စနေ၊ မေလ ၄ရက်၊ ၂၀၂၄

“ဒီစစ်ရေးလေ့ကျင့်ပြတာဟာ နိုင်ငံတကာထက် ကိုယ်ပြည်တွင်းကို အင်အားပြတဲ့သဘောလို့ မြင်တယ်”


  • ရေးသူ: Web Master (NN 09)
  • | ရက်စွဲ: ၂၄ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ (အင်တာဗျူး) စက်တင်ဘာ ၂၄/၂၀၂၃

 

ယနေ့ စက်တင်ဘာ ၂၄ ရက်နေ့တွင် စစ်ကောင်စီသည် ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ခုကို မေယုမီးပြ အနောက်တောင်ဘက် ၁၅ ဒဿမ ၅ မိုင်အကွာ ပင်လယ်ရေပြင်တွင် ပြုလုပ်နေသည်။ စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA) နှင့် အပစ်ရပ်စဲထားသည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှ  ယနေ့အချိန်ထိ (၉) လတာ ကာလအတွင်း စစ်ရေးလေ့ကျင့်မှုများ၊ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုများ၊ လက်နက်လူအင်အား၊ရိက္ခာဖြည့်တင်းမှုများကို ဆက်တိုက် ပြုလုပ်နေသည်။ ယခုလည်း နောက်ထပ် တစ်ဖန် ပင်လယ်ပြင်တွင် ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာသဖြင့် ယခုစစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်၊ စစ်ရေးအတိမ်အနက်၊ တပ်တော်ဘက်က မြင်နိုင်သည့်အမြင်၊ နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အခြေအနေများကို ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းအား နိရဉ္စရာသတင်းဌာနမှ မေးမြန်း တင်ပြပေးလိုက်ပါသည်။

 

 မေး-အခု မေယုမီးပြတိုက်အနီးမှာ စစ်ကောင်စီ ရေတပ် စစ်ရေးလေ့ကျင့်တာကို ဘယ်လို့မြင်လဲ။
ဖြေ-ဒီအချိန်ရေတပ်အနေနဲ့ စစ်ရေးလေ့ကျင့်ဖို့လိုအပ်သလားပေါ့။ ကျနော်နိုင်ငံက ပမာ ဘင်္ဂလားဒေ့်ရှ်နဲ့ဖြစ်စေ အိန္ဒိယနဲ့ဖြစ်စေ စစ်ရေးဖြေရှင်းဖို့ အခြေအနေလည်း မရှိဘူး။ ဒီစစ်ရေးလေ့ကျင့်ပြတာဟာ နိုင်ငံတကာထက် ကိုယ်ပြည်တွင်းကို အင်အားပြတဲ့သဘောလို့ မြင်တယ်။  စစ်ရေးလေ့ကျင့်မှု လုပ်တာမှာ အခုလို နေဗီစစ်ရေယာဉ်အများနဲ့ လုပ်တာမရှိသေးဘူး။ ဒီနေရာမှာ လာလုပ်ခြင်းဟာလည်း အဓိက ရေတပ်အင်အားရှိတယ်ဆိုတာကို ပြသတာပေါ့။ ဒီနေ့အချိန် ကြည်းတပ်အင်အားကို ပြလို့မရတော့ဘူး။ ရေတပ်ပြမယ်။ လေတပ်ပြမယ်။ ဘယ်လောက်ရှိတဲ့ ဆိုတာကို  ပြည်သူတွေကို ဖြစ်စေ အတိုက်ခံလက်နက်ကိုင်အဖွဲ့တွေကို ပြသတဲ့ ပွဲလောက်ပဲ ယူဆပါတယ်။ အများအားဖြင့် နိုင်ငံတကာနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာမဟုတ်ဘဲ ကိုယ်နိုင်ငံ သက်သက်လုပ်တယ်ဆိုတာကတော့ ပြည်တွင်းကို ဖိအားပေးဖို့ ခြိမ်းခြောက်ဖို့ အင်အားပြဖို့ ရည်ရွယ်တယ်လို့ ကျနော်က သဘောထားမှတ်ချက်ပေးချင်ပါတယ်။  


