိန်းကလေးတွေကတော့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို မဖြစ်မနေသွားပြီးတော့ ထိုးပေးကြပါလို့၊ ကာကွယ်ဆေးထိုးတဲ့စုရပ်တွေ သူ့နေရာနဲ့သူရှိကြပါတယ်။ အဲ့ဒီစုရပ်နေရာတွေကို ရောက်အောင်သွားပြီး
ဒီအခွင့်ရေးကိုအရယူပြီး ထိုးဖြစ်အောင် ထိုးပေးကြဖို့နဲ့ ရခိုင်ပြည်မှာရှိတဲ့ မိန်းကလေးတွေ
ကာကွယ်ဆေးရဖို့ အတွက် ရပ်ရွာလူထုအနေနဲ့ရော မိဘဆွေမျိုးသားချင်း
အနေနဲ့ရော ကိုယ့်အမျိုးသမီးငယ်လေးတွေကာကွယ်ဆေးရအောင် ဒီအခွင့်အရေးကိုအရယူပြီး သွားရောက်ထိုးနှံကြပါလို့ ပြောချင်ပါတယ်။
(ပြီး)