မေး-ဒါဆိုရင် အေအေနဲ့ ရခိုင်လူထုကို့ခြိမ်းခြောက်ပြတဲ့ သဘောလို့ ယူဆလို့ရပါလား။
ဖြေ- အခုလို သူတို့ အင်အားပြသတဲ့နေရာမှာ ပစ်မှတ်ကတော့ ပြည်သူတွေပဲ။ ဘာလို့လည်းဆိုတော့ အေအေစခန်းတွေကို ပစ်တာလည်း မရှိဘူး။ တိုက်တာလည်း မရှိဘူး။ ပင်လယ်ကမ်းစပ်ကမြို့တွေ၊ ရွာတွေကို ရေတပ်နဲ့ ပစ်မယ်ပေါ့။ ကုန်းတွင်းပိုင်းဆိုရင် လေတပ်သုံးမှာပေါ့။ အထိုင်စခန်းတွေ ဗျူးဟာကုန်းတွေက ပြည်သူတွေကို ဦးတည်တယ်။ ရွာတွေမြို့တွေကို ဦးတည်တယ်။ ပြောရရင် အေအေကို မနိုင်ရင်တော့ မင်းတို့မဟုတ်ရင် မင်းတို့ အဖေပေါ့။ အဲလို့အငြိုးအတင်းနဲ့ ရွာတွေ မြို့တွေကို ချေးမှုန်းပစ်နိုင်တယ်ဆိုတဲ့ အင်အားပြသမှုပေါ့။ ပြည်သူကို ခြိမ်းခြောက်တဲ့ အင်အားပြသမှုလို့ ကျနော်ပြောချင်တယ်။ ULA/AA က သူတို့ အင်အားပြမှုအပေါ် အထိနာစရာ အကြောင်းမရှိပါဘူး။ ပြည်သူအထိနာလို့ တစ်ကြိမ် နှစ်ကြိမ်ပေါ့ ULA/AAက အပစ်ခတ် ရပ်စဲခဲ့တာတွေ ရှိတယ်။ အဲလိုသဘောမျိုးနဲ့ ပြည်သူတွေကို ခြိမ်းခြောက်ထားတယ်။ ဖိအားပေးထားသဘောမျိုးရှိပါတယ်။

မေး- ခိုင်မှာ အပစ်ရပ်စဲထားပေမယ့် စစ်ကောင်စီက စစ်ရေးလေ့ကျင့်တာ၊ လက်နက်ကြီး စမ်းသပ်ပစ်တ်မှုတွေ မကြာခဏ ပြုလုပ်လာတဲ့အပေါ် ဘယ်လိုထင်မြင်သုံးသပ်မိပါသလဲ။
ဖြေ- စစ်တပ်တစ်ခုက လေ့ကျင့်ရေးတော့ လုပ်မှာပါ။ ဒါပေမဲ့ ဒီလိုချိန်မှာ ဒီလိုလုပ်တာကို ပြည်သူတွေက စိုးရိမ်တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်မလား။ အပစ်ခတ်ရပ်စဲရေး ပျက်သွားမှာလား။ အဲလို့အခြေအနေမျိုး ထိတ်လန့်စိုးရိမ်နေကြတာရှိတယ်။ စစ်တပ်စစ်ရေးလေ့ကျင့်တာက အဆန်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ လိုအပ်သလားပေါ့။ ကရင်ပြည်မှာ လေကြောင်းနဲ့ဖြစ်ဖြစ် ကြည်းကြောင်းနဲ့ဖြစ်ဖြစ် အမြောက်လက်နက်ကြီး ပစ်ခတ်မှုတွေ စစ်ရေးလေ့ကျင့်မှုတွေ လိုအပ်သလားပေါ့။ အကျိုးနဲ့ အဖြစ်ကိုတော့ စဉ်းစားဖို့ လိုပါတယ်။ ပြည်သူတွေက ထိတ်လန့်မယ်။ ဒီအပေါ်မှာ ULA/AA ကလည်း ငါ့တို့ကို ခြိမ်းခြောက်နေတယ်လို့ ယူဆလာရင် ယုံကြည်မှု ပျက်သွားပြီး အဲဘက်ကလည်း စစ်ရေးလေ့ကျင့်မှုတွေ တည်ဆောက်မှုတွေ လုပ်လာနိုင်တယ်။ ဒီအချိန်မှာတော့ အပစ်ခတ်ရပ်စဲရေးကို ရေရှည်ခံသွားမယ်ဆိုရင်တော့ နှစ်ဘက်တပ်တွေ ထိတွေ့တိုက်ပွဲမရှိဘဲ။ ခြိမ်းခြောက်မှုတွေ မရှိဘဲ ငြိမ်ငြိမ်သက်သက် ယုံကြည်မှုရအောင်အထိ နေဖို့တော့လိုတယ်။ ဗိုလ်နေမြဲ ကျားနေမြဲပေါ့။ အဲလို့မဟုတ်ဘဲ အမြဲတမ်း အကြံနဲ့ ယှဉ်ပြိုင်ပြီးတော့ လုပ်နေမယ်ဆိုရင် ပြောနေမယ်ဆိုရင် ဒါက ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ လုပ်ဖို့ လိုအပ်ဘူးလို့ ကျနော် မြင်ပါတယ်။


မေး- ဒီစစ်ရေးလေ့ကျင့်မှုရဲ့ နောက်ဆက်တွဲက ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဖြေ- သူတို့ စကစကတော့ နောက်ဆက်တွဲဆိုတာကို သိပ်ပြီးတော့ မစဉ်းစားဘူး။ စစ်အာဏာရှင်စနစ် ရှင်သန်ရေးကိုပဲ အဓိကထားစဉ်းစားတယ်။  အဲဟာကို အင်အားရှိတယ်ဆိုတာကို ပြသတဲ့သဘောပါ။ နောက်ဆက်တွဲ ပြဿနာကတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်မလား။ တိုက်ပွဲတွေ ဖြစ်လာရင် ဘယ်ဘက်က အထိနာမလဲ။ ပြည်သူတွေဘက် အထိနာမလား။ စစ်တပ်ကပဲ အထိနာမလား။ အေအေဘက်က အထိနာမလား။ သူတို့ရဲ့ အင်အားနဲ့ ပြည်သူထောက်ခံမှုအပေါ် မူတည်ပါတယ်။ ဒါတွေ လုပ်နေလို့ ပြည်သူတွေက ကြောက်တာထက် စိုးရိမ်တာ ပိုများပါတယ်။ ULA/AA ကတော့ အဲအပေါ်မှာ သိပ်ပြီးတော့ ကြောက်မှာမဟုတ်ဘူး။ သူတို့မှာလည်း သူတို့ အစီအစဉ်နဲ့ သွားနေတာ ဖြစ်တယ်။ ပြည်သူတွေကို ငဲ့နေတာပဲရှိတယ်။ သူတို့ကို ကြောက်ပြီးတော့ နိုင်ငံရေးအားဖြင့် သဘော လိုက်လျော့စရာလည်း ဘာမှာ မရှိဘူး။  သူ့နိုင်ငံရေး ရည်မှန်းချက်နဲ့ သွားနေတယ်လို့ မြင်ပါတယ်။

 
မေး-မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေတော့ ခုလိုစစ်ကောင်စီ မဟုတ်တာတွေလျှောက်လုပ်နေတဲ့ လုပ်ရပ်တွေကြောင့် စစ်မီးက ရခိုင်မှာ ထပ်ဖြစ်လာနိုင်တယ်လို့ သုံးသပ်လို့ရပါလား။
ဖြေ-ရခိုင်ကတော့ သူတို့နဲ့ နားလည်မှုတည်ဆောက်ထားပေမယ့် တစ်ဖက်မှာ  တနိုင်ငံလုံးအနှံ့ ပစ်ခတ်မှုတွေရှိတယ် စစ်ကောင်စီဘက်က အကြီးအကျယ်အထိနာနေတယ်။ ရခိုင်မှာလည်း တိုက်ပွဲဖြစ်ရင် စစ်ကောင်စီဘက်က နိုင်တယ်ဆိုတာ တော်တော် နည်းပါတယ်။ ULA/AA ဘက်ကပဲ အပြတ်သတ်နိုင်တယ်။ ပြည်သူတွေလည်း အပြတ်သတ် ထောက်ခံအားပေးကြတယ်။ ဒီအပေါ်မှာ အများကြီး စဉ်းစားမှာပါ။ တနိုင်ငံလုံးမှာလည်း သူတို့ အမြတ်ပြတ် ချေးမှုန်းခံနေရတယ်။ ရခိုင်မှာ စစ်မီးဖြစ်လာရင် အထိနာမှာဆိုတာ သူတို့သိတယ်။ ဒါကြောင့်လည်း စစ်ပွဲတွေကို ရပ်စဲထားတာ ဖြစ်တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ မပြေးသော် ကန်ရာရှိ အဲလိုမျိုး ခြေရှုပ်လာမယ်ဆိုရင်တော့ သူတို့အတွက် ဘက်ပေါင်းစုံပေါ့။ အနောက်ဘက်စစ်မီးက တောက်လောင်လာလိမ်မယ်။ ပိုပြီးတော့ အထိနာလာလိမ်မယ်။ သူတို့လည်း အဲလိုအခြေအနေမျိုးကို ပိုပြီးတော့ စိုးရိမ်ကြောင့်ကြမှုရှိမှာပါ။ ဒီဘက်မှာတော့ ပြည်သူတွေကို ငဲ့လိုသာ မတိုက်တာလို့ ကျနော်တို့ မြင်တယ်။ ဒါပေမဲ့ ပြည်သူတွေ ဒုက္ခရောက်လာပြီးဆိုရင်တော့ အနောက်ဘက်စစ်မျက်နှာပြင်က စစ်မီးတောက်တွေက ပိုပြီးတော့ ကြီးလာနိုင်တယ်လို့ မြင်ပါတယ်။

မေး- အခု စစ်ကောင်စီ စစ်ရေးလေ့ကျင့်မှုအပေါ် ဘာများဖြည့်စွက်ပြောလိုပါသလဲ။
ဖြေ- ကျနော်အနေနဲ့ ဒီကိစ္စက ဒီအချိန်မှာ အလုပ်သင့်ဘူး။ ပြည်သူတွေ ထိတ်လန့်နေတယ်။ ပြည်သူတွေ အသက်ရှုမဝသေးဘူး။ ကိုဗစ်နဲ့ တစ်မျိုး၊ စစ်ပွဲနဲ့ တစ်မျိုး၊ မိုးခါနဲ့ တစ်မျိုး။ ရခိုင်ပြည်သူတွေ တော်တော်ကို ပင်းပန်နေကြပြီးပေါ့နော်။ ပြည်တွင်းမှာ အလုပ်အကိုင်မရှိ။ အကုန်လုံး နိုင်ငံခြားတွေကို အလုပ်လုပ်ဖို့သွားနေကြတဲ့အချိန် သေနတ်သံတွေ ခဏတဖြုတ် တိတ်ဆိတ်သွားတဲ့ အပေါ်မှာ ကျေနပ်နေကြတယ်။ နည်းနည်းဖြေသာတယ်ပေါ့။ အဲလိုအချိန်မျိုးမှာ စစ်ကောင်စီဘက်က မလိုအပ်ဘဲနဲ့ သေနတ်သံပြန်လည်း ဖောက်အောင် တိုက်ပွဲပြန်ခေါ်နေတဲ့ သဘောမျိုး လုပ်တာက မသင့်တော်ဘူးလို့ ထင်ပါတယ်။ ဒီအချိန်မှာ ဘာမှာမလုပ်တာအကောင်းဆုံးပါ။ ကိုယ်တပ်နဲ့ ကိုယ်နေရင်လည်း ဗိုလ်နေမြဲ ကျားနေမြဲအတိုင်းနေကြပေါ့။
မေး။ အခုလို အချိန်ပေးဖြေကြားပေးတဲ့ အချိန်အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ။ ကျေးဇူးတင်ပါတယ် နိရဉ္စရာ

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး